အာဆင်နယ်အသင်းရဲ့ နောက်ခံအစွန်လူရှာပုံတော်က ဇင်ချန်ကိုမှာ ခရီးဆုံးမှာလား

အာရွန်ဟစ်ကီ ကစလို့  မိုလီနော့အပါအဝင် သတင်းကြီးခဲ့တဲ့  အေဂျက်စ်ရဲ့ မာတီနက်စ် ၊ နောက်ဆုံးစိန့်ကစားသမား ဝေါ်ကာပီတာစ်တို့ အထိသတင်းအစုံထွက်ခဲ့တဲ့  အာဆင်နယ်အသင်းရဲ့နောက်ခံအစွန်လူရှာပုံတော်ခရီးဟာ မကြာခင်အဆုံးသတ်တော့မယ့်ပုံပါပဲ။

မနေ့ကအစောပိုင်း  သတင်းတွေအရ အာဆင်နယ်ဟာ အေဂျက်နောက်ခံလူ မာတီနက်ဇ်ကို လက်လျှော့ပြီး ရှက်တာဒိုးနက်နဲ့ ယူကရိန်းနောက်ခံလူ မိုင်ကိုလာ မတ်ဗီယန်ကို ကို ခေါ်ယူဖို့ စိတ်၀င်စားနေတယ်လို့ သိရပါတယ်။  Daily Mail ကတော့ အာဆင်နယ်ဟာ မာတီနက်ဇ်ကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီး မာတီနက်ဇ်လုပွဲမှာ မန်ယူကို အနိုင်ပေးလိုက်ပြီလို့ ဆိုပါတယ်။ အာဆင်နယ်ဟာ မာတီနက်ဇ်အစား မတ်ဗီယန်ကိုသာ ခေါ်ယူဖို့ အာရုံစိုက်လာတော့မယ်လို့ ယူဆခဲ့ရတာဖြစ်ပါတယ်။

သို့သော်ညဦးပိုင်းမှာတော့ မန်စီးတီးရဲ့ ဇင်ချန်ကိုအတွက် အသင်း ၂ သင်းကြားညှိနှိုင်းနေပြီဖြစ်ကြောင်း သတင်းရင်းမြစ်ပေါင်းများစွာကနေရေးသားလာကြပါတယ်။ ဒါက အာဆင်နယ်ပရီတ်သတ်တွေအတွက် စိတ်လှုပ်ရှားစရာပါပဲ။

ဒီ ယူကရိန်းကစားသမားဟာ  အာတီတာကို  ပြဿနာများစွာဖြေရှင်းနိုင်မယ့်သူလို့ တော့ယူဆရပါတယ်၊ အာဆင်နယ်တို့အတွက်မကြာခနဒဏ်ရာရနေတဲ့ ရေခဲလူသား တီယာနေး ၊ အနီကတ်နဲ့ နှစ်ပါးသွားနေရလို့  အမြဲခေါင်းခဲနေရတဲ့ ဂရန်းနစ်ရှာခါ .. အဆိုပါကစားသမား နှစ်ယောက်စလုံးရဲ့နေရာကို ဖြည့်တင်းကစားနိုင်စွမ်းရှိသူဖြစ်သလို  ပရီးမီးယားလိဂ်မှာလည်း သက်သေပြထားပြီးသားခြေစွမ်းကို ပိုင်ဆိုင်ထားပါတယ်။

အခြားသောကစားသမားတွေနဲ့ကတော စိတ်ဝင်စားတယ်ဆိုတဲ့ သတင်းအနေနဲ့သာဖြစ်ပေမယ့်  မန်စီးတီးကွင်းလယ်ကစားသမားအတွက်ကိုတော့ ဆွေးနွေးနေပြီဆိုတဲ့ အခြေအနေတရပ်နဲ့အတူ ပေါ်ထွက်လာတာဖြစ်လို့  အတော်လေးဖြစ်နိုင်ခြေရှိတယ်လို့ယူဆရပါတယ်။

လတ်တလောမှာ ဇင်ချန်ကိုဟာ  မန်စီးတီးနဲ့အတူ အမေရိက ခရီးစဥ်မှာရောက်ရှိနေပါတယ်။ အသင်း နှစ်သင်းအကြားသဘောတူညီမှုသာရရှိခဲ့တယ်ဆိုပါက  လွယ်ကူစွာပဲ ဂန်းနားတို့ဖက်ကို ကူးပြောင်းသွားလို့လဲရနေပါသေးတယ်။

ဂျေးဆူအတွက် ချောမွေ့တဲ့ဆက်ဆံရေးတရပ်ရှိထားတဲ့အသင်း နှစ်သင်းဟာ ယူကရိန်းသားအတွက်ရောနောက်ထပ်ရွှေလက်ငွေလက်တွဲကြဦးမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။  ဒါ့အပြင် ရင်မောနေရတဲ့ အာဆင်နယ်ပရိတ်သတ်တွေအတွက်လည်း  စိတ်အေးရဖို့ အချိန်တန်နေပြီလို့ ပြောရမှာပါပဲ။

Advertisement

Leave a Reply

%d bloggers like this: