အူဘာမီယန်းရဲ့ အပြောင်းအရွှေ့အပေါ် ဘယ်လိုမြင်ကြသလဲ

အမျိုးမျိုးသောလူမျိုးစုတွေ၊လူတန်းစားအလွှာအသီးသီးတွေ၊မတူညီတဲ့ အသားအရောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီကမ္ဘာကြီးမှာ” ငါတို့ဟာ ဂန်းနားတွေ” ဆိုတဲ့ ခံယူချက်နဲ့ ကျွန်တော်တို့ ဒီနေရာမှာ ဆုံစည်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့မှာလည်း မတူညီတဲ့ ခံယူချက်နဲ့ အတွေးအမြင်တွေ ရှိနေဦးမှာပါပဲ။

မတူကွဲပြားမှုတွေကို လက်ခံပေးနိုင်တယ်ဆိုတာ  နှလုံးသားကြီးသူတွေရဲ့ စရိုက်လက္ခဏာပါ။ ဒီတော့ မတူညီတဲ့ အတွေးအမြင်၊ဆွေးနွေးမှုအားလုံးကို ဂန်းနားရပ်၀န်းလေးတစ်ခုကနေ ကြိုဆိုပါတယ်။ခင်ဗျားဘယ်လို မြင်သလဲ၊ ကျွန်တော်ကတော့ ဒီလို ရှိတယ်လို့ ရဲရဲဝံ့ဝံ့ဆိုနိုင်ပါတယ်။

တစ်ချိန်က အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း၊အသင်းရဲ့ ဂိုးသွင်းစက်တစ်လုံးဖြစ်ခဲ့တဲ့ အူဘာဟာ ချဲလ်ဆီးကို ပြောင်းရွှေ့ပြီဆိုတဲ့ သတင်းဟာ ဂန်းနားပရိသတ်အချို့အတွက် အံ့အားသင့်စရာဖြစ်ခဲ့မှာပါ၊ အချို့ကတော့ ဝေဖန်မှုတွေနဲ့ အူဘာကို ပြန်လည်ကြိုဆိုခဲ့ပါတယ်၊ အချို့ကတော့ ဂါဘွန်သားကြီးကို နှမြောတဲ့ စိတ်နဲ့ လွမ်းနေမိတုန်း၊ အချို့ကတော့ လန်ဒန်မြို့ခံပြိုင်ဘက်ကို ပြောင်းရွှေ့သွားတဲ့ သစ္စာဖောက်ကြီးလို့ ခေါင်းစဉ်တပ်ကာ သူ့ကို မုန်းမိရင်လည်း မုန်းကြမှာပါ။

ဒီလောကမှာ ဘယ်အရာမှ တည်မြဲတယ်ဆိုတာ မရှိတော့ ဘောလုံးလောကမှာလည်း ဒီလိုပါပဲ။ကိုယ့်အသင်းက ကစားသမားတွေ အခြားအသင်း‌ဆီ ထွက်သွားတယ်၊အခြားအသင်းကကစားသမားတွေဟာ ကိုယ့်အသင်းဆီရောက်လာတယ်၊ ဒီလိုပဲ ဘောလုံးလောကဟာ လည်ပတ်နေပါတယ်၊ ငါချစ်တဲ့ အသင်းမှာပဲ သေတပန်သက်တဆုံးနေသွားမယ်ဆိုတဲ့ ကစားသမားတွေလည်း ကျွန်တော်တို့တွေ့ခဲ့ရဖူးပေမယ့် ဒါမျိုးဖြစ်ရပ်ဟာ အတော်လေး ရှားပါးပါတယ်။

Advertisements

‌ဘောလုံးသမားတွေဆိုတာလည်း လူသားတွေပဲ ဖြစ်တယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့ မေ့ထားလို့ မဖြစ်ပါဘူး။အားလုံးဟာ ရေကြည်ရာ မြက်နုရာကို ‌ရွှေ့‌ပြောင်းနေထိုင်ရတာပါပဲ။ ဆာကာ၊မာတင်နယ်လီ၊ အိုဒီဂတ် သူတို့ရော တစ်နေ့မှာ အမ်းမရိတ်ကနေ ထွက်သွားနိုင်တာပဲ၊ ဆိုးလ်ကမ်းဘဲကြီး စပါးကနေ အာဆင်နယ်ကို ရောက်လာတော့ ကျွန်တော်တို့ ကြိုဆိုခဲ့ကြတာပဲမလား၊ 

အူဘာဟာ ချဲလ်ဆီးမှာ ကံကောင်းပါစေ၊ အသင်းသစ်မှာ သွင်းဂိုးတွေ အများကြီးသွင်းယူပါစေလို့တော့ ကျွန်တော် ဆုတောင်းမိမှာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် သူကံဆိုးပါစေလို့လည်း ကျွန်တော်တို့ ဆုမတောင်းရက်ပါဘူး၊ သူ့ရဲ့ နေအိမ် အနုကြမ်းစီးခဲရပြီး အူဘာအရိုက်နှက်ခံရတော့ ကျွန်တော်တို့အားလုံး ကရုဏာသက်ခဲ့ရတာပါ။ တစ်ခါက ဂန်းနားဖြစ်ခဲ့ဖူးရင် အမြဲတမ်းဂန်းနားဖြစ်နေမှာပါ။

ကျွန်တော် အွန်နရီကို ချစ်တယ်၊ ဘားကမ့်ကို ချစ်တယ် ၊၀င်းဂါးကို ချစ်တယ်၊ ဖာဘရီဂတ်စ်၊ကော့စီရယ်နီ၊နာဆရီ၊ရမ်ဆေးလ် သူတို့ကိုလည်း လွမ်းမိပါတယိ၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ နှလုံးသား ဦးညွှတ်ရာဟာ အာဆင်နယ်ပဲမလား။ဒီအမှတ်တံဆိပ်ကို ကိုးကွယ်ခဲ့တယ် ၊ဒီဂျာစီကို၀တ်ထားတဲ့သူတွေကို ချစ်ကြမယ်မလား။

အားလုံးဟာ ကိုယ်ယုံကြည်ရာလမ်းကိုပဲ လျှောက်ခွင့်ရသင့်ပါတယ်။ အူဘာကို ကျွန်တော်တို့ နှုတ်ဆက်ခဲ့ပြီးသားပါ၊ ကျွန်တော်တို့ရဲ့ ရိပ်မြုံ‌လေးထဲ ခို၀င်ဖို့ ၀င်ရောက်လာမယ်ြသူတွေကိုလည်း အမြဲကြိုဆိုနေဦးမှာပါ။ထွက်ခွာသွားတဲ့အခါလည်း လက်ပြနှုတ်ဆက်ရင် ဆက်မယ်၊ ပြန်မလာပါနဲ့လို့ မှာရင်လည်း မှာကြမယ်၊ ဒါဟာ ကျွန်တော်တို့ရဲ့ ကွဲပြားမှုတွေပါပဲ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: