ပေါ်တိုဟာ ဗီအဲရာကို ညံ့ဖျင်းတဲ့ သဘောတူညီမှုနဲ့ရောင်းချခဲ့တယ်ဆိုတဲ့ ပေါ်တိုဥက္ကဌဟောင်း

ပေါ်တိုအသင်းရဲ့ ဥက္ကဌလောင်းတစ်ဦးဖြစ်ခဲ့သူ နူနိုလိုဘိုက ပေါ်တိုဟာ သူတို့ရဲ့ ကစားသမား ဗီအဲရာကို ညံ့ဖျင်းဆိုးရွားတဲ့ သဘောတူညီမှုတစ်ခုနဲ့  အာဆင်နယ်ဆီ  ရောင်းခဲ့တာဖြစ်တယ် ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ရာသီမှာ ပေါ်တိုအသင်းနဲ့အတူ အကောင်းဆုံးတောက်ပခဲ့တဲ့ အသက်(၂၂)အရွယ် ကွင်းလယ်တိုက်စစ်ကစားသမားကို အာဆင်နယ်ဟာ ခေါ်ယူခဲ့ပြီး အကောင်းဆုံး ဂန်းနားတွေထဲက တစ်ဦးဖြစ်လာမယ်လို့ မျှော်လင့်ရသူဖြစ်ပါတယ်။ 

ဗီအဲရာဟာ ပေါ်တူဂီအသင်းအတွက် တစ်ပွဲမှ ကစားခွင့်မရသေးပေမယ့် ပေါ်တူဂီမြေက ခြေစွမ်းကောင်းတွေကို လာမယ့်ရာသီ အာဆင်နယ်မှာ ဆက်လက်ပြသနိုင်မယ်ဆိုရင် မကြာမီမှာ သူ့ရဲ့ လက်ရွေးစင်အသင်းအတွက် ပွဲထွက်ခွင့်ရဖို့ ရှိနေပါတယ်။ 

အာဆင်နယ်ဟာ ဗီအဲရာအတွက် ပေါ်တိုအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် ၂၉သန်း + add-ons ပေါင်၅သန်း ပေးချေရမှာ ဖြစ်ပါတယ်။ ဒီပမာဏဟာ ကစားသမားရဲ့ စာချုပ်ထဲမှာ ပါ၀င်တဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင်၄၂.၃သန်းဆိုတာထက် ပိုနည်းနေပါတယ်။ 

လိုဘိုက  ဒီအပြောင်းအရွှေ့မှာ ပေါ်တိုဟာ နစ်နာခဲ့ရပြီး သူတို့ရဲ့ကစားသမားအတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးငွေမရခဲ့ဘူးလို့ ဆိုပါတယ်။ 

Evening Standard နဲ့ တွေ့ဆုံမှုမှာတော့ လိုဘိုက ဗီအဲရာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ခုလို ဆိုပါတယ်။ 

ကျွန်တော်တို့ပြောနေတာ ပေါ်တိုရဲ့ ရတနာတွေထဲက တစ်ခု၊ ကျွန်တော်တို့ရဲ့ အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ကစားသမားတစ်ယောက်အကြောင်းပါ။ သူမှာ ပေါ်တိုရဲ့ DNAရှိပါတယ် ” 

ကျွန်တော်တို့ သူ့ကို ဆုံးရှုံးခဲ့ရပြီး ဒီအရောင်းအ၀ယ်ရဲ့ အစိတ်အပိုင်းတစ်ခုကို ကျွန်တော် နားမလည်နိုင်ပါဘူး” 

ပေါ်တိုရဲ့ DNAနဲ့ကစားသမားတစ်ယောက်ကို ဒီဈေးနဲ့ ရောင်းလိုက်တာဟာ တကယ်ကို ရူးမိုက်လွန်းပါတယ်။ဒီအကြောင်း ကျွန်တော်ပြောနေတာပါ။ သူတို့က ပေါ်တိုကပါ၊ မယုံနိုင်စရာကောင်းတဲ့ ဈေးနှုန်းတွေနဲ့ သူတို့ကို ကျွန်တော်တို့ဟာ ထွက်ခွာခွင့်ပြုနေရပါတယ်” 

လိုဘိုဟာ ပြီးခဲ့တဲ့ ပေါ်တို ဥက္ကဌရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် နောက်ထပ်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေပုံပါပဲ။ 

ဘာပဲ ဖြစ်ဖြစ်သူကတော့ သူအမြင်ကိုပဲ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ပေါ်တိုဟာ အလားအလာရှိတဲ့ လူငယ်တစ်ဦးကို မွေးထုတ်ပြီး သန်း၃၀ကျော်ရခဲ့တာဟာ ပိုက်ဆံကောင်းကောင်း ရှာနိုင်ခဲ့တာပါပဲ။ အာဆင်နယ်ဟာလည်း နောက်ထပ်အိုဒီဂတ်ဖြစ်လာနိုင်တဲ့ လူငယ်ကြယ်ပွင့်လေးကို ဒီဈေးနဲ့ရခဲ့တာဟာ မဆိုးဘူးလို့ ဆိုရမှာပါ။

Advertisement

Leave a Reply

%d bloggers like this: