ဂျေးဆူဟာ အာဆင်နယ်ကို ထိပ်သီးလေးသင်းစာရင်း ၀င်စေမလား

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဆင်နယ်အလိုအပ်ခဲ့ဆုံးအရာက ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် ဒီနွေမှာ အာဆင်နယ်ရဲ့ အဓိက ရည်ရွယ်ချက်က ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ ဖြစ်ခဲ့ပြီး အခုဆိုရင် ဂျေးဆူကို မန်စီးတီးကနေ ခေါ်ယူပြီးပါပြီ။ နွေအပြောင်းအရွှေ့အတွက် အသင်းရဲ့ အဓိကရည်မှန်းချက်ဟာ စောစောစီးစီး ပြည့်မြောက်ခဲ့တာဟာ ၀မ်းသာစရာပါပဲ။ 

ဒီတော့ အာတီတာ လိုချင်တဲ့၊ အာဆင်နယ် လိုအပ်နေတဲ့ ထိပ်တန်းတိုက်စစ်မှူးကတော့ အမ်းမရိတ်ကို ရောက်လာခဲ့ပါပြီ။ လာကာ ၊အူဘာ ခေတ်အလွန်မှာ ဂျေးဆုဟာ အာဆင်နယ်ကို ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်ပေးမယ့် မျှော်လင့်ချက်တစ်ခုဖြစ်နိုင်သလားဆိုတာ တစ်ချက်လောက် ကြည့်ရအောင်။ 

ပြီးခဲ့တဲ့ ဘောလုံးရာသီက အချက်အလက်တွေအရ ပရီးမီးယားလိဂ်ရဲ့ ဂိုးရနိုင်တဲ့အခွင့်အရေး ဖန်တီးမှု အများဆုံးကစားသမား စာရင်းထဲမှာ ဆာကာဟာ ၆၂ကြိမ်နဲ့ ပဉ္စမ ချိတ်ခဲ့ပြီး သူရဲ့နောက်မှာတော့ အိုဒီဂတ်က ၆၁ကြိမ်နဲ့ ရပ်တည်နေပါတယ်။ အိုဒီဂတ်ရဲ့ နောက်မှာ ရှိနေသူကတော့ လတ်တလောမှာ အသင်းဆီရောက်လာမယ်လို့ နာမည်ကြီးနေတဲ့ ရာဖင်ဟာ(၅၈ကြိမ်) ပဲ ဖြစ်ပါတယ်။ ဆာကာ၊အိုဒီဂတ်တို့လို ကစားသမားတွေရှိနေခဲ့ပေမယ့် အဆုံးသတ်သေချာတဲ့ တိုက်စစ်မှူးမရှိခဲ့တာဟာ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်ကို ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်စေခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ 

ဒါကြောင့် ဂျေးဆူကို အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ဆာကာ၊အိုဒီဂတ်၊ရာဖင်ဟာတို့နဲ့အတူ ကစားစေမယ်ဆိုရင် ပြီးခဲ့တဲ့ ရာသီကထက် ပိုများတဲ့ သွင်းဂိုးအရေအတွက်ကို မြင်တွေ့ရမှာ အမှန်ပါပဲ။ အသင်းမှာ ဘရာဇီးလ်အသင်းဖော်တွေ ရှိနေတာ ၊ အာတီတာနဲ့ လက်တွဲ အလုပ်လုပ်ခဲ့ဖူးတာ ၊ ပရီးမီးယားလိဂ် အတွေ့အကြုံရှိပြီးသား ကစားသမားဖြစ်နေတာ ဆိုတဲ့အချက်တွေက ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးကို အမ်းမရိတ်မှာ အလျင်အမြန် အထိုင်ကျစေမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဂျေးဆူရဲ့အာဆင်နယ်ကစားသမားဘ၀ ပထမဆုံးရာသီမှာပဲ သူ့ဆီကနေ ပရိသတ်တွေ အများကြီး မျှော်လင့်စရာ ရှိနေပါတယ်။ ဗီအဲရာ ၊ စမစ်ရိုးတို့ဟာလည်း ဂျေးဆူကို အသင်းရဲ့ ဂိုးသွင်းစက်ဖြစ်လာဖို့ အကူအညီပေးနိုင်သူတွေပါပဲ။ 

ပြီးခဲ့တဲ့ရာသီမှာ လာကာဇက် ၊အူဘာမီယန်းတို့ဆီကနေ သွင်းဂိုးတွေမရခဲ့တဲ့အတွက် ဆာကာ ၊ မာတင်နယ်လီတို့အပေါ် ဖိအားပိုများစေခဲ့ပါတယ်။ ဂျေးဆူလို လုပ်အားနှုန်းကောင်းတဲ့ ၊ ပြိုင်ဘက်ခံစစ်ကို တွန်းတွန်းတိုက်တိုက် ကစားနိုင်စွမ်းရှိတဲ့ တိုက်စစ်မှူးတစ်ဦး ရောက်လာတာဟာ ဆာကာ၊ မာတင်နယ်လီတို့ကို တောင်ပံတိုက်စစ်တွေမှာ ပိုပြီး လွတ်လွတ်လပ်လပ် ဆော့ကစားစေနိုင်မှာ ဖြစ်ပါတယ်။ 

ဂျေးဆုဟာ အသက်၂၅နှစ်သာရှိသေးပြီး ဘရာဇီးလ်လို ကမ္ဘာ့ထိပ်တန်းအသင်းတစ်သင်းရဲ့ လက်ရွေးစင်တိုက်စစ်မှူးလည်း ဖြစ်နေပြန်ပါတယ်။ ဂွာဒီယိုလာရဲ့ လက်အောက်မှာ မန်စီးတီးနဲ့အတူ ပြိုင်ပွဲအတွေ့အကြုံတွေလည်း အများကြီး ရှိခဲ့သူ ဖြစ်ပါတယ်။ 

သူ့ကို စိတ်၀င်စားနေတဲ့ အသင်းတွေထဲမှာမှ အာဆင်နယ်ကိုပဲ ရွေးချယ်ခဲ့သူဖြစ်တဲ့ ဂျေးဆူဟာ အသင်းကို ထိပ်သီးလေးသင်းစာရင်း၀င်စေမယ့် တိုက်စစ်မှူးတစ်ဦး ဖြစ်လာမလားဆိုတာကတော့ ဘယ်သူမှ အတပ်မသိနိုင်ပေမယ့် ယုံကြည်ဖို့တော့ ကောင်းနေတာ အမှန်ပါပဲ။

Advertisement

Leave a Reply

%d bloggers like this: