Post Match Article – လိုအပ်ချက်ရှိပေမယ့် ချီတက်နေဆဲ ဂန်းနားများ

ရာသီအစ ၅ ပွဲဆက်တိုက်အနိုင်ယူရင်း  နည်းပြအာတီတာကတော့  အာဆင်နယ်အသင်းအတွက် သမိုင်းမှတ်တမ်းသစ်ရေးထိုးခဲ့ပါပြီ။ တဖက်မှာလည်း  ချန်ပီယံလောင်း မန်စီးတီးကို ဖယ်လိုက်ရင်  အဆင့် ၄ ပြိုင်ဖက်လို့ ပြောနိုင်တဲ့  စပါးအသင်းကို  ၄ မှတ်စတင်ဖြတ်ထားနိုင်ခဲ့ပြီလဲဖြစ်ပါတယ်။

ဂန်းနားတို့ဟာ ပွဲစပွဲဆုံးခြေသာတယ်ဆိုပေမယ့် ပရိတ်သတ်တွေကို ​ရင်တမမနဲ့လဲခံစားစေခဲ့ရပါတယ်။ ဗီလာနဲ့ပွဲမှာ ဘာတွေကောင်းခဲ့လဲ .. ဘာတွေညံ့ခဲ့သလဲဆိုတာကို Gunners’ Side ရဲ့ Post Match Article အနေနဲ့ရေးသားလိုက်ရပါတယ်။

ပြောရရင်တော့ ဗီလာရဲ့ လျော့ရဲရဲနိုင်မှုကို ဂန်းနားတို့ အခွင့်အရေးမယူနိုင်ခဲ့ခြင်းက ပွဲပြီးခါနီးသောကတွေကို ဖြစ်ပေါ်စေခဲ့တာပါ။  ဗီလာတို့ဟာ  လူပေးမှားပါတယ်။ အသင်းလိုက် Position အောက်ပါတယ်။ တစ်ဦးခြင်းလွဲချော်မှုများပါတယ်။ ခပ်ကြမ်းကြမ်းကစားဖို့ကလွဲရင် အာဆင်နယ်ကို ထိခိုက်စေလောက်တဲ့ နည်းစနစ်တွေမရှိခဲ့ပါဘူး။ တဖက်မှာလည်း ဂန်းနားလူငယ်တွေဟာ အခွင့်အရေးတွေမကြာခနရတတ်ပေမယ့်  ဂိုးအဖြစ်ပြောင်းရာမှာတော့ ကံခေတာရော  ၊ လူရဲ့လိုအပ်ချက်ရောရှိခဲ့ပါတယ်။  ဆာကာဟာ  ၂ ကြိမ်ထက်မနဲတဲ့အခွင့်အရေးတွေရရှိခဲ့ပေမယ့် ဂိုးတော့ဖြစ်မလာခဲ့ပါဘူး။  ဂျေးဆူရဲ့ ပိတ်သွင်းတဲ့ ဂိုး ရပြီးချိန်မှာရော  မရခင်မှာပါ သူ့အနေနဲ့ဂိုးသွင်းခွင့်တွေ ဖောဖောသီသီရခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ  ပွဲကိုသိမ်းလိုက်ဖို့ (Kill the game) လုပ်ဖို့အတွက် အခွင့်အရေးတွေအများကြီးရခဲ့တာပါ။

ဒီပွဲမှာ ဂန်းနားပရိတ်သတ်တွေရင်တမမနဲ့ရော ​၊ ရင်ခုံစွာနဲ့ပါ စောင့်ကြည့်ခဲ့ကြတာက  ဆမ်ဘီလိုကွန်ဂါ ဖြစ်ပါတယ်။ ပါတေးမရှိ ၊ အယ်နီနီမကစားနိုင်ချိန်မှာ ကစားသမားသစ်လဲမရှိသေးချိန် အာဆင်နယ်အတွက် ဆမ်ဘီကသာ တစ်ဦးတည်းသော ရွေးစရာဖြစ်ခဲ့ပါတယ်။ 

ဗီလာနဲ့ပွဲမှာ  မိနစ် ၉၀ ပြည့်ကစားသွားတဲ့ ဘယ်လ်ဂျီယမ်သားလေးဟာ  မဆိုးတဲ့ခြေစွမ်းကို ပြသခဲ့တာကြောင့်  တစ်ခုထဲသောရွေးချယ်စရာအပေါ် စိတ်ပျက်ခြင်းကြီးကြီးမားမားတော့ မဖြစ်စေခဲ့ပါဘူး။ ဒါပေမယ့်  ပွဲရှိန်ခြင်း ၊ စွန့်စားမှုတွေမပြုလုပ်ရဲခြင်း ၊ အန္တရယ်ကင်းတာတွေပဲ သတိထားလုပ်နေခြင်း စတာတွေကတော့ အသင်းအပေါ်မှာ အကျိုးဖြစ်ထွန်းမှုနဲစေခဲ့ပါတယ်။ အထူးသဖြင့် ထိပ်တန်းကွင်းလယ်လူတွေနဲ့ ရင်ဆိုင်ရမယ့်  မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဥ်မှာ သူအဆင်ပြေပါ့မလားဆိုတာကတော့ မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။ သူက Transitional Play တွေ ၊ တိုက်စစ်လမ်းကြောင်းဖော်ခြင်းတွေမှာ ခုထက်ပိုစွမ်းဖို့လိုပါတယ်။  မန်ယူနဲ့ပွဲမတိုင်ခင်မှာ ဖိအားမများတဲ့ပွဲတစ်ပွဲလောက်သာရှိနေရင် သူ့အတွက် သိပ်ကောင်းမှာဖြစ်ပါတယ်။

Advertisements


ပထမပိုင်းမှာ တော့ ဂန်းနားတို့ဟာ ၁ – ၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။​ဒီပွဲမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေဟာ တကယ်ပဲ လိုအပ်ချက်တွေရှိခဲ့ပါတယ်။  အာဆင်နယ်ကစားသမားတွေကို လွတ်လပ်စွာ ခပ်ကြမ်းကြမ်းကစားခွင့်ပေးထားတယ်လို့တောင်ပြောနိင်သလို ၊  ရမ်းစ်ဒေးလ်ကို တိုင်ရွန်မင်း သိသိသာသာမြင်ကွင်းကွယ်ထားတာကိုလဲ  အရေးမယူခဲ့တာကြောင့် ချေပဂိုးခွင့်ပြုခဲ့ရပါတယ်။ ဒီဂိုးမှာ ဒေါက်ဂလပ်လူးဝစ်ရဲ့ ကန်ချက်ကောင်းမွန်တာက သီးသန့်ကိစ္စပါ။ လှပတဲ့ ဂိုးတစ်ဂိုးဖြစ်ခဲ့ပေမယ့် ဂိုးသမားဟာ ကာကွယ်ဖို့အတွက် အခွင့်မရ​ခဲ့ပါဘူး။

ဒါပေမယ့် ၂ မိနစ်ဝန်းကျင်မှာပဲ ဂန်းနားလူငယ်လေးတွေဟာ  ဗီလာရဲ့ ဧရိယာကို လေ့ကျင့်ကွင်းသဖွယ်သဘောထားပြီး ဆာကာ ၊ မာတင်နယ်လီတို့က အေးအေးလူလူပဲ ဆုံးဖြတ်ချက်လေးတွေကို ပြုလုပ်ကာ အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။

တကယ်တော့ တပွဲလုံးနီးနီး အာဆင်နယ်တို့ စိတ်ကြိုက်ချယ်လှယ်ခွင့်ရခဲ့တာပါ။ ပွဲကို အပိုင်အနိုင် မစိုးမိုးနိုင်တာတွေ၊ ကစားသမားတွေရဲ့ အဆုံးသတ်လိုအပ်ချက်တွေရယ်ကြောင့်သာ ရင်တမမနဲ့နိုင်ပွဲကိုရခဲ့တာဖြစ်ပါတယ်။  ဘွန်ဒီယာ ၊ ဒစ်ဂ်နေး ၊ လူစားဝင် ကော်တင်ိညိုတို့ဟာ အာဆင်နယ်ကို ဖိအားမပေးနိုင်ခဲ့သလို ၊ ဂန်းနားနောက်တန်းကလဲ ထောင့်စေ့စွာပဲ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

လူစားဝင်တဲ့ အန်ကတ်တီးယားဟာလည်း  အခွင့်အရေးတွေရခဲ့ပြီးအနဲငယ်လွဲချော်နေခဲ့တာကြောင့်သာ ဂိုးမရတာဖြစ်ပါတယ်။ ပရိတ်သတ်တစ်ယောက်အနေနဲ့ပြောရရင်  အက်ဒီဟာ ယခုရာသီ ဂိုးမရသေးပေမယ့် ကစားပုံကတော့ ယခင်နှစ်ကထက်စာရင် သိသိသာသာပဲတိုးတက်လာခဲ့ပါတယ်။  လိဂ်ဖလားနဲ့ ဥရောပဖလားပွဲတွေမှာ အက်ဒီရဲ့ ဦးဆေင်ကစားပုံနဲ့ ခြေစွမ်းကောင်းတွေကို ဆက်တိုက်မြင်ရဖို့ရှိပါတယ်။ နောက်ထပ်လူစားဝင်ဖြစ်တဲ့ စမစ်ရိုးနဲ့ တိုမီယာစုတို့ကလည်း မဆိုးတဲ့စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ကြပါတယ်။

အနီးကပ်ပြိုင်ဖက်တွေအမှတ်ဆုံးခဲ့လို့  အာဆင်နယ်အသင်းရဲ့ နိုင်ပွဲဆက်မှုက စတင် အကျိုးများလာခဲ့ပြီဖြစ်ပါတယ်။ လာမယ့်အပတ်မှာတော့  ခက်ခဲတဲ့စမ်းသပ်မှုကို ဂန်းနားတို့ဖြတ်သန်းရမှာဖြစ်ပြီး ထိုပွဲစဥ်မှာ အမှတ်မဆုံးဘူးဆိုရင်ပဲ ဂန်းနားတို့ဟာ လမ်းကြောင်းမှန်တစ်ခုပေါ်မှာ ခိုင်မာစွာဆွဲကိုင်ထားနိုင်ဆဲလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: