မိုက်ကယ်အိုလစ်ကို မျှော်လင့်နေတဲ့ ဆောင်းပါးရှင်
တောင်ပံကစားသမားများစွာကို ချိတ်ဆက်နေတဲ့ အာဆင်နယ်ရဲ့ ပစ်မှတ်ထဲမှာ ပဲလေ့စ်လူငယ်ကစားသမား မိုက်ကယ်အိုလစ်လဲ ပါဝင်နေကြောင်း All Nigeria News က ခန့်မှန်းရေးသားလာပါတယ်။ အဆိုပါ အဂ်လန်လူငယ်နဲ့ပတ်သတ်ပြီး ဂန်းနားတို့ဟာ ယခင်ကလည်း နာမည်ထွက်ခဲ့ဖူးသလို ၊ ရီးဒင်းအသင်းမှာကစားစဥ်ကလည်း စောင့်ကြည့်ခဲ့ကြတယ်လို့ အဆိုပါသတင်းမှာပဲ ရေးသားထားခဲ့ပါတယ်။ အာဆင်နယ်အသင်းအကြောင်း တစိုက်မတ်မတ်ရေးသားခဲ့တဲ့ ဆောင်းပါးရှင် ပက်ထရစ်ကလည်း အိုလစ်ကို အာဆင်နယ်မှာ မြင်လိုကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ဘယ်လာရင်ဖက်က စာချုပ်ဖျက်သိမ်းပေးစေလိုနေ
အာဆင်နယ်အသင်းဟာ အသက် ၂၇ နှစ်အရွယ်နောက်ခံကစားသမား ဘယ်လာရင်အတွက် ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ အဆိုပါ စပိန်သားဟာ ဘက်တစ်ကိုပြောင်းရွှေ့လိုတာကြောင့် အသင်းဖက်က စာချုပ်ဖျက်သိမ်းပေးစေလိုနေပြီး ၊ အာဆင်နယ်တို့ကတော့ ပြောင်းရွေ့ကြေး တစုံတရာကို ပြန်လည်ရရှိလိုနေတယ်လို့ သတင်းများက ဖော်ပြနေကြပါတယ်။
တိုင်လီမန်းစ်အတွက် ဂန်းနားတို့ ငွေသုံးလိုစိတ်မရှိဘူးလို့ Football London ဝေဖန်
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွေ့ကတည်းက သတင်းကြီးခဲ့တဲ့ တိုင်လီမန်းစ်ကို ယခုရာသီအကုန်မှာမှ အလွတ်နဲ့ခေါ်ယူလိုနေကြောင်း Football London သတင်းဌာနက သုံးသပ်ရေးသားလာနေပါတယ်။ ကစာသမားရဲ့ စာချုပ်ဟာ တစ်နှစ်သာကျန်တော့တာမို့ လာမယ့်ရာသီဆိုရင် ပြောင်းရွှေ့ကြေးမပါပဲခေါ်ယူနိုင်ခွင့်ရှိနေပေမယ့် ဂန်းနားတို့ဟာ ကွင်းလယ်ကို ဖြည့်တင်းဖို့ကတော့ အပူတပြင်းလိုအပ်နေဆဲဖြစ်ပါတယ်။
ပင်နိုအတွက် ဂန်းနားတို့ရှေ့ကပြေးနေ
အာဆင်နယ်နဲ့ လီဗာပူးလ်တို့က အပြင်းအထန်ကြိုးစားနေကြတယ်လို့ သတင်းကြီးနေတဲ့ ဗီလာရီးရဲ တောင်ပံလူ ပင်နိုအတွက် ဂန်းနားတို့က ပိုမိုဦးဆောင်နေတယ်လို့ Sport Witness က စပိန်ဖက်ကသတင်းတွေကို ကိုးကားပြီး ဖော်ပြလာပါတယ်။ ပင်နိုအတွက် ပေါင် ၄၅ သန်းခန့်သုံးစွဲဖို့လိုအပ်နေပြီး ၊ ပရီးမီးယားလိဂ်အသင်း ၂သင်းက အပြိုင်ကြိုးပမ်းနေတယ်ဆိုတာကိုတော့ Marca က အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။
စီးရီးအေကို ပြန်ဖို့သေချာပြီဖြစ်တဲ့ မာရီ
အာဆင်နယ်အသင်းရဲ့ နောက်ခံလူဖြစ်တဲ့ ပါဘလိုမာရီဟာ စီးရီးအေကလပ် မွန်ဇာကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ အီတလီသတင်းထောက် ဒီမာဇီယိုက ရေးသားလာပါတယ်။ မနှစ်က အူဒီးနိစ်ကို အငှားထွက်ကစားခဲ့တဲ့ ဘရာဇီးသားဟာ ယခုလည်း အငှားသာဖြစ်ပေမယ့် ၊ မွန်ဇာအသင်းသာ တန်းမဆင်းခဲ့ရပါက အပြီးသတ်ခေါ်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်။