ခြေစွမ်းကောင်းတွေနဲ့ ပြင်သစ်မြေကနေ ပြန်လာတဲ့ ဆာလီဘာဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အကောင်းဆုံးကစားသမားဆုရခဲ့ပြီးတဲ့နောက် ပရိသတ်တွေ၊ ဘောလုံးဝေဖန်သုံးသပ်သူတွေရဲ့ ချီးကျူးမှုကို တခဲနက်ရရှိခဲ့ပါတယ်။
ဆာလီဘာဟာ မန်ယူနဲ့ အင်္ဂလန် ဂန္တ၀င်နောက်ခံလူ ရီယိုဖာဒီနန်ရဲ့ ကစားပုံနဲ့တူတယ်ဆိုပြီး အားကစားအစီအစဉ်တင်ဆက်သူ ပရီးမီးယားလိဂ်ကစားသမားဟောင်းကြီးအချို့က ချီးကျူးခဲ့ကြပါတယ်။ဒီလိုမျိုး ဆာလီဘာကို သူနဲ့ နှိုင်းယှဉ်လာတဲ့အပေါ် ဖာဒီနန်ဟာ ဘ၀င်မကျ ဖြစ်ခဲ့ပုံပါပဲ။
ဆာလီဘာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မာဆေးလ်နဲ့အတူ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး လီဂူး၀မ်းကလပ်ကို ချန်ပီယံလိဂ်၀င်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ကလပ်ရဲ့ အကောင်းဆုံးကစားသမား၊ လီဂူး၀မ်းရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုတွေကိုလည်း ရရှိခဲ့ပါတယ်။
ဒီလိုမှတ်တမ်းကောင်းတွေနဲ့အတူ အမ်းမရိတ်ကို ပြန်ရောက်လာခဲ့တဲ့ ဆာလီဘာဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂ပွဲသာ ကစားရသေးတာ ဖြစ်တာကြောင့် နှိုင်းယှဉ်မှုတွေ ပြုလုပ်ဖို့ စောသေးတယ်လို့ ဖာဒီနန်က တုံ့ပြန်လာခဲ့တာ ဖြစ်ပါတယ်။ Metro Sports ရဲ့ မေးမြန်းမှုကို ဖာဒီနန်က
“သူ ပရီးမီးယားလိဂ်မှာ ဘယ်နှစ်ပွဲ လောက် ကစားခဲ့ပြီးပြီလဲ“
“ကျွန်တော့် သူ့အရွယ်မှာ ဗြိတိန်စံချိန်တင်ကစားသမား ဖြစ်ခဲ့ပြီး သူနဲ့ ကျွန်တော့်ကို နှိုင်းယှဉ်မှုတွေ လုပ်နေကြတာလား။ဒါက ရူးသွပ်တာပါပဲ။ ကောင်လေးကို အချိန်နည်းနည်း ပေးလိုက်ပါဦး“
“သူ ကောင်းကောင်းလုပ်နေပါတယ်။ ဒါပေမယ့် အရာအားလုံး အဆင်ပြေနေတဲ့အချိန်မှာ ကစားသမားတွေကို တော်လိုက်တာလို့ ဆုံးဖြတ်လို့မရပါဘူး။ ဒီလူငယ်လေးရဲ့ နောက်တစ်ဆင့်ကို ကျွန်တော်မြင်ချင်ပါတယ်“ လို့ ဖာဒီနန်က ဆိုပါတယ်။
တကယ်တော့ ဆာလီဘာဟာ ဖာဒီနန်နဲ့ နှိုင်းယှဉ်မှုတွေ မလိုအပ်ပါဘူး။ အကောင်းဆုံးဆက်ကစားနေဖို့၊ အောင်မြင်မှုတွေကို ဆာလောင်နေဖို့ ၊ဆက်ကြိုးစားနေဖို့ပဲ လိုတာပါ။ နောက်ပြီး တက်သစ်စတွေကို လိုတာထက်ပိုပြီး အမွှန်းတင်ခြင်း ၊ ဂန္တဝင်များနဲ့ ခိုင်းနှိုင်းခြင်းဟာ ကောင်းမွန်တဲ့အဆုံးသတ်တွေထက် အမြင့်ဆုံး Potential ကို မရောက်ရှိခြင်းကသာ ပိုများတတ်တာမဟုတ်လား။