ဂျေးဆူကို ခေါ်ယူနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး အာတီတာနဲ့ အီဒူးတို့အပြင် နောက်ထပ် ချီးကျူးရမယ့် သူတစ်ယောက်ရှိပါသေးတယ်။ သူကတော့ ဂျေးဆူရဲ့ နိုင်ငံ့လက်ရွေးစင်အသင်းဖော် ဂါဘရီယယ်ပဲ ဖြစ်ပါတယ်။
“ဂါဘရီယယ်(ဂျေးဆူ)က တကယ်ကောင်းတဲ့ သူတစ်ယောက်ပါ“ လို့ Sky Sports နဲ့ တွေ့ဆုံမှုမှာ ဂါဘရီယယ်က ဂျေးဆူ အကြောင်းပြောပြလာခဲ့ပါတယ်။
” ကျွန်တော်တို့က ဘရာဇီးလ်သားတွေ ဖြစ်နေတာဟာ ဂျေးဆူကို အာဆင်နယ်ဆီ ရောက်လာစေဖို့ အကူအညီဖြစ်ခဲ့ပါတယ်။နိုင်ငံတကာပွဲစဉ်တွေကြောင့် ကျွန်တော်တို့ အတူရှိနေစဉ်မှာ သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော် သူ့ကို ပြောနေခဲ့တာပေါ့ –အာဆင်နယ်လာခဲ့ကွာ ၊အာဆင်နယ် လာခဲ့ကွာ “
“အဲ့ဒီမှာ ကျွန်တော်ရဲ့ လွှမ်းမိုးမှုက သူ့အပေါ်ရှိခဲ့ပုံပါပဲ“ လို့ ဂါဘရီယယ်က ရယ်ပြီးပြောပါတယ်။
“သူက အရမ်းကို အာရုံစူးစိုက်ပြီး အလုပ်ကြိုးစားတဲ့ သူမျိုးပါ။ အသင်းကို တိုးတက်စေဖို့ သူဟာ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုတောင် သူဟာ အသင်းကို တိုးတက်စေခဲ့ပြီ။သူဟာ ရည်မှန်းချက်အကြီးကြီးတွေနဲ့ အာဆင်နယ်ကို ရောက်လာခဲ့တာပါ။ အသင်းနဲ့အတူ အောင်မြင်မှုတွေ အများကြီးရဖို့ သူဟာ မျှော်လင့်နေပါတယ်။သူဟာ ကျွန်တော်တို့ကို အများကြီး ကူညီပေးနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။“
အသင်းမှာ ဂါဘရီယယ် သုံးယောက်ရှိတာကြောင့်
ကြုံတွေ့ရတဲ့ ရယ်စရာ အဖြစ်တွေကိုလည်း ဂါဘရီယယ်က ပြောပြခဲ့ပါတယ်။
“တစ်ခါတစ်လေ ဂါဘီ၊ ဂါဘီလို့ ခေါ်လိုက်ရင် ကျွန်တော်တို့သုံးယောက်လုံး ဘေးဘီဝဲယာ ကြည့်မိတာပဲ“ လို့ ဂါဘရီယယ်က ပြုံးပြီး ပြောပါတယ်။
“ဒါပေမယ့် ကစားကွင်းထဲမှာတော့ တစ်ယောက်က ဂျေးဆူ ၊တစ်ယောက်က မာတင်နယ်လီ၊ ကျွန်တော်ကတော့ ဂါဘီပေါ့။ အခြားသူတွေအတွက်တော့ နည်းနည်းရှုပ်ထွေးနိုင်ပေမယ့် ကျွန်တော့်တို့အတွက်တော့ မခက်ခဲပါဘူး။ ကျွန်တော်တို့ စကားတွေအများကြီးပြောကြပြီး တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းနားလည်ပါတယ်” လို့ ဘရာဇီးလ်သားက ဆိုပါတယ်။ အပြောင်းအရွှေ့သတင်းများစွာကြားထဲမှာ ပရိတ်သတ်တွေစိုးရိမ်ခဲ့ရပေမယ့် ဂါဘရီယယ်ကတော့ အသင်းမှာ ပျော်ရွှင်နေပြီဖြစ်ပါတယ်။