ဘယ်လာရင်ကို ပြန်ခေါ်ဖို့ စိတ်ဝင်စားလာတဲ့ ဘာစီလိုနာ
ဘာစီလိုနာအသင်းဟာ ဂန်းနားနောက်ခံလူ ဘယ်လာရင်ကို ခေါ်ယူဖို့ ပြန်လည်စိတ်ဝင်စားလာတယ်လို့ စပိန်အခြေစိုက် Sport ကရေးသားဖော်ပြလာပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ဝါရင့်ကစားသမား အက်စ်ပီလိကွယ်တာကို ခေါ်ယူဖို့ မဖြစ်နိုင်တဲ့နောက်မှာ ဘယ်လာရင်ကို ပြန်လည်အားထုတ်လာတာဖြစ်တယ်လို့လဲ ဆိုပါတယ်။ အာဆင်နယ်အသင်းကတော့ ပြောင်းရွှေ့ကြေးတရပ်နဲ့ ကမ်းလှမ်းမှုကိုသာ စောင့်မျှော်နေဆဲဖြစ်ပါတယ်။
ပင်နိုကို ကမ်းလှမ်းလိုက်ပြီလို့ ဘင်ဂျက်ကော့ဗ်ပြော
အာဆင်နယ်အသင်းဟာ ဗီလာရီးရဲ အသင်းရဲ့ တောင်ပံကစားသမားပင်နိုက်ု ပေါင် ၃၃.၈ သန်း (ယူရိုသန်း ၄၀) နဲ့ကမ်းလှမ်းလိုက်ပြီဖြစ်ကြောင်း စပိန်သတင်းစာ AS ကို ကိုးကားပြီး ဘင်ဂျက်ကော့ဗ်က ပြောဆိုလာပါတယ်။ ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးကတော့ ပေါင် ၆၇.၅ သန်း (ယူရို သန်း ၈၀) ဖြစ်တယ်လို့ သိရပါတယ်။ ဂန်းနားတို့ဟာ ပေပေထွက်ခွာသလောက်ရှိပြီဖြစ်တဲ့ ညာတောင်ပံတိုက်စစ်အတွက် ကစားသမားသစ်လိုအပ်နေတာဖြစ်ပါတယ်။
ဝင်းဂါးပြောလာတဲ့ ပရီးမီးယားလိဂ် အကောင်းဆုံးအသင်း
ဂန္တဝင်ကြီး ဝင်းဂါးက သူ့ရဲ့ ၂၀၀၂-၂၀၀၄ ခုနှစ်ကာလများက အာဆင်နယ်အသင်းဟာ ပြိုင်ဖက်များကို လွှမ်းမိုးမှုအရှိဆုံးဖြစ်တယ်လို့ ပြောဆိုလာခဲ့ပြီး ၊ တဆက်ထဲမှာပဲ လွန်ခဲ့တဲ့ ငါးနှစ်တာအတွင်း မန်စီးတီးနဲ့ လီဗာပူးအသင်းများကိုပါ ချီးကျူးသွားခဲ့ပါတယ်။
“ ၂၀၀၂-၀၄ ကာလများဆီက အာဆင်နယ်ဟာ အကောင်းဆုံးအသင်းဖြစ်တယ်လို့ ကျွန်တော်ပြောနိုင်ပါတယ်။ တကယ့်ကို အမြဲတန်းအတွက် အကောင်းဆုံးအသင်းဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ငါးနှစ်တာအတွင်းက စီးတီးနဲ့ လီဗာပူးတို့ကလည်း ထူးခြားကောင်းမွန်လှတဲ့ အသင်းတွေပဲ ဖြစ်တယ် “ လို့ Football Daily နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
အူဘာကို မထွက်ထွက်အောင်လုပ်ခဲ့တယ်လို့ အဘွန်လဟော် ဝေဖန်
အာဆင်နယ်အသင်းကို ဝေဖန်လေ့ရှိတဲ့ အဘွန်လဟော်ကတော့ အမ်းမရိတ်ကလပ်ဟာ အသင်းခေါင်းဆောင်ဟောင်း အူဘာမီယန်ကို မထွက်ထွက်အောင် ကြိုးစားလုပ်ဆောင်ခဲ့တယ်လို့ ဝေဖန်လာခဲ့ပါတယ်။ အဘွန်လဟော်က အူဘာမီယန်ကို ပြုမူခဲ့ပုံတွေကို သူလည်းကြုံတွေ့ခဲ့ရကြောင်း ၊ ကလပ်အသင်းတစ်သင်းဟာ ဘောလုံးသမားတစ်ဦးကို အဆင့်လျှော့ချ ဆက်ဆံတာဟာ မလုပ်သင့်တဲ့ ကိစ္စဖြစ်ကြောင်း ၊ သို့သော် အသင်းတစ်သင်းဟာ မလိုချင်တော့ရင် ပုံစံတူသာပြုမူတတ်ကြောင်း ပြောဆိုလာတာဖြစ်ပါတယ်။
အသင်းကြီးအတွက် အမြဲအသင့်ရှိနေရတယ်လို့ U21 နည်းပြပြောဆို
အာဆင်နယ် U21 နည်းပြ အလီက သူရဲ့လုပ်ငန်းတာဝန်တွေကို အခုလိုပဲရှင်းပြလာပါတယ်။
“ ကျွန်တော်အလုပ်က လူငယ်လေးတွေကို အသင်းကြီးအတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးဖို့ပါပဲ .. ဒါက တရာသီလုံးအတွက် လုပ်ဆောင်ရတဲ့ တာဝန်ဖြစ်ပါတယ်။ အသင်းလိုအပ်ချိန်မှာ ဘယ်ကစားသမားက အကောင်းဆုံးတုန့်ပြန်နိုင်တယ်ဆိုတာကို အကဲဖြတ်ရပါတယ် “ လို့ ပြောကြားလာတာဖြစ်ပါတယ်။ အာဆင်နယ်လူငယ်တွေဟာ ယခုရာသီ EPL2 မှာ ၃ ပွဲကစား ၃ ပွဲအနိုင်ရထားသူများဖြစ်ကြပါတယ်။