လူငယ်တွေကို စာချုပ်သစ်ပြင်နေပြီဖြစ်တဲ့ အာဆင်နယ်
အသင်းရဲ့ လူငယ်ကြယ်ပွင့်လေးတွေဖြစ်တဲ့ မာတင်နယ်လီနဲ့ ဆာကာတို့ကို စာချုပ်သစ်များချုပ်ဆိုဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပါတယ်။ ဆာကာနဲ့ပတ်သတ်လို့ကတော့ နည်းပြ အာတီတာကိုယ်တိုင်က ထုတ်ဖော်ပြောကြားထားတာဖြစ်ပြီး မကြာခင်မှာ စာချုပ်သစ်ဟာ အကောင်းဆုံး အဆုံးသတ်မယ်လို့ဆိုပါတယ်။ မာတင်နယ်လီကိုတော့ စတင်ဆွေးနွေးနေပြီဖြစ်တယ်လို့ weblog များမှာရေးသားနေပြီဖြစ်ပါတယ်။
Express UK က အကြံပြုလာတဲ့ တောင်ပံကစားသမားများ
တောင်ပံကစားသမားနီကိုးလပ်စ်ပေပေက အသင်းကနေ အငှားနဲ့ထွက်ခွာဖို့ပြင်ဆင်နေပြီဖြစ်တာကြောင့် တောင်ပံလူမဖြစ်မနေခေါ်ယူရမယ့် ဂန်းနားတို့အတွက် ကာရက်စ်ကို (တီကို) ၊ ကိုဒီဂတ်ပို ၊ ဂေါ်ဒွန် (အဲဗာတန်) နဲ့ ပင်နိုတို့ကို ခေါ်ယူသင့်ကြောင်း Express UK က ရေးသားအကြံပြုလာပါတယ်။ အဆိုပါကစားသမားများထဲမှာ ပင်နိုနဲ့တော့ သတင်းတွေဆက်တိုက်ထွက်နေပြီး ဂတ်ပိုကတော့ နောက်ပိုင်းမှာ မန်ချက်စတာယူနိုက်တက်နဲ့ပိုပြီး အတွေ့များနေတာဖြစ်ပါတယ်။
ဘုန်းမောက်နဲ့ပွဲအတွက် လူစုံနေတဲ့ ဂန်းနားများ
ဘုန်းမောက်နဲ့ကစားမယ့်ပွဲစဥ်အတွက် ကစားသမားများစွာ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း နည်းပြအာတီတာက အတည်ပြု ပြောကြားလာပါတယ်။ ကာလရှည်အနားယူရမယ့် ရိစ်းနယ်ဆင်ကလွဲလို့ ပရိတ်သတ်တွေမျှော်နေကြတဲ့ ဗီအဲရာအပါအဝင် အခြားကစားသမားများကလည်းအသင့်ဖြစ်နေပြီလို့ အာတီတာက ဆိုခဲ့တာပါ။ ဆွမ်ဆီးကို ၂-၁ နဲ့နိုင်တဲ့ပွဲမှာ ဗီအဲရာ ၊ စမစ်ရိုးနဲ့ ဆဲဒရစ်တို့က ပါဝင်ကစားသွားခဲ့ကြပါတယ်။
အမ်းမရိတ်ကို ပြန်လာဖို့ စိတ်လှုပ်ရှားနေတဲ့ ဘုန်းမောက်တောင်ပံလူ
စမစ်ရိုး ၊ ဆာကာတို့နဲ့ တချိန်ထဲကစားခဲ့ပြီး ၂၀၁၆ မှာ ဂန်းနားတို့လက်လွှတ်ပေးခဲ့တဲ့ အကယ်ဒမီ ကစားသမားဟောင်း ဂျေဒင်အန်ထော်နီကတော့ ဘုန်းမောက်ကွင်းကနေ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ဖို့အတွက် စိတ်လှုပ်ရှားမိကြောင်းပြောဆိုလာပါတယ်။ သူ့အနေနဲ့ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက အသင်းက ထွက်ခွာခဲ့ရတာကိုနားလည်ကြောင်း ၊ ပွဲတိုင်းဟာစိတ်လှုပ်ရှားစရာကောင်းကြောင်းနဲ့ အသင်းဟောင်းကိုပြန်လည်ရင်ဆိုင်ရမှာကို ပျော်ရွှင်ကြောင်း အသက် ၂၂ အရွယ်တောင်ပံလူငယ်လေးက ပြောဆိုလာပါတယ်။
ရလဒ်ထက် ပုံစံမှန်လာတာကြောင့် အသင်းကို ပိုအားရမိတယ်လို့ အီယန်ရိုက်ပြော
အာဆင်နယ် အသင်းဂန္တဝင် အီယန်ရိုက်က သူ့အနေနဲ့ အသင်းရဲ့တိုးတက်မှုတွေကို ရလဒ်တွေထက်ပိုပြီး သဘောကျမိတယ်လို့ ထုတ်ဖော်မျှဝေလာခဲ့ပါတယ်။
“ ရာသီကြိုပြင်ဆင်မှုရလဒ်ကောင်းတွေကို အရမ်းကြီးစိတ်မလှုပ်ရှားမိပါဘူး .. ဒါပေမယ့် စာချုပ်ခေါ်ယူမှုတွေ ၊ အသင်းဟန်ချက်ညီအောင်လုပ်တာတွေ ကိုတော့ တကယ်ပဲအားရမိပါတယ် … “ လို့အစချီခဲ့ပီး မနှစ်က ၃ ပွဲဆက်ရှုံးပြီးစတင်ခဲ့ပေမယ့် ယခုရာသီမှာ ၂ ပွဲဆက်နိုင်ခဲ့ပြီဖြစ်ကြောင်း ၊ အာတီတာဟာ အသင်းအတွက်အရည်အချင်းပြည့်ဝသူဖြစ်ပြီး အာဆင်နယ်ရဲ့ ယဥ်ကျေးမှုတရပ်ကို ပြောင်းလဲခဲ့တာဖြစ်ကြောင်း Irish Examiner သတင်းဌာနက အီယန်ရိုက်နဲ့အမေးအဖြေကို ကိုးကားပြီးဖော်ပြလာခဲ့ပါတယ်။