ဘူကာယိုဆာကာရဲ့ အံ့သြစရာတိုးတက်မှု ၊ စမစ်ရိုးရဲ့ မျှော်လင့်ချင်စရာကောင်းတဲ့ခြေစွမ်းအပြင်နောက်ထပ် ပရိတ်သတ်တွေ ကျေနပ်စရာအစွမ်းပြနေတဲ့ အာဆင်နယ်ကြယ်ပွင့်လေးကတော့ မာတင်နယ်လီပါ။ ဒီရက်ပိုင်းသူ့အပေါ်မှတ်ချက်တွေက အပြုသဘောတွေများနေပါတယ်။
ဆာလီဘာကို သူနဲ့ နှိုင်းယှဉ်ဖို့ စောပါသေးတယ်ဆိုတဲ့ ရီယိုဖာဒီနန်ဟာ မာတင်နယ်လီကိုတော့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဆွာရက်ဇ်နဲ့ နှိုင်းယှဉ်ပြီး ချီးကျူးလာခဲ့ပါတယ်။ ဒါဟာ လူငယ်တစ်ယောက်ကို လွတ်လပ်စွာ တိုးတက်စေလိုတယ်ဆိုပြီး လောလောလတ်လတ်ပြောထားတဲ့ စကားနဲ့တော့ ရှေ့နောက်မညီတာအမှန်ပါ။ ဒါ့အပြင် အင်္ဂလန်သားမဟုတ်တဲ့ အာဆင်နယ်ကစားသမားကို ရီယိုဖာဒီနန်က ခုလို ချီးကျူးလာတာဟာလည်း ဖြစ်တောင့် ဖြစ်ခဲပါပဲ။
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းနဲ့အတူ တောက်ပခဲ့တဲ့ ဘရာဇီးလ်လူငယ်လေးဟာ ဂျေးဆူ၊ဇင်ချန်ကိုတို့နဲ့ တွဲဖက်ပြီး လက်ရှိရာသီအစမှာ ပုံစံကောင်းတွေကို ဆက်လက်ပြသနိုင်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်၊ လက်စတာတို့ကို အနိုင်ယူခဲ့တဲ့ ပွဲစဉ်တွေမှာ မာတင်နယ်လီဟာ အသင်းအတွက် တစ်ဂိုးစီ သွင်းယူခဲ့ပါတယ်။
ဒါ့ကြောင့် ဒီရာသီမှာ မာတင်နယ်လီရဲ့ ခြေစွမ်းဟာ နောက်တစ်ဆင့်ကို တက်ရောက်ဖို့ ရှိနေပါတယ်။ ဖာဒီနန်ဟာ မာတင်နယ်လီရဲ့ ခြေစွမ်းကို နှစ်သက်နေပြီး ဘရာဇီးလ်သားဟာ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဆွာရက်ဇ်နဲ့ တူတယ်လို့ ချီးကျူးလာခဲ့ပါတယ်။
Vibe with Five YouTube channel မှာ ဖာဒီနန်ကမာတင်နယ်လီနဲ့ ပတ်သက်ပြီး ခုလိုဆိုခဲ့ပါတယ်။
“ ကျွန်တော်ခင်ဗျားတို့ကို ကြိုပြောခဲ့ပါတယ်၊တကယ်လို့ မာတင်နယ်လီသာ ကြံ့ခိုင်မှုသာ ပြည့်၀နေရင် ဒီကောင်လေးဟာ နောက်ထပ် ဆွာရက်ဇ်လိုမျိုး ကစားသမားဖြစ်လာနိုင်ပါတယ်“
“ဘရန်ဒန်ရော်ဂျာ့စ်ရဲ့ မှတ်ချက်တွေကို ကျွန်တော်စိတ်၀င်စားခဲ့ပါတယ်။ သူပြောခဲ့တာက အာဆင်နယ် သူတို့၀ယ်ယူထားတဲ့ ကစားသမားအသစ်တွေကြောင့် နောက်ထပ် အဆင့်တစ်ခုကို တက်သွားပြီ ဆိုတာပါပဲ။ဒီကောင်လေးတွေနဲ့ အာဆင်နယ်ဟာ သိပ်ကို အကျိုးပြုနေပုံပါပဲ“
မာတင်နယ်လီဟာ ငယ်ရွယ်သေးတာကြောင့် အများကြီးဆက်ကာ တိုးတက်လာဖို့ ရှိနေပြီး အသင်းကို အများကြီး အကျိုးပြုနိုင်မယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ ယုံမှားသံသယရှိစရာမလိုပါဘူး။ လက်ရှိမှာလည်း အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မာတင်နယ်လီဟာ အမ်းမရိတ်မြေမှာ အောင်မြင်မှုတွေ အများကြီး ရယူနိုင်ဦးမယ်လို့လည်း ယုံကြည်ရပါတယ်။ တိုးတက်စရာအချို့လည်းရှိနေပေမယ့် ပိုကောင်းလာတဲ့ မာတင်နယ်လီဟာ ဂန်းနားခေတ်သစ်အတွက် အသင့်ဖြစ်နေပြီလို့ ယူဆရမှာပါပဲ။