ဘရန့်ဖို့ဒ်နဲ့ အာဆင်နယ်ပွဲစဉ်အပြီး အားလုံးနှုတ်ဖျားမှာ ပြောမဆုံးနိုင်ဖြစ်နေတာက ရှာကာပဲဖြစ်ပါတယ်။ကပ္ပတိန်ဟောင်းကြီးဟာ အချိန်အကြာကြီးနေမှာ ကပ္ပတိန်လက်ပတ်နဲ့ တဖန်ပွဲထွက်လာခဲ့တယ်၊ကွင်းလယ်မှာ ပါတေးနဲ့တွဲဖက်ပြီးအကောင်းဆုံးခြေစွမ်းပြခဲ့သလို ဂျေးဆုရဲ့သွင်းဂိုးကိုလည်း လှလှပပဖန်တီးပေးခဲ့တယ်။
ဒီပွဲအပြီးမှာတော့ သူဟာ နှစ်ချို့ဝိုင်တစ်ခွက်ပဲဖြစ်တယ်လို့ ပရိသတ်တွေက တင်စားလာကြပါတယ်။ ရိုးမားဆီ သူ့ကိုလက်လွှတ်မလို့ဖြစ်ခဲ့ပြီးမှ ပြန်ရလိုက်တာလည်း အာတီတာရဲ့ထူးချွန်မှု၊အသင်းအတွက်ကံကောင်းမှုပါပဲ။အာဆင်နယ်ဟာ ရှာကာကိုလိုအပ်တယ်လို့ ဒီအချိန်မှာကျွန်တော်တို့ပွင့်ပွင့်လင်းလင်း၀န်ခံလို့ရပါပြီ။
ဂါရတ်ကွတ်စ်ကတော့ သူဟာရှာကာကို မကြိုက်ခဲ့ဘူးလို့ ပွင့်ပွင့်လင်းလင်း၀န်ခံခဲ့ပေမယ့် သူရွေးချယ်ခဲ့တဲ့ BBCရဲ့ team of the weekမှာတော့ ရှာကာကို ရွေးချယ်ထားခဲ့ပါတယ်။
“ကျွန်တော် သူ့ကိုသဘောမကျပါဘူး။သူက တစ်ခါတစ်လေ အရမ်းထိပ်တိုက်ရင်ဆိုင်လေ့ရှိသလို ခက်ခက်ထန်ထန်ကြမ်းကြမ်းတမ်းတမ်းကစားတတ်ပြီး စိတ်ကြီးပါတယ်။ဒါပေမယ့် သူအကောင်းဆုံးပုံစံကို ရလာပြီဆိုရင်တော့ အရမ်းကိုကောင်းတဲ့ကစားသမားတစ်ယောက်ပါ“ လို့ ဂါရတ်ကွတ်စ်ကဆိုပါတယ်။
“လွန်ခဲ့တဲ့နှစ်အချို့က သူဟာ အာဆင်နယ်ကနေထွက်သွားမလို့ဖြစ်ခဲ့တယ်၊ဒါပေမယ့်အကြောင်းပြချက်အချို့ကြောင့် သူဟာအသင်းမှာကျန်ရစ်နေခဲ့တယ်။သူရဲ့ကျော်ကြားတဲ့နေ့ရက်တွေမှာလည်း ကပ္ပတိန်လက်ပတ်ကို ၀တ်ဆင်ခဲ့ဖူးသူပေါ့“
“ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ ရှာကာဟာတကယ်ကိုစိတ်၀င်စားစရာကောင်းခဲ့သလို အာဆင်နယ်ဟာလည်း ဒီအတိုင်းပါပဲ။ ဘရန့်ဖို့ဒ်ဟာ အာဆင်နယ်ကို ဘာလို့လျှော့တွက်ခဲ့တာလဲဆိုတာ သိချင်မိတယ်ဗျ။ ဒါပေမယ့် အာဆင်နယ်ဟာ သိပ်ကောင်းလွန်းပါတယ်၊ကျွန်တော်ကတော့ သူတို့ဘာမှသိပ်အပြောင်းအလဲမလုပ်ပဲနဲ့ ဒီလောက်ကြီးကောင်းလာတာဟုတ်ရောဟုတ်ရဲ့လားလို့တောင် သံသယ၀င်မိတယ်“လို့ သူကဆိုပါတယ်။
အနီကဒ်တွေ မကြာခဏရယူတတ်သူ၊ ပရိသတ်တွေနဲ့ အကြီးအကျယ်ပြဿနာတတ်ဖူးသူလို့ သူ့ကို ကျွန်တော်တို့မြင်ခဲ့ဖူးမှာပါ။အချိန်တွေဟာ လူတွေရဲ့အမြင်တွေကိုပြောင်းလဲတတ်ပါတယ်၊ ရှာကာဟာလည်း ပြောင်းလဲလာသလို သူ့အပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ အမြင်တွေဟာလည်း ပြောင်းလာခဲ့ပါတယ်။
ဆွစ်ဇာလန်သားကြီးဟာ အသင်းကို ကပ္ပတိန်လက်ပတ်မ၀တ်ထားရင်တောင် ဦးဆောင်နိုင်သူ၊အသင်းဖော်တွေကို ကာကွယ်ပေးဖို့အမြဲရှိနေသူ၊ စွန့်စားတတ်သူ ဒီလိုပဲ ကျွန်တော်တို့မြင်နေပါပြီ။