ခေါင်းစဥ်သစ်နဲ့ ဝေဖန်ခံရဆဲ ဘန်ဝှိုက်

“ မက်ဂွိုင်းယားက လက်ရွေးစင်မှာအရွေးခံရပြီး ဘန်ဝှိုက်က ကျန်ခဲ့တယ်။ ဘာကြောင့်အခုလိုဖြစ်သလဲဆိုတာကို တစ်ယောက်ယောက်က လာရှင်းပြစမ်းပါဗျာ။ ဘင်ဝှိုက်က ဗဟိုနောက်ခံလူကောင်းတစ်ယောက်ဖြစ်ပြီး မက်ဂွိုင်းယားက ပုံစံကောင်းရမနေသလို ၊ ကစားချိန်လဲသိပ်မရှိပါဘူး “ 

ဒီမှတ်ချက်ကို အာဆင်နယ်ပရိတ်သတ်လည်းဖြစ် ၊ ဘောလုံး Pundit တဦးလဲဖြစ်တဲ့ ဒါရင်းဘန့်ကပေးခဲ့တာဖြစ်ပါတယ်။ ဘန်ဝှိုက်ဟာ ဒီရာသီမှာ သူ့နေရာမဟုတ်တဲ့နေရာမှာကစားနေရပါတယ်။

အာတီတာ အပြောင်းအလဲအများဆုံးလုပ်ခဲ့တဲ့ နေရာတွေက အသင်းရဲ့  full-backs တွေပါ။တီယာနေးနေရာမှာ ဇင်ချန်ကိုကို အသုံးပြုလာခဲ့တယ်။ဒီနွေမှာ အမ်းမရိတ်ကိုပြန်လာခဲ့တဲ့ ဆာလီဘာကို ဗဟိုခံစစ်မှာ နေရာပေးခဲ့ပြီး ဘန်ဝှိုက်ကိုတော့ ညာအစွန်မှာ ထွက်ကစားစေခဲ့ပါတယ်။ ဒါတွေဟာ ဘန်ဝှိုက်အတွက် သက်ရောက်မှုတွေဖြစ်နေမလား ?

ရာသီအစမှာတော့ တိုမီယာဆုဟာ ဒဏ်ရာပြဿနာနဲ့ အနားယူနေခဲ့ရတာ၊ အသင်းကလည်း ရာနှုန်းပြည့်နိုင်ပွဲတွေ ရယူထားနိုင်ခဲ့တာကြောင့် ဘန်ဝှိုက်ရဲ့ ကစားပုံအပေါ် ဘယ်သူမှ မဝေဖန်ခဲ့ပါဘူး။ ဒါပေမယ့် မန်ယူကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်၊ ဆာကာ မနှစ်ကလောက် ခြေစွမ်းမပြနိုင်ခဲ့တဲ့နောက် ဘန်ဝှိုက်အပေါ် လက်ညှိုးထားလာခဲ့သူတွေ များလာခဲ့ပါတယ်။

ဘန်ဝှိုက်ဟာ ညာအစွန်ခံစစ်မှာကစားနိုင်စွမ်းမရှိဘူး၊ အာတီတာ  အနေနဲ့ တိုမီယာဆုကို ပြန်သုံးသင့်ပြီ၊ ဘန်ဝှိုက်ကြောင့် ဆာကာခြေစွမ်းမပြနိုင်တာ စတဲ့အသံတွေကို ကျွန်တော့်တို့ကြားနေမြင်နေရပါတယ်။ ဘန်ဝှိုက်ဟာ ပြီးခဲ့တဲ့ရာသီကတည်းက ညာအစွန်ခံစစ်မှာ ထွက်ကစားခဲ့တဲ့ ပွဲစဉ်တွေရှိပါတယ်။ အဲ့ဒီအချိန်က right back မှာကစားခဲ့တုန်းကထက် လက်ရှိမှာ ဘန်ဝှိုက်ဟာ အများကြီးပိုတိုးတက်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်၇ပွဲအပြီးမှာ ဘန်ဝှိုက်သာ ညာအစွန်ခံစစ်ကစားသမားအဖြစ် ၇ပွဲဆက်ကစားခဲ့ပြီးပါပြီ။ လာမယ့်ပွဲစဉ်တွေမှာလည်း အာတီတာဟာ ညာအစွန်ခံစစ်အတွက် ဘန်ဝှိုက်ကိုပဲ ဆက်လက် အသုံးပြုဖို့ ရှိနေပါတယ်။ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်အရ အာတီတာဟာ ဆာလီဘာကို အမ်းမရိတ်ဆီပြန်လာဖို့ ပုံမှန်ပွဲထွက်ခွင့်ရမယ်ဆိုတဲ့ ကတိက၀တ်ပြုခဲ့ပုံပါပဲ။ပြင်သစ်သားလေးဟာလည်း မာဆေးလ်မှာ ပြခဲ့တဲ့ ခြေစွမ်းအရ အာဆင်နယ်မှာ ပွဲထွက်ခွင့်တစ်နေရာ ရဖို့ ထိုက်တန်တယ်ဆိုတာ ငြင်းချက်ထုတ်စရာ မရှိပါဘူး။ သူဟာ ကမ္ဘာ့အဆင့်နောက်ခံလူဖြစ်လာနိုင်တဲ့၊အသက် ၂၁ဆိုတာနဲ မလိုက်ဖက်တဲ့ ရင့်ကျက်တည်ငြိမ်မှုတွေနဲ့ ကစားသမားပါ။ ဒီတော့ အာတီတာဟာ ဘန်ဝှိုက်၊ ဂါဘရီယယ်ဆိုတဲ့ ဗဟိုခံစစ်အတွဲအဖက်အစား ဆာလီဘာ၊ဂါဘရီယယ်ဆိုတဲ့ ဗဟိုခံစစ်အတွဲအဖက်ကို အသုံးပြုလာခဲ့ပါတယ်။

Advertisements

တစ်ဖက်မှာလည်း ဘန်ဝှိုက်ဟာ ဘောလုံးကိုကိုင်ပြီး ကောင်းကောင်းကစားနိုင်တဲ့၊ ပြိုင်ဘက်ကို pressing ကောင်းကောင်း လုပ်နိုင်တဲ့၊ကစားပွဲတစ်ခုကို  ကောင်းကောင်းဖတ်နိုင်တဲ့  နည်းနစ်ပိုင်းဆိုင်ရာမှာ အရည်အသွေးမြင့်မားတဲ့ မော်ဒန်နောက်ခံလူတစ်ဦးပါ။ သူရဲ့အရည်အချင်းတွေကို အာတီတာဟာ အရန်ခုံပေါ်မှာလွှင့်ပစ်ထားလို့မရပါဘူး။ အာတီတာဟာ သူ့ကိုဘရိုက်တန်ကနေ ပေါင်သန်း၅၀နဲ့အလကားသက်သက် ခေါ်ယူခဲ့တာ မဟုတ်ပါဘူး။

ဒါ့ကြောင့် ဒီရာသီမှာ အာတီတာဟာ ဘန်ဝှိုက်ကို ညာအစွန်ခံစစ်မှာ အသုံးပြုလာခဲ့ပါတယ်။ဘန်ဝှိုက်ကိုယ်တိုင်ကလည်းဗဟိုခံစစ်မှာ ကစားနိုင်သလောက် ညာအစွန်ခံစစ်မှာ အကောင်းဆုံး မကစားနိုင်သေးပေမယ့် တစ်ပွဲထက်တစ်ပွဲပိုပြီးတိုးတက်လာတာတွေ၊ကြိုးစားမှုတွေကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ အားနည်းချက်ဆိုလို့ သူဟာ ဘယ်လာရင်၊ တိုမီယာဆုတို့လို မြန်နှုန်းမြင့်စွာနဲ့ ပြေးထွက်ကစားနိုင်စွမ်း မရှိသေးတာကိုပဲ ထောက်ပြစရာရှိပါတယ်။

အားနည်းချက်တွေ ရှိနေပေမယ့်လည်း အာတီတာဟာ သူ့တပည့်ကို ဒီနေရာမှာ အံ၀င်လာနိုင်ဖို့ ကူညီပေးနေပါတယ်၊ ကစားသမားကလည်း ဒီနေရာမှာ ပိုပြီးကောင်းကောင်းကစားနိုင်ဖို့ ကြိုးစားနေပါတယ်၊အသင်းကလည်း ရလဒ်ကောင်းတွေဆက်လက်ရယူထားနိုင်ခဲ့ပါတယ်။

ဘရိုက်တန်ကလာတဲ့ ပေါင်သန်း၅၀တန်ကြီးလားလို့ ဝေဖန်သူတွေကို ပြီးခဲ့တဲ့ရာသီမှာပဲ ဘန်ဝှိုက်ဟာ ပွဲထွက်ခွင့်တစ်နေရာ အခိုင်အမာယူပြီး အကောင်းဆုံးတုံ့ပြန့်ပြခဲ့တာပါ။

ဒီတစ်ကြိမ်မှာရော ဝေဖန်သူတွေကို ဘန်ဝှိုက်ဟာ အကောင်းဆုံးတုံ့ပြန်ပြဦးမလား။ကျွန်တော်ကတော့ သူ့ကိုယုံကြည်ပါတယ်။သူဟာ တစ်ခုခုကို ထပ်ပြီးလုပ်ပြနိုင်ဦးမှာပါ။  အသင်းအတွက်လိုသလိုသုံးလို့ရတဲ့  အင်အားတစ်ခုအဖြစ် အာတီတာအတွက်ရှိနေမယ့်သူဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: