ဘေဘီဂျက်လို့ ကျွန်တော်တို့ ချစ်စနိုးခေါ်တဲ့ ဂျက်ဝီရှီးယားက အာဆင်နယ်အနေနဲ့ ဒီနွေမှာ လိဒ်စ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ရာဖင်ဟာကို ခေါ်ယူသင့်တယ်လို့ အကြံပေးလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အချို့ကတည်းကလည်း အာဆင်နယ်ဟာ ရာဖင်ဟာကို စိတ်၀င်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
ရာဖင်ဟာဟာ အင်္ဂလန်မြေမှာ လိဒ်စ်ယူနိုက်တက်အတွက် ကစားခဲ့ရသေးပေမယ့် အတွေ့အကြုံတွေအများကြီး ရရှိခဲ့ပြီးဖြစ်တယ်လို့ ဝီရှီးယားက ယုံကြည်နေတာ ဖြစ်ပါတယ်။ဒါကြောင့် ဂန်းနားဟောင်းကြီးက အာဆင်နယ်ဟာ အချိန်တိုလေးအတွင်း ရင့်ကျက်မှုတစ်ခုကိုပြသနိုင်ခဲ့တဲ့ ဘရာဇီးလ်သားကို ခေါ်ယူသင့်တယ်လို့ အကြံပေးလာခဲ့တာ ဖြစ်ပါတယ်။
“အင်္ဂလန်မှာ သူရှိနေတာ နှစ်နှစ်လောက်ပဲ ကြာသေးပေမယ့် ရာဖင်ဟာ ဟာ အတွေ့အကြုံတွေအများကြီး ရရှိခဲ့ပြီးဖြစ်တဲ့ ကစားသမားတစ်ယောက်လိုပါပဲ။” လို့ ဂျက်က TalkSport ကို ပြောပြလာခဲ့ပါတယ်။
“သူဟာ အင်္ဂလန်ကို ရောက်လာခဲ့ပြီးနောက် ချက်ချင်း ပရီးမီယားလိဂ်ရဲ့ ကစားကွက်မှာ အံ၀င်ခဲ့ပါတယ်။မနှစ်က တန်းဆင်းဇုန်တိုက်ပွဲမှာ သူရှိနေခဲ့ပါတယ်၊ဒါကြောင့် နောက်ထပ်တိုက်ခိုက်ဖို့အတွက် သူ အသင်းဖြစ်နေပြီဆိုတာကို သူကိုယ်တိုင်သိမှာပါ”
“သူဟာ အာဆင်နယ်အတွက် ကစားသမားကောင်းတစ်ယောက်ဖြစ်လာနိုင်မှာပါ။ သူ့ကို ဈေးပေါပေါနဲ့တော့ မရနိုင်ပါဘူး၊ ဒါပေါ့ သူက ဈေးကြီးမှာပဲဗျ” လို့ ဝီရှီးယားက ဆိုပါတယ်။
ဘရာဇီးလ်သားဟာ ဒီရာသီမှာ လိဒ်စ်ကို စွန့်ခွာဖို့ရှိနေပါတယ်။ အာဆင်နယ်အသင်းကလည်း အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် နီကိုလပ်စ်ပေပေကို ဒီနွေမှာ ရောင်းချသွားဖို့ ရှိနေပါတယ်။ ပေပေထွက်ခွာသွားရင် အသင်းရဲ့ ညာတောင်ပံ တိုက်စစ်မှာ ဆာကာတစ်ယောက်တည်းသာ ကျန်ရှိတော့မှာ ဖြစ်တာကြောင့် ပေပေရဲ့နေရာအစားထိုးဖို့ တောင်ပံတိုက်စစ်ကစားသမားတစ်ဦးကို အာဆင်နယ်ဟာ ရှာဖွေနေတာ ဖြစ်ပါတယ်။
အာဆင်နယ်အနေနဲ့ ဒီနွေမှာ ကစားသမားခေါ်ယူဖို့အတွက် ကန့်သတ်ထားတဲ့ ငွေကြေးပမာဏတစ်ခုကိုသာ သုံးသွဲရဖို့ ရှိနေပါတယ်။ လိဒ်စ်ယူနိုက်တက်က သူတို့ရဲ့ ကစားသမားအတွက် ပေါင်သန်း၅၀လောက်အလိုရှိနေတာဟာ အာဆင်နယ်အတွက် ရာဖင်ဟာကို ခေါ်ယူဖို့ အခက်အခဲ တစ်ခုဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးရသတင်းများအရ အာဆင်နယ်တာဝန်ရှိသူတွေနဲ့ ကစားသမားအေးဂျင့်အဖွဲ့တို့ဟာ ဆွေးနွေးမှုအချို့ရှိထားတယ်လို့ သိရပါတယ်။