ဆာလီဘာကတော့ အာဆင်နယ်အသင်းနဲ့အတူတူပွဲထွက်ကစားသွားခဲ့ပါပြီ။
တော်တော်လေးသပ်ရပ်တဲ့စွမ်းဆောင်ရည်ကို ပြသပြီး မီဒီယာတွေရဲ့ ချီးကျူးမှုကိုလည်းရရှိသွားခဲ့ပါပြီ။ ဒါ့အပြင် အာတီတာရဲ့အစီအစဥ်မှာပါဝင်တယ်ဆိုတဲ့အကြောင်းကိုလည်း ကာယကံရှင်နည်းပြက တရားဝင်ပြောကြားသွားခဲ့ပါတယ်။ အဲဒီအထဲက စိတ်ဝင်စားစရာအချက်တချက်ကို ထုတ်နှုတ်ရရင်တော့
“ ကစားသမားတွေက နေရာရချင်ကြပါတယ်။ အသင်းမှာ ဘယ်သူ့ကိုမှ ပွဲထွက်ခွင့်အာမခံချက်မပေးထားပါဘူး “ ဆိုတဲ့ အာတီတာရဲ့ပြောကြားချက်ဖြစ်ပါတယ်။ အနှစ်ချုပ်ရရင် အမ်းမရိတ်တံခါးက အကုန်လုံးအတွက်ဖြစ်ပါတယ်။ ဘန်ဝှိုက်နေရာမှာဆာလီဘာဖြစ်သွားနိုင်ပါတယ်။
ပြီးခဲ့တဲ့လတွေ ၊ နှစ်တွေမှာ ဆာလီဘာသတင်းဟာ အကျယ်လောင်ဆုံးအသံတွေထဲကတစ်ခုဖြစ်ခဲ့ပါတယ်။ ဆာလီဘာက မပြန်ချင်ဘူး ၊ မာဆေးလ်မှာပဲပျော်တယ်၊ အာတီတာက ပယ်ထားတယ်၊ စသည်ဖြင့် ရှုထောင့်ပေါင်းများစွာကနေ ဝေဖန်ခဲ့ကြတယ်။ အားလုံးကတော့ အာတီတာအနေနဲ့ကောင်းစွာမကိုင်တွယ်နိုင်ဘူးဆိုတဲ့ Narrative ကနေပဲဖြစ်ပါတယ်။ သူခေါ်ယူတာမဟုတ်လို့ ဘေးထုတ်ထားတယ်ဆိုတာမျိုးအထိ ဝေဖန်ခံခဲ့ရပါတယ်။
သို့သော် ကာလတစ်ခုကြာလာတာနဲ့တပြိုင်နက် အာတီတာရဲ့ ရပ်တည်မှုက ပိုပေါ်လွင်လာတယ်။ ကစားသမားနဲ့နည်းပြ နှစ်ဖက်ရဲ့ နှုတ်ထွက်စကားတွေက ပိုပြီးရှင်းလင်းစွာကြားလာရတယ်။ ဆာလီဘာရဲ့ ရွေးချယ်မှုဟာ ဂန်းနားတစ်ယောက်အဖြစ်သာဖြစ်ခဲ့တယ်။
“ ကျွန်တော်အငှားထွက်ကစားနေတုန်းက အာဆင်နယ်ပွဲတွေကို မလွတ်တန်းကြည့်ခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုရင် ကစားသမားအများစုက ကျွန်တော်နဲ့ မဆုံးဖူးကြသူတွေဖြစ်လို့ပါ။ အဲ့ဒီလို ကြည့်ထားတဲ့အတွက် ကျွန်တော် မသိဖူးတဲ့ သူတွေနဲ့တွဲကစားရတဲ့အခါ ပိုမိုလွယ်ကူစေမှာဖြစ်လို့ပါပဲ “
ဒီစကားဟာ ဆာလီဘာနောက်ဆုံးပြောခဲ့တာဖြစ်ပါတယ်။ အနှစ်ချုပ်ကောက်နှုတ်ကြည့်ရင်တော့ အာဆင်နယ်နဲ့ ဆာလီဘာအကြားဖြစ်စဥ်ဟာ ရိုးရှင်းပါတယ်။ ဘာမှ တန်ဆာဆင်ထားတာမပါဝင်ဘူးဆိုတာကို သိသာစေပါတယ်။ လူငယ်တစ်ယောက်ကို အသင့်မဖြစ်သေးဘူးလို့ယူဆတယ်။ ထိုလူငယ်က ခြေစွမ်းပြတယ်။ အသင်းကြီးပြန်ခေါ်လိုက်တယ်။ ဒါပါပဲ။ ရိုးရှင်းတဲ့ဖြစ်စဥ်တစ်ခုသာဖြစ်ပါတယ်။ ပြီးတော့ ဆာလီဘာဟာ အာဆင်နယ်မှာ ကစားဖို့အတွက် စိတ်အားထက်သန်မှုရှိတယ်။
ဒါပေမယ့် မကျေမနပ် အသံထွက်လာခဲ့တဲ့ပရိတ်သတ်တွေကိုလည်းအပြစ်မဆိုသာ ။ ကျွန်တော်တို့တွေဟာ မီဒီယာတွေရဲ့ ရေးသားမှုကိုသာဖတ်ရတာမဟုတ်လား။ ပါရီမှာနေလို့ မာဆေးလ်မြို့မှာနေလို့ ဒီအကြောင်းတွေကို ပိုလဲသိနိုင်ကြတာမဟုတ်ဘူးလေ။
ကြားထဲမှာတော့ မာဆေးလ်ဖက်ကဝင်ရောက်ကြိုးပမ်းကြတာတွေကြောင့်လဲ ဇာတ်လမ်းက ဇာတ်ရှိန်ပိုမြင့်ခဲ့ပါသေးတယ်။ အခုတော့လဲ အားလုံးပြီးခဲ့ပါပြီ။ ဆာလီဘာဟာ ဂန်းနားတစ်ယောက်ဖြစ်ပါတယ်။ အသင်းကိုကျောခိုင်းသွားရင်လဲ အမြင့်ပျံနိုင်ဖို့ဆုတောင်းပေးရုံပါပဲ။ အမုန်းဆိုတာမကောင်းဘူးမဟုတ်လား။