ဒမ်ဘီလီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ အာဆင်နယ်ကြိုးစားသင့်လား

ဘာစီလိုနာနဲ့ ပြင်သစ်အသင်းတို့ရဲ့ တောင်ပံတိုက်စစ်မှူးဖြစ်သူ ဒမ်ဘီလီဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်တာကြောင့် ဒီနွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရှိနေပါတယ်။ 

ကတ်တလန်အခြေစိုက်အသင်းဟာ သူတို့ရဲ့ ကစားသမားကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒမ်ဘီလီဟာ လက်ရှိမှာ သူ့ရဲ့ အသင်းသစ်ကို ရှာဖွေဖို့ ရှိနေပြီး ဥရောပထိပ်တန်းအသင်းအများအပြားက သူ့ကို စိတ်၀င်စားနေကြပါတယ်။ဒမ်ဘီလီဟာ အာဆင်နယ်အသင်း  ကာလရှည်ပစ်မှတ်ထားနေတဲ့ ကစားသမားဖြစ်တာကြောင့် ဒီနွေမှာ အာတီတာဟာ သူ့ကို ခေါ်ယူဖို့ ထပ်မံကြိုးစားလာနျုင်ပါတယ်။ 

အာဆင်နယ်ဟာ လက်ရှိမှာ ညာတောင်ပံတိုက်စစ်ကစားသမားတစ်ဦးကို ရှာဖွေနေပြီး မကြာသေးမီက ရာဖင်ဟာနဲ့ ချိတ်ဆက်နေခဲ့ပေမယ့် ဘရာဇီးလ် လက်ရွေးစင်ကတော့ ဘာစီလိုနာကိုပဲ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်အနေနဲ့ သူတို့ရဲ့ ကာလရှည်ပစ်မှတ် ကစားသမားကိုပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ မျက်စိကျလာခဲ့တာ ဖြစ်ပါတယ်။ 

ဒမ်ဘီလီဟာ ဘယ်ခြေညာခြေ နှစ်ခုစလုံးကို အကောင်းဆုံးအသုံးပြုနိုင်ပြီး တစ်ဦးချင်း ကျော်ဖြတ်မှုတွေမှာ တကယ်ကို ထူးချွန်တဲ့ လူငယ်တိုက်စစ်ကစားသမားတစ်ဦးဖြစ်တယ်ဆိုတာ အငြင်းပွားစရာ မရှိပါဘူး။ဒါပေမယ့် ဒမ်ဘီလီဟာ ဒေါ့မွန်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲပြီးနောက်ပိုင်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရပြီး ဂျာမနီမြေမှာ ဒေါ့မွန်နဲ့အတူ ပြသခဲ့တဲ့ ခြေစွမ်းတွေကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့ ရုန်းကန်နေခဲ့ရပါတယ်။ 

ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီမှာတော့ ဒမ်ဘီလီဟာ  ကြံ့ခိုင်မှု ပြန်ပြည့်၀ခဲ့ပြီး သူရဲ့ခြေစွမ်းကောင်းအချို့ကို ပြန်လည်ပြသနိုင်ခဲ့ပါတယ်။ ဒါ‌ပေမယ့် အာဆင်နယ်ဟာ အသက်၂၅နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးအပါအ၀င် ပြိုင်ဖက်အသင်းအများအပြားနဲ့ ယှဉ်ပြိုင်ရဖို့တော့ ရှိနေပါတယ်။

ကစားသမားဘဝမှာ ရရှိထားတဲ့မှတ်တမ်းတွေအရတော့ ပြင်သစ်သားဟာ လုံးဝမျက်နှာငယ်စရာရှိမနေပါဘူး။ ပွဲပေါင်း ၂၅၀ ကျော်ကစားထားပြီး  ဂိုးပေါင်း ၆၀ ကျော်ရှိတဲ့မှတ်တမ်းအပြင် ကစားတိုင်းမှာ ခြေစွမ်းကောင်းကိုပြသနိုင်သူဖြစ်ပါတယ်။ ဒဏ်ရာမှတ်တမ်းကြောင့် စိုးရိမ်စရာအချို့တော့ရှိနေပေမယ့်  စိတ်လှုပ်ရှားစရာ စွမ်းဆောင်ရည်ကိုတော့ ပိုင်ဆိုင်ထားသူပါပဲ။

Advertisement

Leave a Reply

%d bloggers like this: