ပရိသတ်တွေကို ကျေးဇူးအထူးတင်တယ်ဆိုတဲ့ ဂန်းနားမြေရောက် ယူကရိန်းတစ်ယောက်

အာဆင်နယ်အတွက် သုံးပွဲသာ ကစားရသေးပေမယ့် ယူကရိန်းသားလေးရဲ့ ကွင်းထဲက အပြုအမူတွေဟာ မသိရင် အာဆင်နယ်မှာ နှစ်ကာလများစွာ ရှိနေခဲ့တဲ့ဂန်းနားတစ်ယောက်လိုပါပဲ။ ဒါ့ကြောင့် ပရိသတ်တွေဟာ အချိန်တိုအတွင်းမှာပဲ  ဇင်ချန်ကိုမှ ဇင်ချန်ကိုပဲ ဖြစ်လာခဲ့ပါတယ်။

မာတီနက်ဇ်ကို မရလို့ ဇင်ချန်ကိုကို ခေါ်ခဲ့တာလို့  ထေ့ငေါ့ပြောဆိုမှုတွေရှိခဲ့ပေမယ့် အခုဆို မာတီနက်ဇ်ကို ပရိသတ်တွေ လွမ်းစရာမလိုအောင် ယူကရိန်းသားဟာ သူ့နည်းသူဟန်နဲ့ စွမ်းဆောင်ပြခဲ့ပါတယ်။ သူ့အတွက် ပေးခဲ့ရတဲ့ သန်း ၃၀ဟာ အသင်းအတွက် တကယ်တန်တယ်လို့ပြောဖို့ အနည်းငယ်တော့ စောကောင်းစောနိုင်သေးပေမယ့် သူဟာ အာဆင်နယ် ဒီအန်အေ အပြည့်နဲ့ ကစားသမားတစ်ယောက်ဆိုတာ ငြင်းပယ်ဖို့တော့ သိပ်ခက်ခဲပါတယ်။

ဘုန်းမောက်ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဇင်ချန်ကိုဟာ တကယ်ပဲ ပျော်ရွှင်နေခဲ့ပုံပါပဲ။ သူရဲ့ ခံစားချက်တွေကို အသင်းရဲ့ မီဒီယာရဲ့ မေးမြန်းမှုမှာ ခုလိုပဲ ဖြေကြားသွားခဲ့ပါတယ်။

ပေးဂိုးမရှိပဲ ရမှတ်သုံးမှတ် သိမ်းပိုက်နိုင်ခဲ့တာဟာ တကယ်ကောင်းတဲ့ ခံစားချက်တစ်ခုပါ

ကစားပွဲအစမှာ ဂိုးသွင်းနိုင်တယ်ဆိုတာ အမြဲအရေးပါပါတယ်။ဘာလို့လဲဆိုတော့ ပထမဆုံးဂိုးဟာ ကစားပွဲကို ထိန်းချုပ်ဖို့ ယုံကြည်ချက်အချို့ပေးနိုင်ပြီး ဒါကို ကျွန်တော်တို့ လုပ်ပြခဲ့ပါတယ်။အထူးသဖြင့် ပထမပိုင်းမှာ ကျွန်တော်တို့တကယ်ကို ကောင်းကောင်းကစားနိုင်ခဲ့ပြီး ပြိုင်ဘက်ဟာ ဘာအခွင့်အရေးမှ မဖန်တီးနိုင်ခဲ့ပါဘူး။

Advertisements

ဒုတိယပိုင်းမှာတော့ သူတို့ဟာ နောက်တန်းသုံးယောက်နဲ့ ကစားခဲ့ပြီး ကျွန်တော်တို့ကို ခြိမ်းခြောက်နေခဲ့တဲ့ အခြေအနေအချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော်တို့ တစ်ဂိုးမှ မပေးခဲ့ရပါဘူး၊ ဒါအရေးကြီးဆုံးပါပဲ။ တိုးတက်အောင်လုပ်ရမယ့် အရာတွေကတော့ အများကြီး ရှိပါသေးတယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာ လမ်းကြောင်းမှန်မှာ ရှိနေတယ်လို့ ခံစားရပါတယ်

အသင်းရဲ့ တတိယမြောက်သွင်းဂိုးကို လှပတဲ့ ကန်ချက်နဲ့ သွင်းယူခဲ့ပြီးတဲ့နောက် အံ့အားသင့်ပြီး အောင်ပွဲခံဖို့တောင် မေ့နေခဲ့တဲ့ ဇင်ချန်ကိုဟာ သူရဲ့ အသင်းဖော်ကိုလည်း ခုလိုပဲ ချီးကျူးလာခဲ့ပါတယ်။

သူက အံ့ဩဖို့ ကောင်းတယ်‌ဗျ၊ သူ့ကြည့်ရတာ အတွေ့အကြုံတွေ အများကြီးရထားတဲ့ ကစားသမားလိုပဲ၊ ဒါတောင် သူက သိပ်ငယ်နေသေးတုန်းပဲနော်။ကျွန်တော်တို့ တကယ်ကို မယုံနိုင်စရာကောင်းတဲ့ ဗဟိုခံစစ်ကစားသမားတစ်ယောက်ကို ရခဲ့တာပါ

“သူဟာ လူကောင်းတစ်ယောက်ဖြစ်ပြီး ဒါနဲ့ ထိုက်တန်ပါတယ်။ကျွန်တော်တို့ရဲ့ ပရိသတ်တွေကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။သူတို့ဟာ ကစားပွဲတွေတိုင်းမှာ တကယ်ကို မယုံကြည်နိုင်စရာကောင်းအောင် ကောင်းလွန်းပါတယ်။ကျွန်တော်တို့ကို အများကြီး ကူညီခဲ့ပါတယ်။ ဝီလီယံ (ဆလီဘာ)ဟာ ဒီသီချင်း( ပရိသတ်တွေ ဆလီဘာအတွက် စပ်ထားတဲ့ သီချင်း) နဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့သာ ပွဲတိုင်းမှာ clean sheet ရနိုင်မယ်ဆိုရင် ပရိသတ်တွေဟာ ဒီသီချင်းကို အချိန်တိုင်းဆိုနေမှာပါ” လို့ ပရိသတ်တွေကိုလည်းဇင်ချန်ကိုက ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: