ဇွန်လ ၂၁ရက်နေ့မှာတော့ အာဆင်နယ်ဟာ အသင်းရဲ့ ကစားသမားသစ်ဗီအဲရာကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရား၀င်ကြေညာခဲ့ပါတယ်။ဗီအဲရာနဲ့ အင်တာဗျူး အပြည့်အစုံကိုလည်း အာဆင်နယ်ရဲ့ တရား၀င်၀က်ဆိုက်မှာ တင်ထားပါတယ်။ အာဆင်နယ်မီဒီယာနဲ့ ဗီအဲရာတို့ရဲ့ အမေးအဖြေ အချို့ကို ပရိသတ်တွေ ဖတ်ရှုနိုင်အောင် ကောက်နှုတ်တင်ပြလိုက်ရပါတယ်။
ဖေဘီယိုရေ၊ အာဆင်နယ်ကနေ ကြိုဆိုပါတယ်။ ဒီကို ပြောင်းရွှေ့လာရတဲ့အပေါ် ဘယ်လို စိတ်လှုပ်ရှားနေလဲ။
“ဒါပေါ့ဗျာ၊ ကျွန်တော် စိတ်လှုပ်ရှားမိတယ်။ဒါဟာ ကျွန်တော်ရဲ့ ကစားသမားဘ၀အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ အာဆင်နယ်ဟာ ကြီးမားတဲ့၊ သမိုင်းကြောင်းရှိတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ဒါကြောင့် အာဆင်နယ်က ကျွန်တော့်ရဲ့ အိမ်အသစ်ဖြစ်လာတာကို တကယ်ပဲ ၀မ်းသာမိပါတယ်”
အားလုံးက အရမ်းကို မြန်မြန်ဆန်ဆန်ပဲ ဖြစ်သွားခဲ့တယ်နော်။ ဘာတွေ ဖြစ်ခဲ့လဲ ပြောပြပါလား။
“ခပ်မြန်မြန် ဖြစ်ပျက်သွားခဲ့တဲ့ ကိစ္စတစ်ခုဆိုတာ သေချာပါတယ်။ကျွန်တော်လည်း ပင်ပန်းခဲ့ရတယ်။အသင်းက လူတွေနဲ့ တွေ့ဆုံရတာဟာ ကျွန်တော့်အတွက် တကယ်ကို အပြုသဘောဆောင်ခဲ့ပါတယ်။ကျွန်တော်ဒီမှာ ရှိနေရတာကို သဘောကျပြီး အသင်းအတွက် အရာအားလုံးပေးဆပ်ဖို့ အသင့်ပါပဲ”
(အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့) ဆုံးဖြတ်ချက်ချဖို့ ဘယ်အချက်တွေက ကူညီခဲ့တာလဲ
“ကျွန်တော်ပြောခဲ့သလိုပဲ အာဆင်နယ်ဟာ သမိုင်းကြောင်းရှိတဲ့ အင်္ဂလန်အသင်းတစ်သင်းဖြစ်ပြီး ကမ္ဘာပေါ်က အကြီးဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။အာဆင်နယ်ဟာ အံ့ဩဖို့ ကောင်းတဲ့ အသင်းတစ်သင်းဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ဒါဟာ ကျွန်တော် အာဆင်နယ်ကို ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်မှာရှိနေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။အသင်းကစားတဲ့ ပုံစံကို ကျွန်တော် တကယ်ပဲသဘောကျပြီး အသင်းနဲ့အတူ ပွဲထွက်ခွင့်ရဖို့ မစောင့်နိုင်တော့ပါဘူး”
အာတီတာနဲ့ တွေ့ဆုံဖို့ အခွင့်အရေး ရခဲ့ပြီလား ၊သူ ဘာပြောခဲ့လဲ
“ကျွန်တော်တို့ လူချင်းတော့ မတွေ့ဆုံရသေးပေမယ့် စကားပြောပြီးပါပြီ။ ကျွန်တော်နဲ့ အတူ တွဲဖို့ အလုပ်လုပ်ဖို့ ၊ ကျွန်တော်နဲ့ ကျွန်တော်မိသားစုအကြောင်းတွေ သိခွင့်ရဖို့ မစောင့်နိုင်တော့ဘူးလို့ သူ ပြောပါတယ်။”
မင်းရဲ့ ကစားဟန်နဲ့ ပတ်သက်ပြီး ပြောပြပေးနိုင်မလား။
“ကျွန်တော်က ဂိုးတွေသွင်းတာဖြစ်ဖြစ်၊ ဂိုးဖန်တီးတာ ဖြစ်ဖြစ် ပြုလုပ်ဖို့အတွက် lines တွေကြားထဲက နေရာလွတ်ကို ရှာဖွေနေတတ်တဲ့ တိုက်စစ်ကစားသမား တစ်ဦးပါ။ဒါဟာ အာဆင်နယ်ပရိသတ်တွေ ကျွန်တော့်ဆီက အဓိက မျှော်လင့်နိုင်တဲ့ အရည်အချင်းတွေပါပဲ။ ကျွန်တော်ဟာ အသင်းအတွက် အမြဲတမ်း အရာအားလုံးပေးဆပ်သွားမှာပါ”
မင်းက ပေါ်တူဂီ ယူ၂၁မှာ တာဗာရက်စ်နဲ့ အတူတူ ကစားခဲ့ဖူးတာပဲ။ အာဆင်နယ်ကို ပြောင်းရွှေ့လာတာနဲ့ ပတ်သက်ပြီး သူနဲ့ စကားပြောပြီးပြီလား။
“ကျွန်တော် သူနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။အသင်းရဲ့အကြောင်းတွေကိုလည်း အများကြီး သူပြောပြပါတယ်။အဓိကအချက်ဖြစ်တဲ့ အာဆင်နယ်မှာ ကျွန်တော် လိုအပ်သမျှ ကူညီပေးမယ့် ကစားသမားတွေအများကြီး ရှိတယ်လို့ သူက ပြောပြပါတယ်။”
မနှစ်က U21 European Championship မှာ စမစ်ရိုး၊အန်ကက်တီးယားတို့နဲ့ ရင်ဆိုင်ခဲ့ဖူးတယ်နော်။ မင်းရဲ့ အသင်းဖော်တွေနဲ့ ပတ်သက်ပြီး ဘယ်လောက်သိထားလဲ
“ကျွန်တော်သူတို့နဲ့ ယူရိုမှာ ရင်ဆိုင်ခဲ့ရတာပေါ့။သူတို့နှစ်ယောက်လုံးက အရည်အသွေးပြည့်၀တဲ့ ကစားသမားတွေပါ။အာဆင်နယ်မှာ ထိပ်တန်းကစားသမားတွေ အများကြီး ရှိပြီး သူတို့နဲ့ အတူ အသင်းရဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင် ကျွန်တော်ကူညီသွားမှာပါ”
လက်ရှိအာဆင်နယ်အသင်းမှာ ကိုယ် အားကျရတဲ့ ကစားသမားတွေ ရှိလား
“ကျွန်တော်က ဆာကာနဲ့။စမစ်ရိုးတို့ရဲ့ ပရိသတ်ပါ။သူတို့ကစားတဲ့ပုံစံကို သဘောကျပါတယ်။အိုဒီဂတ်ရဲ့ ကစားဟန်ကလည်း ကျွန်တော်နဲ့ ဆင်ပါတယ်။”
နောက်ဆုံးအနေနဲ့ အာဆင်နယ်မှာ ရှိနေမယ့်အချိန်တွေအတွက် ဘယ်လိုရည်မှန်းချက်၊မျှော်လင့်ချက်တွေ ရှိလဲ
“ဘောလုံးရာသီတစ်ခုအတွက် ရည်မှန်းထားတဲ့ ပန်းတိုင်တွေကို ရောက်အောင် သွားနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ကျွန်တော်တို့ ဒီနေရာမှာ ရှိနေတာဟာ တစ်ယောက်နဲ့ တစ်ယောက် ကူညီဖို့ ၊အသင်းကို မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင် ကူညီပေးဖို့ပဲ ဖြစ်ပါတယ်။