ဘေဘီဂျက်ကို အာဆင်နယ်လူငယ်နည်းပြအဖြစ် မြင်တွေ့ရတော့မှာလား

ဘေဘီဂျက်လို့ ပရိသတ်တွေချစ်စနိုးခေါ်တဲ့ ဝီရှိင်းယားနဲ့ ပတ်သက်ပြီး သတင်းကောင်းတစ်ခု ထွက်လာခဲ့ပါတယ်။ အဲ့ဒီသတင်းကတော့ ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားဟာ နည်းပြဘ၀ထဲ ၀င်ရောက်ဖို့ ကြိုးစားနေပြီး အာဆင်နယ်လူငယ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ ရှိနေတယ်ဆိုတာပါပဲ။ 

ဒဏ်ရာပြဿနာတွေကြောင့် ပါရမီပါတဲ့၊ အသင်းကို အရမ်းချစ်တဲ့ ကျောနံပါတ် ၁၀ပိုင်ရှင် ဘေဘီဂျက်ကို ဆုံးရှုံးခဲ့ရတာဟာ ပရိသတ်တွေအတွက် သိပ်ကို နှမြောစရာကောင်းခဲ့ပါတယ်။ သူ အာဆင်နယ်က ထွက်ခွာသွားပြီးတဲ့နောက် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို အခြားတစ်နေရာမှာ ပြန်လည် စတင်နိုင်ဖို့ ပရိသတ်တွေဟာ အမြဲဆုတောင်းပေးခဲ့တာပါ။ 

အာဆင်နယ်ရဲ့ ယူ၁၈နဲ့ ယူ၂၃နည်းပြတွေဟာ လိဂ်တူး ကလပ် ကရော်လေတောင်းမှာ နည်းပြနဲ့လက်ထောက်နည်းပြတာ၀န်တွေ ထမ်းဆောင်ဖို့ ထွက်ခွာသွားခဲ့ကြပါပြီ။ ဒါကြောင့် ဝီရှိုင်းယားဟာ သူရဲ့ အသင်းသစ်ကို မပြောင်းရွှေ့မီမှာ အသင်းဆီပြန်လာပြီး သူရဲ့အတွေ့အကြုံတွေနဲ့အတူ အာဆင်နယ်လူငယ်လေးတွေကို ကူညီဖို့အတွက် အသင်းရဲ့ တာ၀န်ရှိသူတွေနဲ့ စကားပြောနေပါတယ်။ 

အသက်၃၀အရွယ် အာဆင်နယ်ကစားသမားဟောင်းဟာ ကစားသမားဘ၀မှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် ဒီလိုမျိုး အာဆင်နယ်ယူ၁၈နဲ့ယူ၂၃အသင်းတွေကို နည်းပြခွင့်ရခဲ့မယ်ဆိုရင် နည်းပြဘ၀ကို စတင်ဖို့ လမ်းစတစ်ခုဖြစ်လာမှာပါ။  

ဝီရှိုင်းယားဟာ အသင်းရဲ့လူငယ်အသင်း နည်းပြတွေနဲ့ အတူတွဲအလုပ်လုပ်ခဲ့ဖူးသလို အသင်းရဲ့လူငယ်တွေအပေါ်လည်း ဩဇာလွှမ်းမိုးမှုရှိတာကြောင့် လူငယ်အသင်းတွေရဲ့ နည်းပြဖြစ်လာဖို့ အလားအလာ များနေပါတယ်။ 

ဝီရှီးယားဟာ အာဆင်နယ်နဲ့အတူ ဆယ်စုနှစ်တစ်ခုကြာ အတူရှိခဲ့သူ ဖြစ်ပြီး ၁၂၅ပွဲကစား ၇ဂိုးသွင်းယူပေးခဲ့ပါတယ်။အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး အနာဂတ်ကပ္ပတိန်‌လောင်းအဖြစ် သတ်မှတ်ခံခဲ့ရသူဟာ ဒဏ်ရာပြဿနာတွေကြောင့် အမြဲတမ်းရုန်းကန်နေခဲ့ရပေမယ့် သူရဲ့ ပရော်ဖက်ရှင်ကစားသမားဘ၀ကို ခုထိတော့ လက်မလျှော့သေးပဲ ကြိုးစားနေဆဲပါပဲ။

Advertisement

Leave a Reply

%d bloggers like this: