၄ နှစ်ခန့်ကြာသော်

နောက်ဆုံးမှာတော့ အာဆင်နယ်ဟာ အန်ကက်တီးယားကို စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါပြီ။ အန်ကက်တီးယားဟာ အခုချိန်ကစပြီး  အသင်းဂန္တ၀င်တိုက်စစ်မှူးကြီး အွန်နရီရဲ့ ကျောနံပါတ် ၁၄ကို ၀တ်ဆင်သွားမှာ ဖြစ်ပါတယ်။ 

အာဆင်နယ်ရဲ့ official website မှာ အန်ကက်တီးယားနဲ့ အရင်က ပြုလုပ်ခဲ့ဖူးတဲ့ အင်တာဗျူးတစ်ခုကို ပြန်လည်ဖော်ပြထားပါတယ်။ဒီအင်တာဗျူးမှာတော့ အန်ကက်တီးယားဟာ သူ့ရဲ့ အာဆင်နယ်ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးနဲ့ ပတ်သက်ပြီး အမှတ်တရတွေကို ပြောပြထားခဲ့ပါတယ်။ ပရိသတ်တွေ ဖတ်ရှုနိုင်ဖို့အတွက် အကြောင်းအရာအချို့ကို ဘာသာပြန်တင်ဆက်လိုက်ရပါတယ်။ 

ဒီဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ လေးနှစ်ခန့်၊ ကာရာဘောင်ဖလား စတုတ္ထအဆင့်မှာ ဖြစ်ပွားခဲ့တာပါ။ အန်ကက်တီးယားဟာ အာဆင်နယ်ဂျာစီနဲ့အတူ စီနီယာအသင်းကြီးအတွက် ပထမဆုံးသွင်းဂိုးကို အဲ့ဒီနေ့မှာ ရယူနိုင်ခဲ့ပါတယ်။ အသက်၁၈နှစ်အရွယ်သာ ရှိသေးတဲ့ အန်ကက်တီးယားဟာ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်တွေကြောင့် စီနီယာအသင်းကြီးမှာ နေရာရဖို့ နာမည်ကြီးနေခဲ့ပါတယ်။ 

အကယ်ဒမီကို ရောက်ရှိပြီး ပထမဆုံးနှစ်ရာသီမှာ ၂၄ဂိုးစီသွင်းယူနိုင်ခဲ့တဲ့ သွင်းယူနိုင်ခဲ့တဲ့ အန်ကက်တီးယားဟာ စီနီယာအသင်းကြီးရဲ့ အ၀တ်လဲခန်းကို စတင်တံခါးခေါက်နေခဲ့ပါပြီ။ ဘိတ်ဘိုရီဆော့ဗ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၇ခုနစ်က ယူရိုပါလိဂ်ပွဲစဉ်မှာ အန်ကက်တီးယားဟာ လူစာရင်းကစားသမားအနေနဲ့ အသင်းကြီးအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပါတယ်။ 

သီတင်းပတ်လေးပတ်ကြာခဲ့ပြီးတဲ့နောက် နောဝှစ်စီးတီးနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလားစတုတ္ထအဆင့် အိမ်ကွင်းပွဲစဉ်အတွက် အသင်းရဲ့အရန်လူစာရင်းမှာ အန်ကက်တီးယား ထပ်မံပါ၀င်လာခဲ့ပါတယ်။ 

အဲ့ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး အန်ကက်တီးယားဟာ အမှတ်တရတွေကို ခုလိုပြောပြခဲ့ပါတယ်။ 

ကျွန်တော်တို့ ၀နဲ့ ရှုံးနေပြီး ပွဲကလည်း ပြီးဖို့ ငါးမိနစ်ခြောက်မိနစ်လောက်ပဲ လိုတော့တယ်။ကျွန်တော်သွေးပူလေ့ကျင့်ခန်းလုပ်နေတာ နည်းနည်းတော့ ကြာပြီ၊ဆက်လုပ်နေတုန်းပဲ။” 

အချိန်တွေ တဖြည်းဖြည်းကုန်လာနေတာ ကျွန်တော်မြင်နေရတယ်။နာရီကိုပဲ ကြည့်နေရင်း သွေးပူလေ့ကျင့်ခန်း‌လုပ်နေလိုက်တာ အရန်ခုံတန်းနားကို တဖြည်းဖြည်းနဲ့ နီးလာတယ်။ကျွန်တော်တွေးနေမိခဲ့တာ ကျေးဇူးပြုပြီး လုပ်စမ်းပါကွာ၊ အချိန်တွေ ကုန်နေပြီ” 

ဒီနောက်မှာတော့ မန်နေဂျာက ကျွန်တော့်ကို လှမ်းခေါ်တယ်။ ကျွန်တော်လည်း မြန်မြန်လူစားလဲပေးတော့ဗျာ ဆိုတဲ့ ပုံစံနဲ့ အမြန်ပြေးသွားလိုက်တာပဲ လို့ ပြောပြီး အန်ကက်တီးယားက ရယ်နေပါတယ်။ 

အန်ကက်တီးယားဟာ လူစားလဲ၀င်ရောက်ခဲ့ပြီးတဲ့နောက် ကွင်းထဲကို မရပ်မနားဆက်ပြေးသွားခဲ့ပြီး တစ်ဖက်အသင်းရဲ့ ဂိုးဧရိယာထဲမှာ နေရာယူခဲ့ပါတယ်။ ဝဲလ်ကော့ရဲ့ ထောင့်ကန်ဘောပေးပို့မှုကို ကိုကွီလင်က  ခေါင်းတိုက်ပြန်ချိုးပေးတာကို အန်ကက်တီးယားက အနီးကပ်ပိတ်သွင်းခဲ့ပါတယ်။ ဒါဟာ သူရဲ့ အာဆင်နယ်စီနီယာကစားသမားဘ၀ ပထမဆုံးသွင်းဂိုးဖြစ်ခဲ့ပါတယ်။ 

၁ဂိုးစီသရေကျနေခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ရမှာတော့ ထောင့်ကန်ဘောကနေပဲ အန်ကက်တီးယားဟာ အိမ်ရှင်အတွက် ဦးဆောင်ဂိုးကို ရယူပေးခဲ့ပါတယ်။ အန်ကက်တီးယားဟာ ဟက်ထရစ်ရယူဖို့တောင် အတော်လေးနီးစပ်ခဲ့ပြီး သူရဲ့ နောက်ထပ်ဂိုး ကန်ချက်ကို နောဝှစ်ဂိုးသမား လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် ဟက်ထရစ်ရယူနိုင်မယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။ 

ဒါဟာ ကျွန်တော်ရဲ့ ပထမဆုံး အိမ်ကွင်းပွဲစဉ်ဖြစ်ပါတယ်။ ကျွန်တော်လိုချင်ခဲ့ တဲ့အရာက ကစားခွင့်ရဖို့ပါပဲ။ကျွန်တော် ဘာလုပ်နိုင်လဲဆိုတာ ပြသချင်တာပါ၊ ကွင်းထဲရောက်‌တော့ ကျွန်တော့်စိတ်ကူး ပြောင်းသွားခဲ့တယ်၊ ငါအသင်းကို ကူညီချင်တယ်ဆိုတဲ့ အတွေးဖြစ်သွားတယ်၊ကျွန်တော်က အာဆင်နယ် ပရိသတ်‌တစ်ယောက်ပါ၊ဒါကြောင့် အသင်းကို မရှုံးနိမ့်စေချင်ခဲ့ပါဘူး။ကျွန်တော်တို့ ကစားပွဲထဲကို ပြန်သွားနိုင်ဖို့ လိုပါတယ်။အသင်းရဲ့ ကစားသမားသက်သက်ပဲ မဟုတ်ပဲ၊ပရိသတ်ပါဖြစ်နေတယ်ဆိုတာက အသင်းရဲ့ ရလဒ်တွေကို တကယ်ပဲ ဂရုစိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

အက်ဒီရဲ့ မရေမရာသတင်းတွေအကြောင်းရေးရတဲ့အချိန်လွန်ခဲ့ပါပြီ။  အာဆင်နယ်အသင်းမျာ ကျောနံပါတ် ၁၄ အသစ်ရရှိခဲ့ပါပြီ။​ လူငယ်တစ်ယောက်ရဲ့ စာမျက်နှာသစ်ဟာ သိပ်ပြီးခန်းနားနေတာမျိုးတော့မဟုတ်ပါဘူး။  ပြီးတော့ ဝေဖန်မှုတွေကလည်း ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း  အက်ဒီကတော့အရာရာအတွက် အသင့်ဖြစ်နေခဲ့ပါပြီ။

Advertisement

Leave a Reply

%d bloggers like this: