ရာဖင်ဟာကို ကြားဖြတ်ခေါ်ယူဖို့ လီဗာပူးကို ဂန္တဝင်တိုက်တွန်း
အာဆင်နယ်အသင်းနဲ့အလွန်နီးစပ်နေပြီလို့ သတင်းထွက်နေတဲ့ ဘရာဇီးတောင်ပံလူ ရာဖင်ဟာ ကို ကြားဖြတ်ခေါ်ယူဖို့ ဂန္တဝင်တစ်ဦးဖြစ်တဲ့ စတန်ကော်လီမိုးက နည်းပြ ကလော့ကို တိုက်တွန်းလိုက်ပါတယ်။ ကော်လီမိုးဟာ ရာဖင်ဟာကို ဆာလာရဲ့နေရာမှာ အစားဝင်ကစားနိုင်သူအဖြစ် ရှုမြင်နေပြီး ၊ နည်းပြကလော့ရဲ့လက်အောက်မှာဆိုရင် ပိုမိုတောက်ပလာမယ်လို့ မှတ်ချက်ပေးလိုက်တာဖြစ်ပါတယ်။ လတ်တလောသတင်းများအရ အာဆင်နယ်တို့ဟာ ဘရာဇီးသားကို ဖိဖိစီးစီးကြိုးစားနေတယ်လို့သိရပါတယ်။
မြက်ခင်းပြင်ပေါ်ပြန်ရောက်လာကြတဲ့ ဂန်းနားများ
Goal သတင်းဌာနရဲ့ဖော်ပြလာချက်အရ အာဆင်နယ်အသင်းရဲ့ ဒဏ်ရာရကွင်းလယ်လူ ပါတေးဟာ ရာသီကြိုခရီးစဥ်တွေကိုလိုက်ပါဖို့အခြေအနေကောင်းနေပြီး ၊ တီယာနေးဟာလည်း မကြာခင်လေ့ကျင့်ခန်းဆင်းနိုင်တော့မယ်လို့ သိရပါတယ်။ အဆိုပါကစားသမား ၂ ယောက်ဟာ အသင်းအတွက်အလွန်အဓိက ကျသူတွေဖြစ်ကြပြီး ၊ သူတို့မပါဝင်နိုင်ခြင်းကြောင့် ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အာဆင်နယ်ပရိတ်သတ်တွေအတွက်စိတ်လှုပ်ရှားစရာအချိန်လို့ သတင်းထောက်ရေးသား
နာမည်ကျော်သတင်းထောက်တစ်ဦးဖြစ်တဲ့ ပိ(တ်) အိုရာကီက အာဆင်နယ်ပရိတ်သတ်တွေအတွက် စိတ်လှုပ်ရှားစရာအချိန်တွေကိုရောက်ရှိလာပြီဖြစ်တယ်လို့ ပြောဆိုလာပါတယ်။ အာဆင်နယ်ဟာ ဗီအဲရာကို ခေါ်ယူပြီးနောက် ဂျေးဆူကိုလဲ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။နောက်ထပ်ကစားသမားများစွာနဲ့ ဆက်လက်ချိတ်ဆက်နေတယ်လို့လည်း သတင်းတွေမှာဖော်ပြနေကြပါတယ်။
ကစားသမားကို လိုချင်နေပေမယ့် မာလ်ဆေးတို့ ဆာလီဘာအတွက် ငွေမရှိဘူးလို့ ချားလ်ဝက်စ်ပြော
မာလ်ဆေးအသင်းက လက်မလျှော့သေးပဲ ကြိုးပမ်းနေပေမယ့် ဆာလီဘာကို လိုချင်ရင် ငွေအများကြီးသုံးရမှာဖြစ်တယ်လို့ သတင်းထောက် ချားလ်ဝက်စ် က သုံးသပ်လာခဲ့ပါတယ်။
“ သူ့ကိုခေါ်ချင်ရင် တကယ်ကို ငွေအများကြီးသုံးရမှာဗျ .. ကစားသမားက စာချုပ်သက်တမ်းလဲ ကျန်သေးတယ် .. လောလောဆယ်တော့နိုင်ငံတကာပွဲတွေကို အာရုံစိုက်နေပုံပါပဲ…. ကျွန်တော်ကတော့ ဒီကစားသမားအတွက် မာဆေးတို့ ငွေသုံးနိုင်မယ်လို့တော့ မထင်ပါဘူး “ ဆိုပြီးသူ့ရဲ့ အစီအစဥ်ကနေ တဆင့်ပြောလာခဲ့တာပါ။
နိုင်းလ်စ်ကို ကြိုးစားမယ့် ဖော်ရက်စ်
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အာဆင်နယ်ရဲ့ ကစားသမား နိုင်းလ်စ်ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ Daily Mail က ဖော်ပြလာပါတယ်။ ပြီးခဲ့တဲ့အပတ်က ယူနီယံဘာလင်တိုက်စစ်မှုး ကို စံချိန်တင်စျေးနဲ့ခေါ်ယူပြီးတဲ့နောက်မှာ အာဆင်နယ်ကွင်းလယ်လူကို စောင့်ကြည့်လာခဲ့တာဖြစ်ပါတယ်။ နိုင်းလ်စ်ကို ပြိးခဲ့တဲ့နှစ်က အသင်းကို အထောက်အကူပြုခဲ့တဲ့ ဂျက်ဒ်စပန့်ရဲ့နေရာအစားထိုးဖို့ လျာထားတာဖြစ်တယ်လို့ သိရပါတယ်။