စကာမန်ကာအတွက် ပီအက်စ်ဂျီနဲ့စကားပြောနေကြောင်း ဆက်ဆူအိုလိုဖက်က ထုတ်ပြောလာ
ဆက်ဆူအိုလိုအသင်းရဲ့ ဥက္ကဌဖြစ်သူဟာ သူတို့ရဲ့တိုက်စစ်မှုးစကာမန်ကာအတွက် ပီအက်စ်ဂျီအသင်းနဲ့ ဆွေးနွေးမှုတွေရှိထားကြောင်းအတည်ပြုပြောဆိုလာပါတယ်။ အဆိုပါ အာဆင်နယ်ပစ်မှတ်တိုက်စစ်မှုးအတွက် ပြင်သစ်ကလပ်ဟာ ပေါင် သန်း ၃၀ အပါအဝင် အပိုဆုကြေးများနဲ့စတင်ကမ်းလှမ်းခဲ့တာဖြစ်ပြီး ၊ စီးရီးအေအသင်းဖက်ကတော့ ပေါင် ၄၃ သန်းအထိအသားတင်လိုချင်နေတယ်လို့ Metro UK ကရေးသားထားပါတယ်။
အာဆင်နယ်မှာမနေချင်လို့ အသင်းသစ်ကို လိုက်ရှာနေတဲ့ တော်ရဲရား
ဖီအိုရင်တီးနားအသင်းနဲ့ အဆင်မပြေပေမယ့် တော်ရဲရားဟာ အာဆင်နယ်ကိုစွန့်ခွာလိုနေတာဖြစ်လို့ စီးရီးအေမှာကစားဖို့ အခွင့်အရေးတွေကိုစောင့်မျှော်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ Sport Italia ရဲ့ ကျွမ်းကျင်သူ အဲဖရက်ဒို ပီဒူလာ ရဲ့ဖော်ပြလာချက်အရ အာဆင်နယ်ကစားသမားဟာ လာဇီယိုအသင်းနဲ့ချိတ်ဆက်နေတယ်လို့သိရပြီး ၊ ဆာရီနဲ့လက်တွဲဖို့အတွက် ၄င်းဖက်ကစတင် ကမ်းလှမ်းခဲ့တာလို့ သိရပါတယ်။
တာဗာရက်စ်အတွက် ပေါင် ၃၄ သန်းသတ်မှတ်ထားတဲ့ အာဆင်နယ်
စီးရီးအေကလပ် အတ္တလန္တာအသင်းဟာ အာဆင်နယ်အသင်းရဲ့ နောက်ခံအစွန်ကစားသမား တာဗာရက်စ်ကို အငှားနဲ့ခေါ်ယူဖို့ကြိုးပမ်းနေတယ်လို့သိရပါတယ်။ အဆိုပါ ကစားသမားအတွက် အာဆင်နယ်အသင်းဟာ ပေါင် ၃၄ သန်းနဲ့ခေါ်ယူခွင့်ကိုပါထည့်သွင်းလိုနေတယ်လို့ သတင်းအချို့ကဖော်ပြနေပါတယ်။ ဆက်စပ်သတင်းများအဖြစ် ဂန်းနားတို့ဟာ ဘိုလော့နာရဲ့ အာရွန်ဟစ်ကီကို ခေါ်ယူဖို့ သဘောတူထားပြီလို့လဲသိရပါတယ်။
ဂျေးဆူနဲ့ တိုင်လီမန်းစ်အတွက် ပေါင် ၇၅ သန်းသုံးမယ်
အာဆင်နယ်အသင်းဟာ တိုင်လီမန်းစ်နဲ့ ဂျေးဆူ ၂ ဦးကို ပေါင် ၇၅ ခန့်သုံးစွဲပြီး အမ်းမရိတ်ဆီခေါ်ယူဖို့ ကြိုးစားနေတယ်လို့ Express သတင်းထောက်ရိုင်ယန်တေလာက ရေးသားလာခဲ့ပါတယ်။ ပေါ်တိုလူငယ်ကစားသမားကိုခေါ်ယူထားပြီးဖြစ်ပေမယ့် တိုင်လီမန်းစ်ဟာ အဓိက ကွင်းလယ် ပစ်မှတ်ဖြစ်နေဆဲဖြစ်ပြီး ၊ ဂျေးဆူကိုကြိုးပမ်းနေမှုကလည်း ခရီးရောက်နေပြီဖြစ်တယ်လို့ သတင်းများစွာက ဆက်တိုက်ဖော်ပြနေကြပါတယ်။
လီနိုနဲ့ ဖူဟမ် ဆက်လက်ဆွေးနွေးနေ
ဖူဟမ်အသင်းနဲ့ အာဆင်နယ်တို့အကြား လီနိုအတွက် ဆွေးနွေးမှုတွေခရီးဆက်နေကြောင်း Express သတင်းဌာနကဖော်ပြလာပါတယ်။ ဖူဟမ်တို့အနေနဲ့ အခြားသော ဂိုးသမားတွေရှိထားပြီးဖြစ်ပေမယ့် ပထမကစားသမားနေရာအတွက် လီနိုကို ရည်ရွယ်ထားတာဖြစ်ကြောင်း သတင်းမှာရေးသားထားပါတယ်။ လီနိုဟာ အသင်းဟောင်းလီဗာကူဆင် ၊ ပေါ်တူဂီကလပ်ဘင်ဖီကာတို့ရဲ့စိတ်ဝင်စားမှုကိုလဲရရှိထားပါတယ်။