Editorial – မန်ချက်စတာယူနိုက်တက်နဲ့ပွဲထက်ပိုအရေးကြီးတဲ့ ဘရန်းဖို့ဒ်နဲ့ပွဲစဥ်

မန်ချက်စတာယူနိုက်တက်ကို  အိုးထရက်ဖို့ဒ်မှာသွားရောက်ကစားခဲ့တဲ့ပွဲအပေါ် ပရိတ်သတ်များစွာက အနိုင်လိုချင်ခဲ့ကြပါတယ်။ အဲ့ဒီတုန်းကလည်း ကျွန်တော့်အနေနဲ့ အရာအားလုံးပုံအပ်ထားရမယ့်ပွဲမဟုတ်ကြောင်း အကြိုမှာကတည်းက ရေးသားခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ မတူကွဲပြားတဲ့ယူဆချက်ကို ပရိတ်သတ်တွေနဲ့ဆွေးနွေးချင်ပါတယ်။

Editorial  ဖြစ်လို့  အကိုးအကားသိပ်မပါပဲ ကိုယ်ပိုင်အမြင်ကို ရေးသားထားခြင်းဖြစ်ပါတယ်။ ဘရန်းဖို့ဒ်နဲ့ပွဲဟာ ဂန်းနားတွေအတွက် အရမ်းကိုအရေးကြီးတဲ့ပွဲလို့ ယူဆပါတယ်။ ဒီလိုမျိုး  “ အရေးကြီးတဲ့ပွဲ “ ဆိုပြီးသတ်မှတ်တာကို အရင်ရာသီကလဲ ရေးဖူးပါတယ်။ မှတ်မှတ်ရရ ဒုတိယအကျော့ ဗီလာနဲ့ပွဲရယ် ၊ လိဒ်စ်နဲ့ပွဲရယ်မှာဖြစ်ပါတယ်။ အခုရာသီအတွက်တော့ ဘရန်းဖို့ဒ်နဲ့ပွဲဟာ ဂန်းနားတို့အတွက်အလွန်အရေးကြီးတဲ့ပွဲစဥ်အဖြစ်ခေါင်းစဥ်တပ်ချင်ပါတယ်။

၃၈ပွဲကစားရမယ့်ခရီးရှည်မှာ အရေးကြီးနေတာဟာ ဘာဖြစ်လို့လဲဆိုတဲ့အကြောင်း တချက်ခြင်းရေးပါရစေ။

ဘရန်းဖို့ဒ်နဲ့ပွဲမှာသာရှုံးခဲ့ရင်  ယူနိုက်တက်နဲ့ပွဲကအရှုံးနဲ့အတူ ပေါင်းစပ်သွားပြီး ဂန်းနားတို့အပေါ် စိတ်ပိုင်းဆိုင်ရာအရပိုဖိစီးသွားနိုင်ပါတယ်။ ဒီပွဲအနိုင်ရခြင်းကသာ  အရှုံးကနေချက်ခြင်းပြန်လာပြီး “ ငါတို့ဟာ နိုင်ပွဲရအသင်းဖြစ်တယ် “ ဆိုတဲ့ စိတ်ဓါတ်ကိုပါရရှိသွားနိုင်ပါလိမ့်မယ်။  မဟုတ်ရင်တော့  အာဆင်နယ်ဟာ တခါရှုံး ၃ ပွဲဆိုတာမျိုး ပြောဆိုခံရမှုတွေပါဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် ဂန်းနားတို့ပွဲကြပ်တွေဆက်တိုက်ရှိပါတယ်။ ဘရန်းဖို့ဒ်နဲ့ပွဲဟာ အပြတ်ဖြတ်ထားရမယ့်ပွဲဖြစ်ပါတယ်။ တခါထဲ အနိုင်စိတ်ဓါတ်ကိုရပြီးသားဖြစ်လာမှာပါ။

အမှတ်ပေးဇယားအရ အဆင့် ၁ ဆိုတာ ဒီရာသီဂန်းနားတို့အတွက် မဟုတ်သေးပါဘူး။ ဒီစကားကို Arsenal Hardcore ပရိတ်သတ်တွေအနေနဲ့ သဘောတူချင်မှတူပါလိမ့်မယ်။ စိတ်ဓါတ်ကျစရာအဖြစ်မြင်ကောင်းမြင်ပါလိမ့်မယ်။ ဒါပေမယ့် Realistic အမြင်အရဆိုရင်တော့ လက်ခံရပါလိမ့်မယ်။ ကျွန်တော့်တကိုယ်ရည်ကတော့ ဂန်းနားတို့ဟာ ပွဲစဥ် ၂၀ လောက်အထိ  ဘယ်အဆင့်ရောက်နေတယ်ဆိုတာမေ့ထားပြီး ကိုယ်လုပ်စရာကိုယ် သေသေချာချာလုပ်ရပါလိမ့်မယ်။  ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ အမှတ်ပေးခဲ့ရတာထက် ဘရန်းဖို့ဒ်လိုအသင်းဆီက  ၆ မှတ်ရဖို့က ဂန်းနားတို့ရဲ့ခရီးမှာ ပိုအရေးကြီးပါတယ်။ ဒီပွဲမှာ ဒီကိစ္စကို အာတီတာတို့လူစု စွမ်းဆောင်ပြရပါလိမ့်မယ်။

Advertisements

လက်ရှိမှာ အာဆင်နယ်က ၆ ပွဲကစား ၅ ပွဲနိုင် ၁ ပွဲရှုံးဖြစ်ပါတယ်။  ၇ ပွဲကစား  ၆ ပွဲနိုင် ၁  ပွဲရှုံးဆိုတာ အလွန်ကောင်းပါတယ်။ ဒါပေမယ့် ၇ ပွဲကစား  ၅ ပွဲနိုင်  ၁ပွဲရှုံး  ၁ ပွဲသရေဆိုရင်ပဲ အခြေအနေက အတော်ကွာခြားသွားပါပြီ။  ချန်ပီယံလောင်းအသင်းတွေအရှိန်ရလာတဲ့အခါ ဂန်းနားတို့အဆင့် ၁ ကနေ ဖယ်ပေးရမှာဖြစ်ပေမယ့် ၇ ပွဲမှာ ၆ပွဲ အနိုင်ကစားပြီး ဇယားထိပ်မှာ ဆက်နေလိုက်တာ ခုချိန်မှာသိပ်ကောင်းပါတယ်။ ရာသီတစ်ခုလုံးအတွက်လဲ  အထောက်အကူဖြစ်မှာပါ။

ဒါ့အပြင် ဘရန်းဖို့ဒ်ဟာ မနှစ်က ဂန်းနားတို့ကို အိမ်ကွင်းမှာ နိုင်ထားတဲ့အသင်းဖြစ်ပါတယ်။ ယခုနှစ်မှာလည်း ထိပ်တန်းအသင်းကြီးတွေကို အမှတ်ခွဲယူမယ့်သူဖြစ်ပါတယ်။ တိတိကျကျဆိုရရင် Top 4 အသင်းတွေကို ဒုက္ခပေးမယ့်သူဖြစ်ပါတယ်။ ဒီလိုအသင်းရဲ့ ဒုက္ခပေးခြင်းခံရတဲ့အထိမှာ အာဆင်နယ်မပါနေဘူးဆိုရင် ဂန်းနားတို့အကျိုးများပါလိမ့်မယ်။

တဖက်မှာလည်းအားတက်စရာအဖြစ် ပါတေးပြန်ပါလာပြီဖြစ်ပါတယ်။ ဒီပွဲဟာ လူပိုစုံလာတဲ့ ဂန်းနားတို့  ပွဲကြပ်ကာလမတိုင်ခင်ရသမျှအမှတ်အကုန်ယူထားရမယ့် နောက်ဆုံးပွဲစဥ်ဖြစ်ပါတယ်။ ဒီပွဲနိုင်ထားမှ  ပွဲကြပ်ကာလမှာ အခြေအနေဆိုးခဲ့ရင်တောင် ရ​ပ်တည်မှုက အခြေအနေကောင်းမှာဖြစ်ပါတယ်။ ပွဲကြပ် ၄ ပွဲမှာ ၅ မှတ်ပဲရတယ်ဆိုရင်တော့ အခုပွဲနိုင်ထားရင် ၁၈ မှတ်ရမှာဖြစ်လို့  ပွဲစဥ် ၁၀-၁၁ လောက်အပြီးမှာ  ၂၃ မှတ်လောက်နဲ့ အတူ သင့်တော်တဲ့ရပ်တည်မှုဖြစ်လာမှာပါ။

အရေးကြီးတဲ့အချက်တွေအနေနဲ့ကောက်နှုတ်ရရင်

  • ရှုံးပွဲတွေ့တွေ့ပြီးခြင်း ၃ မှတ်ပြန်ရှာနိုင်ခြင်း
  • နိုင်ရမယ့်ပွဲကို အနိုင်ကစားနိုင်ခြင်း
  • ရှုံးပွဲတပွဲတွေ့တာနဲ့ မလဲပြိုဘူးဆိုတာကို ပြသနိုင်တဲ့ပွဲ
  • ပွဲကြပ်မတိုင်ခင် အကောင်းဆုံးအနေအထားကိုရရယူထားခြင်း  စတဲ့ ကိစ္စပေါင်းစုံအတွက် ဘရန်းဖို့ဒ်နဲ့ပွဲဟာ ဆုံမှတ်ဖြစ်ပါတယ်။

Gunners’ Side ရဲ့ Editorial သုံးသပ်မှုအနေနဲ့ကတော့ ဘရန်းဖို့ဒ်နဲ့ပွဲအနိုင်ရထားမယ်ဆိုရင် လက်ငင်းအတွက်ရော ၊ ရေရှည်အတွက်ပါ အရေးပါတဲ့ ခွေးသွားစိတ် တစ်ခုဖြစ်တယ်လို့  ပြောချင်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: