အောင်ပွဲသို့ချီရာဝယ် – မိုးညီထက်နိုင်

အာဆင်နယ်အတွက် ဒီရာသီအစပို်င်း မန်ယူနို်က်တက်နဲ့ပွဲမတိုင်ခင်အထိ ရမှတ်ရော၊ အခြေအနေပါ အတော်  လေးကောင်းခဲ့တယ်။ အခုလဲ ဘရန်းဖို့ဒ်ကို အနိုင်ကစားပြီးနောက် ၇ပွဲကစား ၆ပွဲနိုင် ၁ ပွဲရှုံးနဲ့ ထိပ်ဆုံးက ဦးဆောင်နေဆဲပါ။  ဒါဟာ ဒီရာသီမှာ တစ်ခုခု မျှော်လင့်လို့ ရလောက်တဲ့ လမ်းစတစ်ခုဖြစ်မလား။ ဒီလိုတွေး ကြည့်မိတယ်။ အဲဒီလို တွေးကြည့်တဲ့အခါ ဒီရာသီ အာဆင်နယ်ရဲ့ ပစ်မှတ်ကရော ဘာများဖြစ်မလဲလို့ ဆက်  တွေးကြည့်မိလာတယ်။ တခြား ဖလားတခုခုနဲ့ အဆင့် ၄ အတွင်း ၀င်ဖို့ပဲလား။ 

ဒီထက်ပိုဖို့ မလွယ်လောက်ဘူးဆိုတဲ့ စကားသံတွေကိုလည်း ကြားရလေ့ရှိပါတယ်။ အများအားဖြင့်တော့ ပြိုင် ဖက်အသင်းတွေနဲ့ ယှဉ်ထိုးပြီး သူတို့က ဘယ်လောက်အင်အားကောင်းပြီး ငါတို့က ဘယ်လောက်ပဲရှိသေးတယ် ဆိုတာမျိုးနဲ့ပေါ့။ တကယ်တော့ အင်အားဆိုတဲ့အချက်က ရလဒ်ကို ဆုံးဖြတ်တဲ့နေရာမှာ အချက်တစ်ချက်ပဲ ပါ တာပါ။ 

အာဆင်နယ်ဟာ စီးတီးတို့ထက် အင်အားလျော့နည်းတာ မှန်ရင်မှန်မယ်။ အသင်းမှာ ကယောက်ကယက်ဖြစ်နေ လို့ နည်းပြသစ်ပါ ခေါ်ထားရတဲ့ ချယ်လ်ဆီး၊ ကွင်းလယ်လိုအပ်ချက်တွေနဲ့ လီဗာပူး၊ နည်းပြသစ်နဲ့ ကစားကွက် တည်နေရတဲ့ ယူနိုက်တက်၊ ထင်သလောက်ကြီးလည်း မဟုတ်သေးတဲ့ ကွန်တီရဲ့စပါးတို့ထက် ဘယ်လောက်များနိမ့်မှာမို့လို့လဲ။ 

နောက်တချက်က အင်အားကွာခြားချက်က အဓိက မကျရပြန်တဲ့အကြောင်းက ပွဲတွေကို အဲဒီအင်အားကြီးအ သင်းတွေနဲ့ ချည်းထိပ်တိုက်ကစားရမှာမဟုတ်လို့ပါ။ အာဆင်နယ်အနေနဲ့ ဘယ်လိုအခြေအနေဖြစ်ဖြစ် ကိုယ်အနိုင်ရရမယ့် အသင်းတွေကို မဖြစ်မနေရအောင် အနိုင်ကန်မယ်၊ အခြေအနေကြည့်ပြီး အမှတ်ပြည့်ယူရ မယ့်ပွဲတွေမှာ ရအောင်ယူဖို့လုပ်မယ်၊ လုံးလုံးလျားလျား ၃ မှတ် ဆုံးရှုံးရမယ့်ပွဲတွေမှာ ၁ မှတ်ရအောင် ပြန်ယူဖို့ လုပ်မယ်ဆိုရင်ပဲ လိုအပ်တဲ့ ရမှတ်ကို စုဆောင်းနိုင်စရာရှိပါတယ်။ 

Advertisements

အိမ်ကွင်းဖြစ်ဖြစ် အဝေးကွင်းဖြစ်ဖြစ်၊ ဘာတွေပဲဖြစ်နေဖြစ်နေ အနိုင်ရကိုရရမယ့်ပွဲတွေဆိုတာ ရှိပါတယ်။ အဲဒီပွဲ တွေမှာ အာတီတာတို့လူစု ဆင်ခြေပေးလို့မရဘဲ အနိုင်ကန်ဖို့လိုပါတယ်။ အဲဒီနောက် အခြေအနေကိုကြည့်ပြီး အမှတ်ပြည့်ယူဖို့ လုပ်ရတဲ့ပွဲတွေဆိုတာရှိပါတယ်။ အဲဒီပွဲတွေက အသင်းလတ်တွေနဲ့တင်မကပါဘူး၊ အသင်းကြီး  တွေနဲ့ပါ အကြုံးဝင်ပါတယ်။ ကိုယ်နဲ့ ရင်ဆိုင်ခါနီးမှာ တဖက်အသင်းက အဓိက ကစားသမားတွေ ဒဏ်ရာရနေ တာ၊ ပုံစံပျက်နေတာတွေရှိနေရင် အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး အမှတ်ပြည့်အရယူခဲ့ဖို့ လိုပါတယ်။ 

အသင်းကြီးချင်းကိုမှ အဝေးကွင်းဆိုတဲ့အခါ အရှုံးဖြစ်သွားနိုုင်တဲ့အခြေအနေကနေ သရေလောက် ရအောင် စီမံ တတ်ရင်ပဲ ဒါက အဆင်ပြေတဲ့အနေအထားပါ။ အနိုင်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒီလို ၃ ဆင့်ခွဲ က စားသွားမယ်ဆိုရင် တခုခု လုပ်ပြဖို့ မဖြစ်နိုင်တာမရှိပါဘူး။ အာဆင်နယ် လူစာရင်းက အရမ်းကြီး အင်အား မတောင့်နေရင်တောင် ကျစ်လစ်ပါတယ်။ 

တစ်ခုတော့ စဉ်းစားရမှာက အာဆင်နယ်ဟာ သူတို့ရဲ့ မူလနေရာကို ပြန်လာဖို့ဆိုရင် ဘာလိုအပ်မလဲဆိုတာပါ။ အာဆင်နယ် ပရိသတ်တွေ စိတ်ထဲမှာ အာဆင်နယ် ပြန်လာပြီလို့ တွေးတဲ့အခါ ဘယ်လိုအခြေအနေကို အာဆင်နယ်ပြန်လာပြီလို့ တွေးသလဲပေါ့။ အဆင့် ၄ အတွင်း ၀င်နေတာလား၊ ချန်ပီယံလိဂ်ဝင်ခွင့်ရနေတာလား၊ ကာရာ  ဘောင်ဖလား၊ အက်ဖ်အေဖလားတွေရနေတာလား။ 

တကယ်တော့ အာဆင်နယ်ရော၊ ယူနိုက်တက်ရော၊ စပါးရောဟာ အဖြစ်တူပါပဲ။ သူတို့အနေနဲ့ တခုခုဖြစ်လာပြီလို့ ပြနိုင်ဖို့နဲ့ နောက်တဆင့်ကိုပါ ထိုးတက်သွားနိုင်ဖို့ မဖြစ်မနေ ဆုပ်ကိုင်ရမယ့် နေရာက ပရီးမီးယားလိဂ်သရဖူ ပါပဲ။ ပရီးမီးယားလိဂ်ရယူနိုင်လိုက်တာနဲ့ သူတို့ဟာ နောက်တဆင့်ကို တက်ပြီး တည်ဆောက်လို့ရပါပြီ။ ပုံရိပ် ပိုင်း၊ ဘဏ္ဍာရေးပိုင်း၊ ကစားသမားအင်အားပို်င်း၊ စိတ်ဓါတ်ပို်င်း အကုန်လုံး နောက်တဆင့်ကို သွားလို့ရပါပြီ။ 

Advertisements

ဒီနေရာမှာ တစ်ချို့က ပြောပါလိမ့်မယ်။ ပရီးမီးယားလိဂ် ယူနိုင်မှာတော့ ရည်မှန်းချက်ရောက်ပြီမဟုတ်လားလို့ပေါ့။ တကယ်တော့မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်လို တကယ့်အရေးပါတဲ့ ဖလားနဲ့ ဝေးနေတာ ကြာပြီဖြစ်တဲ့ အာဆင်နယ်နဲ့ ယူနိုက်တက်၊ မရယူဖူးသေးတဲ့ စပါးတို့အနေနဲ့ တကြိမ်ရအောင် ပြန်ယူခြင်းဟာ ရည်မှန်းချက် မဟုတ်ပါဘူး။ 

နှစ်တိုင်း ဖလားစိန်ခေါ်သူဖြစ်၊ နှစ်တိုင်းဥရောပမှာ အနေအထားတစ်ခုရှိ၊ ပြိုင်ဖက်တိုင်းကို ခြိမ်းခြောက်ပြီး မကြာ မကြာ ပရီးမီးယားလိဂ်ကို ရယူနေနို်င်တဲ့အသင်းကြီးတသင်း၊ ဥရောပမှာ လူသူလေးပါးက သမိုင်းကြောင့်မဟုတ် ဘဲ လက်ရှိခြေစွမ်းကြောင့် လေးစားရတဲ့ အသင်းကြီးတစ်သင်း ပြန်ဖြစ်လာဖို့ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားဟာ တံခါးတချပ်ပါပဲ။ 

လက်စတာကို ကြည့်ပါ။ သူတို့ ပရီးမီးယားလိဂ်ရခဲ့တယ်။ အခု သူတို့ ဘယ်မှာလဲ။ ဒါဟာ သူတို့အနေနဲ့ အခွင့် သာလို့ ဖလားကို ရခဲ့ပေမဲ့ အသင်းကြီးတစ်သင်းအဖြစ် ဆက်လက်တည်ဆောက်နိုင်စွမ်းမရှိတဲ့အခါ မူလအခြေ ကို ပြန်ရောက်သွားတာမျိုးပါပဲ။ အာဆင်နယ်၊ ယူနိုက်တက်၊ စပါးတို့လည်း တကြိမ်ပြန်ယူရုံနဲ့တော့ လေးစားလောက်တဲ့အသင်းကြီး ပြန်မဖြစ်ပါဘူး။ ဒါပေမဲ့ အဲဒီလိုဖြစ်အောင် တည်ဆောက်ဖို့ တံခါးချပ်ပွင့်သွားပြီလို့ ဆို လို့ရမှာပါ။ 

ဒါကြောင့် အာဆင်နယ်အတွက် မူလဂုဏ်ဒြပ်ဆီကို ပြန်လာနို်င်ရေးဟာ ပရီးမီးယားလိဂ်ဖလားရယူရေးသာဖြစ်ပြီး အဲဒီအတွက် အခွင့်သာစေမယ့် ရာသီအဖွင့်ကိုလည်း ရရှိထားပါတယ်။ ဒါကိုမှ ရည်မှန်းချက်တွေ ဝေဝါးသွား ခဲ့လို အဆင့် ၄ အတွင်း ကျေနပ်သွားမယ်ဆိုရင်တော့လည်း နောက်ရာသီပြန်ကြိုးစားရဦးတော့မှာပေါ့။ အမှန် တော့ အခွင့်အရေးဆိုတာ အမိအရယူနိုင်ဖို့လိုပါတယ်။ 

ကိုယ့်ရဲ့အင်အားဟာ အပွန်းပဲ့ခံနိုင်စွမ်းနည်းတယ်လို့ ယူဆရင် ကျန်တဲ့ဖလားတွေ (ယူရိုပါလိဂ်အပါအဝင်) ထက် ပရီးမီးယားလိဂ်ပွဲတွေကိုသာ နိုင်ကိုနိုင်သင့်တဲ့ပွဲနိုင်အောင်၊ အခြေအနေပေးနေတဲ့ပွဲကို မဖြစ်မနေနိုင်အောင်၊ လုံး ၀ရမှတ်ဆုံးရှုံးတော့မယ့်ပွဲမှာ ရသလောက်ပြန်ယူနိုင်အောင် ပို စူးစိုက်ထားလိုက်တာ အကောင်းဆုံးပါပဲ။ အဲဒီလိုု မဟုတ်ဘဲ ဟိုဖလား၊ သည်ဖလားနဲ့ အာရုံထပ်များပြီး ပွဲပန်း၊ ဒဏ်ရာတွေများသွားခဲ့မယ်ဆိုရင်တော့ ဒါသည် ကိုယ့်ကံကြမ္မာ ကိုယ်စီရင်တာပဲဖြစ်မှာပါ။ 

ဒီရာသီဟာ ကမ္ဘာ့ဖလားကြောင့် ပွဲကြပ်ပါတယ်။ အသင်းကြီးတိုင်း ရုန်းကန်ကြရမှာပါ။ တွက်ချက်ပြီး ဖြတ်ကျော် နိုင်ရင် အကောင်းဆုံးရလဒ်ကို ရနိုင်မှာဖြစ်ပြီး ရည်မှန်းချက် ပြတ်သားထားဖို့လည်း လိုပါတယ်။ ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ကို ရဖို့လည်း ကိုယ်လုပ်စရာရှိတာကိုသာ လုပ်ရင်း မှန်မှန်ကလေး ချီတက်သွားဖို့ လိုပါကြောင်း..။

(ကိုမိုးညီထက်နိုင်ဟာ ဝါရင့်ကလောင်ရှင်တစ်ဦးဖြစ်ပြီး ဘာသာပြန်စာအုပ်များစွာလဲ ထုတ်ဝေခဲ့ဖူးသူဖြစ်ပါတယ်။)

Advertisements
Advertisement

Leave a Reply

%d bloggers like this: