Post Match Article – လိုအပ်တာတွေကိုလုပ်ဆောင်နိုင်ခဲ့တဲ့ ဂန်းနားများ

ပွဲစဥ်၇မှာ ဘရန်းဖို့ဒ်ကို ၀ – ၃ နဲ့အပြတ်နိုင်သွားပြီးတဲ့နောက် အာဆင်နယ်အသင်းဟာ ဇယားထိပ်ကိုပြန်ရောက်လာပါတယ်။ ၇ပွဲကစား ၁ ပွဲရှုံး ၊ ၆ပွဲနိုင်ဆိုတာဟာ တော်တော်လေးကောင်းတဲ့အခြေအနေပါ။ ရှုံးတဲ့ပွဲဟာလည်း မန်ချက်စတာယူနိုက်တက်လိုအသင်းကို အိုးထရက်ဖို့ဒ်မှာရှုံးတာသာဖြစ်ပါတယ်။

ဒီပွဲဟာ အရေးကြီးတယ်ဆိုတဲ့အကြောင်းကို လွန်ခဲ့တဲ့ရဲ့ရက်အနဲငယ်တုန်းက ရေးသားဖူးပါတယ်။ ကျွန်တော့်ရဲ့အမြင်အရတော့ အမှတ်ပေးဇယားရပ်တည်ချက်တွေထက်ပိုပြီးအရေးကြီးတဲ့ဆုံချက်တွေ ဒီပွဲမှာရှိပါတယ်။  စိတ်ဓါတ်ပိုင်း ၊ ဖြစ်နေကျအခြေအနေတွေရဲ့ ရိုက်ခတ်မှု ၊ ပြိုင်ပွဲရဲ့အထွေထွေဖိအား … စတာတွေဟာ ဒီပွဲသာရှုံးရင် ကုစားဖို့ခက်ခဲသွားမှာဖြစ်ပါတယ်။ ဒါကလည်း လူငယ်အသင်းတစ်သင်းဖြစ်နေတော့ပိုပြီးထည့်တွက်ရပါတယ်။ အခုတော့အဆင်ပြေသွားခဲ့ပါပြီ။ ပွဲဆီသွားကြည့်ရအောင်ပါ။

Low Block ကစားတဲ့အသင်းကို Set Piece နဲ့ထိုးဖောက်တာ ၊  စိတ်ရှည်လက်ရှည်နဲ့ Space တွေရှာယူတာ ၊ တန်ပြန်တိုက်စစ်မမိအောင်စီစဥ်ထားတဲ့နောက်တန်း .. စတဲ့အချက်တွေကြောင့် အာဆင်နယ်တို့ လွယ်လွယ်ကူကူအနိုင်ရခဲ့ပါတယ်။ ဒီလိုမျိုး ကြိုးစားတိုင်းဖြစ်ထွန်းခဲ့သမျှမှာ အရေးပါခဲ့သူ ၂ ယောက်ရှိပါတယ်။ အဓိက အကျဆုံးကတော့ ပါတေးဖြစ်ပြီး ၊ နောက်တစ်ယောက်ကတော့ တီယာနေးဖြစ်ပါတယ်။

Advertisements

ပါတေးဟာ အသင်းတစ်သင်းမှာလိုအပ်နေတဲ့ ကွင်းလယ် လုပ်ဆောင်ချက်တွေအကုန်လုံးကို ထူးချွန်စွာလုပ်ကိုင်နိုင်ပါတယ်။ အခြားကွင်းလယ်ကစားသမားတွေဟာ အသင်းအတွက် ဘာလုပ်ရမှန်းသိပေမယ့် ၊ သိတဲ့အတိုင်းလုပ်ဆောင်နိုင်စွမ်းမှာတော့ ပြောစရာရှိပါတယ်။ ပါတေးကတော့ အဲ့ဒီကိစ္စကို စိတ်ချရသူဖြစ်ပါတယ်။ နောက်တစ်ဦးဖြစ်တဲ့တီယာနေကတော့ မတူကွဲပြားတဲ့ကစားသမားအဖြစ်တိုးတက်လာခဲ့ပါပြီ။ အားကြိုးမာန်တက်ကစားပေမယ့် ခေါင်းငုံ ၊ ဆွဲပြေး ၊ ဖြတ်တင် စတဲ့ရိုးစင်းတဲ့ဟန်ပန်ကြောင့် စိတ်ညစ်ခဲ့ကြရပေတဲ့ တီယာနေးဟာ ယခုပွဲမှာတော့ ပိုပြီး Inverted Wing Back ပီသလာခဲ့ပြီး ကစားကွက်မှာပါဝင်ပတ်သတ်နိုင်ခဲ့ပါတယ်။ ကျန်တာတွေကတော့ ဝင်ရိုးမှန်သွားတဲ့  ကစားကွက်တည်ဆောက်ပုံမှာ ကျွဲကူးရေပါဖြစ်သွားခဲ့တာပါ

အိုဒီဂတ်နဲ့ ကစားဟန်မဆိုစလောက်လေးသာကွဲတဲ့ ဗီအဲရာကြောင့် အာဆင်နယ်ကွင်းလယ်ဟာပိုပြီး Option များလာခဲ့ပါတယ်။ ဒါ့အပြင် ပေါ်တူဂီသားရဲ့သပ်ရပ်တဲ့အဖွင့်ဂိုးကြောင့် ပရိတ်သတ်တွေနဲ့ ပိုပြီးအချိတ်အဆက်မိခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ High Defensive Line နဲ့အတူ အလွန်တရာ Aggressive  ဖြစ်ခဲ့လို့ ရှုံးနိမ့်ခဲ့တဲ့နောက်မှာ စိတ်ရှည်လက်ရှည် Build Up Play ကိုတည်ဆောက်လာခဲ့တာကလည်း ပြုလွယ်ပြင်လွယ်ရှိတဲ့ အာတီတာကို မြင်ရပါတယ်။ ဒါကတကယ်ပဲ သဘောကျစရာဖြစ်ပါတယ်။  ခြုံပြောရရင်တော့ အာဆင်နယ်တို့ဟာ နိုင်ဖို့အတွက်လိုအပ်တဲ့အချက်တွေအကုန်ရှိခဲ့တယ်လို့ပဲဆိုရပါမယ်။

ဒါတွေက ကွင်းထဲက စွမ်းဆောင်ရည်တွေဖြစ်ပြီး အသင်းလိုက်သက်ရောက်မှုတွေလဲရှိခဲ့ပါတယ်။ စပိန်မှာ Over Act လုပ်တာခံနေရတဲ့ ဘရာဇီးသား ဗင်နီရှပ်စ်အတွက် ဂျေးဆူက ကပြပြီးအောင်ပွဲခံခဲ့တာ ၊ ၁၅နှစ်သားလေး ဝမ်နူရီကိုထည့်ပြီး တိုနေးကို စိန်ခေါ်ပြတာတွေဟာ  အသင်းတစ်သင်းလုံးအပေါ်မှာ အပေါင်းလက္ခဏာဆန်စေတဲ့ အချက်တွေပဲဖြစ်ပါတယ်။

လူငယ်အသင်းတသင်း ၊ အမြင့်ကိုရောက်ဖို့ ပြင်ဆင်နေတဲ့အသင်းတစ်သင်းကို မျှော်လင့်သင့်တာပဲမျှော်လင့်ပြီး  စံနှုန်းတွေအများကြီးမထားမိဖို့လိုပါတယ်။ ပြောပြီးသားစကားလေးနဲ့ပဲ ဒီစာကိုအဆုံးသတ်ရရင် – ဂန်းနားတို့ဟာ ပြိုင်ပွဲရဲ့ပွဲစဥ် ၂၀ လောက်အထိ ကိုယ်ဘာလုပ်ရမယ်ဆိုတာကိုပဲ အာရုံထားပြီး လုပ်စရာတွေကို လုပ်သွားရမှာဖြစ်ပါတယ်။  ဒီအချက်ကို အာတီတာလည်းကောင်းကောင်းသိထားပြီးသားဖြစ်မှာပါ။

လိုအပ်ချက်ဆိုတာတော့အသင်းတိုင်းမှာရှိတာမို့ ဂန်းနားပရိတ်သတ်တွေအနေနဲ့လဲရင်လေးမနေပဲ  ခုလိုအချိန်မှာ အောင်ပွဲခံစရာရှိတာအောင်ပွဲခံကြဖို့လည်းတိုက်တွန်းပါတယ်။ လက်ရှိအာဆင်နယ်ရဲ့ Rhythm ဟာ လွတ်လွတ်ကျွတ်ကျွတ်ပျော်ဖို့ လုံလောက်နေဆဲပါ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: