ပြဿနာအဟောင်း ၊ မျှော်လင့်ချက်အသစ်များနဲ့ အာဆင်နယ်နဲ့ဥရောပနိုင်ပွဲ

ဥရောပအဆင့်ရဲ့ ပထမဆုံးပွဲစဥ်မှာ အနိုင်နဲ့ဖွင့်နိုင်ခဲ့ပေမယ့် ကစားပွဲထဲက မြင်ရတဲ့အချက်တွေကတော့ အများကြီးပါပဲ။ ဒီအထဲမှာ အားရစရာ ၊ အားတက်စရာအပြင် စိုးရိမ်စရာတွေလဲအများသားပါ။

သိသာထင်ရှားတဲ့အချက်ကိုကောက်နုတ်ပြီးပြောပါရစေ။ ဂန်းနားတို့ကို ဘယ်လိုကစားရမလဲဆိုတာကို အသင်းတိုင်းက သဘောပေါက်ထားကြပါတယ်။​ ဒါက ကိုယ့်ဖက်က ပိုပြီးကောင်းမွန်တဲ့စွမ်းရည်တွေနဲ့ ဖိချလိုက်လို့ရတဲ့ ပြိုင်ဖက်ဆိုရင် ပြဿနာမဟုတ်ပေမယ့် တူတူတန်တန်ပြိုင်ဖက်ဆိုရင်တော့ အာဆင်နယ်တို့အတွက် စိတ်ပူရတဲ့အနေအထားပါပဲ။

Low Block တွေနဲ့ပိတ်ကစားပြီဆိုရင် အလွန်ကောင်းမွန်တဲ့ Vision နဲ့ပေးပို့မှုတွေ၊ နောက်တန်းတွေကိုခွဲထုတ်လိုက်ဖို့  Attacking Midfielder နဲ့ False 9 တွေလိုအပ်ပါတယ်။​ ဒီလိုလူတွေအာဆင်နယ်မှာ မရှိမဟုတ် ၊ ရှိပါတယ်။ ဒါပေမယ့် ပထမ Line Up တစ်စုံသာရှိပြီး သူတို့တွေမကစားနိုင် ၊ ပွဲပမ်းပြီဆိုရင်တော့ ဂန်နားတို့ဟာ ဇာတ်လမ်းဟောင်းသံသရာလည်ပါတော့တယ်။ ယခုပွဲမှာ ဒီအချက်ကသိသာလှပါတယ်။

ဇူးရစ်တို့ဟာ နောက်တန်းကိုပိတ်ပြီး ခပ်မြန်မြန်တန်ပြန်တိုက်စစ်နဲ့ကစားခဲ့ပါတယ်။ အာဆင်နယ်အတွက် အဆင်ပြေသွားခဲ့တာက ပွဲထွက်ခွင့်စရကြတဲ့လူငယ်ကစားသမားတွေ အစွမ်းပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။ တဖက်နောက်တန်းက ပိတ်ဆို့ထားတာကြောင့်ဖိကစားနိုင်ပေမယ့် ဂိုးပေါက်နဲ့နီးစပ်တဲ့အခွင့်အရေးမရဖြစ်နေချိန်မှာ   သေသပ်လွန်းတဲ့ မာကွင်ညို့စ်ရဲ့ ပိတ်သွင်းမှုကြောင့် ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ  ဗီအဲရာ ၊ အန်ကတ်တီးယားနဲ့ မာကွင်ညို့စ်တို့ရဲ့ ပေါင်းစပ်မှုကနေ ​ရရှိခဲ့တာဖြစ်ပါတယ်။

Advertisements

ဗီအဲရာဟာ ယခုပွဲမှာ  ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ပြောဖို့ခက်ပေမယ့် ကစားဟန်တစ်ခုတော့ပေါ်လွင်စေပါတယ်။ အိုဒီဂတ်နဲ့ ကစားပုံဆင်သလိုလိုရှိပေမယ့်  အိုဒီဂတ်လို ဘောလုံးကိုင်ပြီး အခွင့်ကောင်းစောင့်ဖို့ထက်  ခပ်သွက်သွက် ဖြန်ဝေတတ်တာကြောင့် သူ့ပုံစံက အာတီတာအတွက် Option တစ်ခုဖြစ်လာနိုင်ပါတယ်။ အားနဲချက်အနေနဲ့ကတော့  ပေးပို့မှုပိုင်းမှာ လိုအပ်နေသေးတာရယ်၊ အင်အားသုံးကစားခံရရင် ကစားပုံအရ မှန်ကန်စွာ တုန့်ပြန်နိုင်ဖို့ရယ်ပဲဖြစ်ပါတယ်။ ဒါကြောင့် ပါတေးရဲ့ Transitional Play ကိုဖြည့်ဖို့ကတော့ အာတီတာအတွက်လိုအပ်နေဆဲဖြစ်ပါတယ်။  အလားအလာရှိတယ်ဆိုတဲ့အချက်နဲ့ အလားအလာတွေအကောင်အထည်ပေါ်လာတာတွေကြားမှာတော့ ကွဲပြားမှုရှိပါတယ်

အန်ကတ်တီယာအနေနဲ့ကတော့  ဂိုးသွင်အားကောင်းတယ် ၊  ပိုပြီးလှုပ်လာနိုင်တယ်ဆိုပေမယ့် ပွဲအဖြေပြောင်းနိုင်သူတစ်ဦးအဖြစ်တော့ ရောက်ရှိလာဖို့လိုသေးတယ်လို့ပြောရမှာပါ။ ဒါပေမယ့် မနှစ်ကထက်တော့ပိုပြီးကောင်းလာတာသိသာပါတယ်။

မာကွင်ညို့စ်အနေနဲ့ကတော့  အာတီတာရဲရဲသုံးပေးဖို့လိုပါလိမ့်မယ်။ သူသွင်းယူသွားတဲ့ပုံက ထိရင်ပြီးရော ကန်တာမျိုးထက်  တစ်ခုခုကို ဆုံးဖြတ်ပြီးလုပ်ဆောင်သွားတဲ့ပုံစံပါ။ ဒါက အရည်အသွေးနဲ့ စိတ်နေစိတ်ထားဖြစ်ပါတယ်။ ဒီအချက်ဟာ အနာဂတ်ဂန်းနားအသင်းအတွက် တောင်ပံအင်အားတစ်ခုဖြစ်လာနိုင်ပါတယ်။

အနှစ်ချုပ်ဆိုရရင် အိုးထရက်ဖို့ဒ်ရှုံးပွဲကနေရုန်းထလာနိုင်တယ် ၊ မလွယ်ကူတဲ့ပွဲတစ်ပွဲကို ကစားသွားနိုင်တယ်ဆိုပေမယ့် ခြေစွမ်းအရပြတ်သားမှုမရှိတာ  .. ပထမကစားသမားတွေ ဝင်ကူနေရဆဲဖြစ်တယ်ဆိုတာကတော့ ဂန်းနားတို့ ပြင်ဆင်ရဦးမယ့်အချက်ပဲဖြစ်ပါတယ်။  ကံမကောင်းရ​င် အသင်းကို ဆွဲချသွားနိုင်တဲ့အထိကို အခြေအနေဆိုးစေမှာပါ။ တဖက်မှာကတော့ တက်ရိပ်ပြလာတဲ့အသင်းက အားတက်စရာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: