အာဆင်နယ်တို့ အပြောင်းအရွှေ့မှာ တကယ်ပဲ စွမ်းဆောင်ရည်မြင့်နေရဲ့လား

ရာဖင်ဟာနဲ့  အာဆင်နယ်ရဲ့ ဇာတ်လမ်းကတော့ အဆုံးသတ်သွားပြီလို့ ဆိုရမှာပါ။ ရာဖင်ဟာကို ခေါ်ယူဖို့ ချဲလ်ဆီးဟာ လိဒ်စ်အသင်းတောင်းဆိုတဲ့ ငွေကြေးပမာဏကို ပေးချေဖို့ သဘောတူခဲ့တယ်ဆိုတာ အတည်ပြုလို့ရပါပြီ။ ဒီတော့ မာတီနက်ဇ်ကို မန်ယူနဲ့ အပြိုင်ခေါ်ဖို့ပဲ အာဆင်နယ် ကြိုးစားရပါတော့မယ်။ ဒီတစ်ခါတော့ အာဆင်နယ်ဟာ ထပ်ပြီးနောက်ကောက်မကျဖို့ လိုအပ်နေပါပြီ။ 

ဂျေးဆု၊ ရာဖင်ဟာတို့နဲ့ ပတ်သက်ပြီး ကောလဟာလတွေကို မြင်တွေ့ရဖို့ မရှိတော့တဲ့ နောက် အသင်းရဲ့ ပရိသတ်တွေအတွက် စိုးရိမ်စရာ အချက်တစ်ချက်တော့ ရှိနေပါတယ်၊ လတ်တလောမှာ အာဆင်နယ်ဟာ ထိပ်တန်း ကွင်းလယ်ကစားသမားတစ်ဦးကို ချိတ်ဆက်နေပါတယ်ဆိုတဲ့ ကောလဟာလတွေတောင် အားကစားစာမျက်နှာတွေပေါ်မှာ မတွေ့ရတဲ့ အချက်ပါပဲ။ 

ဒီတော့ အာတီတာဟာ ကွင်းလယ်ကို နောက်ထပ်အင်အားဖြည့်ဖို့ မလိုတော့ဘူးလို့ သတ်မှတ်ထားသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ အစောပိုင်းမှာ တိုင်လ်မန်းနဲ့ သတင်းထွက်ခဲ့ပေမယ့် အခုချိန်မှာတော့ ဘယ်လ်ဂျီယန်ကွင်းလယ်လူနဲ့ ပတ်သက်ပြီး စာမလာ သတင်းမကြားရတာလည်း ကြာပါပြီ။ အပြောင်းအရွှေ့ကာလမတိုင်မီမှာ ဂန်ဒိုဂန်၊ ဝိုင်နယ်လ်ဒန်း၊ ရူဗင်နီဗက်စ်တို့နဲ့တောင် အာဆင်နယ်ဟာ သတင်းတွေထွက်ခဲ့ပေမယ့် ခုချိန်မှာတော့ အာဆင်နယ်ဟာ ဘယ်ကွင်းလယ်ကစားသမားနဲ့မှ သတင်းထွက်မနေတာ အနည်းငယ်တောင်ထူးဆန်းပါတယ်။ 

နောက်ထပ်တွေးစရာ တစ်ခုရှိတာကတော့ ဗီအဲရာကို ခေါ်ယူခဲ့သလိုမျိုး မထင်မှတ်ပဲ နောက်ထပ်ကစားသမားတစ်ယောက်ကို အီဒူးတို့ သိုသိုသိပ်သိပ်နဲ့ အလျင်အမြန် ခေါ်ယူနိုင်မလားဆိုတာပါပဲ။ဗီအဲရာနဲ့ သတင်းတွေထွက်လာပြီး ၂၄နာရီမပြည့်ခင်မှာပဲ အာဆင်နယ်ဟာ ပေါ်တိုကွင်းလယ်လူကို ခေါ်ယူလိုက်ပြီလို့ ရိုမန်နိုက အတည်ပြုပေးခဲ့တာပါ။ဒီတော့ ဒီလိုဖြစ်ရပ်မျိုး နောက်တစ်ကြိမ် ထပ်မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး။ 

တကယ်လို့ အသင်းအနေနဲ့ ကွင်းလယ်ကို အားမဖြည့်ပဲ လက်ရှိအင်အားနဲ့ ဆက်သွားမယ်ဆိုရင် လာမယ့်ရာသီမှာ အဆင်ပြေနိုင်ပါ့မလား။ 

ကွင်းလယ်တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ အိုဒီဂတ်၊စမစ်ရိုး၊ ဗီအဲရာတို့ကို ဖယ်ထားလိုက်မယ်ဆိုရင် ကွင်းလယ်အထိုင်မှာ ကစားနိုင်တဲ့ ကစားသမားအင်အားစုက အယ်လ်နီနီ၊ရှာကာ၊ပါတေး၊လိုကွန်ဂါတို့အစုအဖွဲ့ ပဲ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာပါတေး ဒဏ်ရာရသွားတော့ အသင်းဟာ ရလဒ်ကောင်းတွေ ရုန်းကန်ခဲ့ရတာ အားလုံးရဲ့ အမြင်ပါပဲ။ ပါတေး၊ရှာကာတို့မပါ၀င်နိုင်ချိန်မှာ အသင်းရဲ့ ကွင်းလယ်မှာ အယ်လ်နီနီ ၊လိုကွန်ဂါတို့ဟာ အပြည့်အ၀အားကိုးနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ 

ဒီတော့ ကွင်းလယ်ကနေ ဘောလုံးကောင်းကောင်းဖြန့်ပေးနိုင်မယ့် ၊သွင်းဂိုးတွေ ရယူပေးနိုင်မယ့် ထိပ်တန်း ကွင်းလယ်လူတစ်ယောက်ကိုတော့ အာဆင်နယ်အနေနဲ့ ခေါ်ယူဖို့ လိုအပ်နေဆဲပါပဲလို့ပဲ သုံးသပ်ရမှာပါ။ကွင်းလယ်ကို ထပ်အားမဖြည့်ပဲ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် ထိပ်သီးလေးသင်းစာရင်း ၀င်အောင်ကြိုးစားဖို့ ၊ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကောင်းကောင်းယှဉ်ပြိုင်နိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ဒါကြောင့် အာတီတာအတွက် ကွင်းလယ်လူတစ်ယောက်လိုပါဦးမယ်။ 

 အပြောင်းအရွှေ့စျေးကွက်မှာ အမြဲနောက်ကျနေတာကြောင့် အခုနှစ်မှာ ပရိတ်သတ်တွေအားရနေကြတယ်ဆိုပေမယ့် ဒါဟာတကယ်ပဲ အခြေအနေကောင်းတယ်လို့တော့ ပြောမရသေးပါဘူး။ အာဆင်နယ်ဟာ နွေမကုန်ခင်တော့ ကွင်းလယ်လူတစ်ဦး ထပ်ပြီး ခေါ်ယူမယ်လို့ မျှော်လင့်ရတာပါပဲ။ ​တဖြေးဖြေးတိုးတက်လာနေတဲ့အသင်းအတွက် ပိုပြီးလျှင်မြန်ဖို့ ကစားသမားကောင်းတွေကို လိုအပ်နေပါတယ်။

Advertisement

Leave a Reply

%d bloggers like this: