ဗီအဲရာ‌ ရောက်ရှိလာခြင်းဟာ စမစ်ရိုးအတွက် အကောင်းတွေ ဖြစ်နိုင်ပါ့မလား

ဒီရက်ပိုင်းမှာ အာဆင်နယ်ရဲ့ အပြောင်းအရွှေ့သတင်းတွေကို ဟုတ်တာတွေရော၊ မဟုတ်တာတွေရော မမြင်ချင်မှအဆုံး နေ့တိုင်းကို မြင်တွေ့နေရတာပါ။ 

ဒီလိုမျိုး ကောလဟာလ မျိုးစုံတွေ ထွက်နေတဲ့ကြားကနေ အာဆင်နယ်ဟာ ပေါ်တိုကွင်းလယ်လူကို ခေါ်ယူဖို့ အတော်လေး နီးစပ်နေပါပြီဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။၂၄နာရီ မပြည့်သေးခင်မှာပဲ သဘောတူညီမှု ရသွားပြီဆိုတဲ့ သတင်းတွေဟာ တက်လာခဲ့ပါတယ်။ 

အာဆင်နယ်ရဲ့  အပြောင်းအရွှေ့ ဂုရု David Ornstein ကလည်း ဒီသတင်းကို ပိုပြီးသေချာအောင် အတည်ပြုပေးခဲ့ပါတယ်။ဒါကြောင့် ဖာဘီယိုဗီအဲရာလို့ခေါ်တဲ့ ပေါ်တိုကွင်းလယ်လူကို မကြာခင် အာဆင်နယ်ဂျာစီနဲ့ သေချာပေါက်မြင်ရတော့မှာပါ။ 

ကနဦး ဖော်ပြမှုတွေအတိုင်း ဖာဘီယို ဗီအဲရာအတွက် ပြောင်းရွှေ့ကြေးက ပေါင် (၂၉) သန်း+ Add-ons ပေါင် (၅) သန်း ဖြစ်ပါတယ်။ ကစားသမားဟာ လန်ဒန်ကိုလာနေပြီး သောကြာနေ့မှာ ဆေးစစ်မှာ ဖြစ်ပါတယ်။ 

ဒီလိုပေါ်တူဂီသားကို ခေါ်ယူခဲ့တာဟာ အာတီတာရဲ့ တိုက်ရိုက်တောင်းဆိုမှုကြောင့် အက်ဒူး ခေါ်ယူပေးခဲ့ရတာ ဖြစ်ပါတယ်။ ကစားသမားသစ်ရောက်လာတဲ့အတွက် ပရိသတ်တွေအနေနဲ့ ပျော်ရွှင်ခဲ့ရပေမယ့် ဘာလို့ နောက်ထပ်ကွင်းလယ်တိုက်စစ်ကစားသမားကို ခေါ်ယူခဲ့တာလဲဆိုတာ အာတီတာကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ 

အာဆင်နယ်ဟာ ဒီရာသီမှာ ကွင်းလယ်လူတစ်ယောက်ခေါ်ယူဖို့ရှိနေတယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိနှင့်ခဲ့ပြီး ဖြစ်မှာပါ။ လက်စတာကွင်းလယ်လူ တိုင်လ်မန်းနဲ့ အာဆင်နယ်ဟာ သတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်နေခဲ့ပြီး ရှာကာရဲ့နေရာ ကစားနိုင်မယ့် ကွင်းလယ်လူကို အသင်းဟာ ခေါ်ယူလိမ့်မယ်လို့ ကျွန်တော်တို့ ခန့်မှန်းခဲ့ကြတာပါ။ တကယ်တမ်းမှာတော့ နောက်ထပ်ကွင်းလယ်တိုက်စစ်ကစားသမားကိုသာ အာတီတာနဲ့အီဒူးတို့ဟာ ခေါ်ယူခဲ့ပါတယ်။ 

လက်ရှိအသင်းရဲ့ ကွင်းလယ်တိုက်စစ်မှာ  အိုဒီဂတ်နဲ့ စမစ်ရိုးတို့ ရှိနှင့်ပြီးသားဖြစ်ပါတယ်။ အိုဒီဂတ်က အသင်းရဲ့ကွင်းလယ်တိုက်စစ်နေရာအတွက် ပထမဦးစားပေးကစားသမား ဖြစ်လာချိန်မှာတော့ စမစ်ရိုးဟာ အသင်းရဲ့ ညာ တောင်ပံတိုက်စစ်မှာ မာတင်နယ်လီနဲ့ အလှည့်ကျ ကစားခဲ့ရပါတယ်။ 

တကယ်လို့ အိုဒီဂတ် ဒဏ်ရာရသွားခဲ့ရင် ဒါမှမဟုတ် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရရင် ကွင်းလယ်တိုက်စစ်အတွက် စမစ်ရိုးရှိနေပြီးသားပါ။ ဒါပေမယ့် အာတီတာဟာ နောက်ထပ်ကွင်းလယ်တိုက်စစ်မှူးတစ်ဦးကို ထပ်မံခေါ်ယူခဲ့ပါတယ်။ ဒီတော့ စမစ်ရိုးရဲ့ အမ်းမရိတ်အနာဂတ်ဟာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ တဆက်ထဲမှာပဲ ကိုယ်ရဲ့ရင်းမြစ်တွေကို ပြန်ပြီးပိတ်ပင်နေပြီလားဆိုတဲ့ စိုးရိမ်မှုတွေလဲ ဆက်တိုက်ပေါ်ထွက်လာပါတယ်။

အိုဇေးလ်အာဆင်နယ်ကနေ ထွက်ခွာခဲ့ပြီးနောက် ကျောနံပါတ်၁၀ ဆက်ခံသူဖြစ်လာခဲ့တဲ့ စမစ်ရိုးဟာ အသင်းရဲ့ အတောက်ပဆုံး အကယ်ဒမီလူငယ်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ် ၃၃ပွဲကစားပြီး ၁၀ဂိုးသွင်းယူနိုင်ခဲ့တဲ့ အင်္ဂလန်ကြယ်ပွင့် စမစ်ရိုးဟာ ဗီအဲရာကြောင့် အိုဒီဂတ်ရဲ့ အရန်ကစားသမားဆိုတဲ့ နေရာကို ဆုံးရှုံးရဖို့ ရှိနေပါတယ်။ ညာတောင်ပံတိုက်စစ်မှာလည်း မာတင်နယ်လီဟာ အကောင်းဆုံးခြေစွမ်းပြနေတာကြောင့် စမစ်ရိုးဟာ ပွဲထွက်ခွင့်တစ်နေရာအတွက်မသေချာတဲ့ အနေအထားကို ရောက်ရှိနေတယ်လို့ ပရိသတ်အချို့က သုံးသပ်နေပါတယ်။ 

တကယ်တမ်းမှာတော့ စမစ်ရိုးနဲ့ ဗီအဲရာတို့ဟာ ခြေစွမ်းချင်းကော၊ ကစားပုံချင်းပါ မတူညီတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။စမစ်ရိုးဟာ တိုက်စစ်လိုက်ပါပြီး ဂိုးတွေသွင်းယူဖို့ ကစားသမားဖြစ်ပါတယ်။ ဗီအဲရာကတော့ ကိုယ်တိုင်ဂိုးသွင်းဖို့ထက် အသင်းဖော်တွေကို ဂိုဖန်တီးဖို့ပဲ ပိုအားသန်တဲ့ playmaker တစ်ယောက်ဖြစ်ပါတယ်။‌ ထပ်ပြီးအသေးစိတ်ပြောရရင်တော စမစ်ရိုးဟာ ပြိုင်ဖက်အသင်းရဲ့ System အပေါ်မှာ အသာစီးရယူတဲ့အခါ အာတီတာအားကိုးတဲ့သူဖြစ်ပြီး ၊ ဗီအဲရာကတော့ Formal Play တွေရယ် ၊ In Play Problem ရယ်မှာပိုပြီးအသုံးတည့်မယ့်သူမျိုးဖြစ်ပါတယ်။ ပေါ်တူဂီသားဟာ ထောင့်ကန်ဘောတွေကန်တဲ့နေရာလည်း ကျွမ်းကျင်သူ ဖြစ်တာကြောင့် အသင်းကို အများကြီးအကျိုးပြုလာနိုင်ဖို့ ရှိပါတယ်။ 

စမစ်ရိုးဟာ ကြယ်ပွင့်ကစားသမားလေးလို ဆိုပေမယ့် သင်ယူစရာတွေ အများကြီးကျန်နေသေးတဲ့ ကစားသမားလေးဖြစ်ပါတယ်။ဗီအဲရာကတော့ စမစ်ရိုးနဲ့မတူညီတဲ့ အဆင့်တစ်ခုမှာ ရှိနေပြီလို့ ဆိုနိုင်ပါတယ်။  

ဒါကြောင့် စမစ်ရိုးအတွက် ဗီအဲရာ ရောက်ရှိလာခြင်းဟာ မကောင်းတဲ့ လက္ခဏာတစ်ခု လုံး၀မဟုတ်ပါဘူးလို့ပဲ ဆိုပါရစေ။ အာတီတာက‌လည်း စမစ်ရိုးရဲ့ အနာဂတ်ကို ထိခိုက်အောင်လုပ်မယ့် မန်နေဂျာမဟုတ်တာကိုတော့ သတိပြုဖို့ လိုပါလိမ့်မယ်။ အာတီတာကို အခြားနေရမှာသံသယဖြစ်လို့ရပေမယ့် လူငယ်တွေကို ယုံစားခြင်းမှာတော့ မျက်စေ့မှိတ်စိတ်ချထားလို့ရပါတယ်။

Thanks for reading our content.

Advertisement

Leave a Reply

%d bloggers like this: