မာတီနက်ဇ်ကို ခေါ်ယူဖို့ ရှေ့ဆုံးက ပြေးနေတာ ဘယ်သူဖြစ်မလဲ

အေဂျက် ခံစစ်ကစားသမား လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းတွေထဲမှာ အာဆင်နယ်က ရှေ့ဆုံးကနေ ပြေးနေတယ်လို့ သိရပါတယ်။ အေဂျက်ကစားသမားကို မန်ယူနဲ့ စပါးတို့ကလည်း စိတ်၀င်စားမှုတွေလည်း ရှိနေပါတယ်။ 

90 Mins ရဲ့အဆိုအရ မာတီနက်ဇ်ကို ခေါ်ယူဖို့ အာဆင်နယ်က ရှေ့ဆုံးက ပြေးနေပေမယ့် စပါးကလည်း အာဆင်နယ်လက်ထဲကနေ အေဂျက်ခံစစ်ကစားသမားကို လူယူဖို့ ကြိုးစားလာနိုင်တယ်လို့ သိရပါတယ်။ 

Daily Mail ရဲ့အဆိုအရ အာဆင်နယ်ဟာ အသက်၂၄နှစ်အရွယ်ကစားသမားကို ခေါ်ယူဖို့ ဒုတိယအကြိမ်ကြိုးပမ်းမှုအနေနဲ့ ပေါင်သန်း၃၀နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို အေဂျက်ဘက်က လက်ခံပြီးလားဆိုတာ မသိရသေးပါဘူး။ Sky Sports ရဲ့အဆိုအရ အေဂျက်ဟာ သူတို့ရဲ့ ကစားသမားကို အာဆင်နယ်ဆီရောင်းချဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် နယ်သာလန်ထိပ်သီးကလပ်ဟာ သူတို့ရဲ့ကစားသမားအတွက် အနည်းဆုံး ပေါင်သန်း၅၀လောက်အလိုရှိနေပုံပါပဲ။ 

Sky Sports ရဲ့အဆိုအရ အာတီတာဟာ မာတီနက်ဇ်ရဲ့ ပရိသတ်ဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပုံပါပဲ။ ဒါ့‌ကြောင့် အာဆင်နယ်ဟာ မာတီနက်ဇ်ကို ခေါ်ယူဖို့ ရေပန်းစားနေတာပါ။ 

စပါးကလည်း အပြောင်းအရွှေ့ ဈေးကွက်မှာ လက်သွက်နေတာကို တွေ့ရပါတယ်။ စပါးဟာ ဒီနွေမှာ ဘင်ဖော်စတာ၊ ဘစ်ဆူးမား၊ ပါရီဆစ်တို့ကို ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် မာတီနက်ဇ်ကို ခေါ်ယူဖို့ကိစ္စမှာတော့ အာဆင်နယ်ဟာ သူတို့ရဲ့ မြို့ခံပြိုင်ဘက်ကို နှာတစ်ဖျားအသာရထားပါတယ်။ 

အာတီတာနဲ့ အီဒူးတို့ဟာ မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားနေကြပါတယ်။‌ ပြောင်းရွှေ့ကြေးကိစ္စသာ ညှိုနှိုင်းလို့အဆင်ပြေခဲ့ရင်၊ ကစားသမားကလည်း အာဆင်နယ်ကို တကယ်ပဲ ပြောင်းရွှေ့ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ မျှော်လင့်နေတဲ့ ကစားသမားခေါ်ယူမှုတစ်ခုကို မကြာခင် ထပ်မံမြင်တွေ့ရဖို့ ရှိနေပါတယ်။ 

ဒါပေမယ့် အပြောင်းအရွှေ့ဈေးကွက်မှာ ဘာမဆို ဖြစ်သွားနိုင်တာကြောင့် မသေချာသေးပဲ ဘာကိုမှတော့ တထစ်ချ ယုံလို့မရနိုင်ပါဘူး။ ကျွန်တော်တို့ ဆက်စောင့်ကြည့်ကြတာပေါ့။

Advertisement

Leave a Reply

%d bloggers like this: