လီဗာပူးလ်ကြယ်ပွင့်ဟောင်းဖြစ်သူ စတိဗ်နီကိုလာက အာတီတာဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး ထုတ်ပယ်ခံရသူ ဖြစ်နိုင်တယ်လို့ ထင်ကြေးပေး ခန့်မှန်းလာခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒီနွေမှာ ဆော်ပေါ်လိုကနေ မာကွင်ဟိုကို ခေါ်ယူခဲ့တာကလွဲလို့ ကြီးကြီးမားမား ဘာမှမလုပ်ပြနိုင်သေးဘူး။ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီမှာ အာဆင်နယ်ဟာ အပြောင်းအရွှေ့ကာလ ကုန်ခါနီးမှ ကစားသမားတွေ စုပြုံ၀ယ်ခဲ့တာဖြစ်ပါတယ်။ဒီနွေမှာလည်း နွေရာသီအပြောင်းအရွှေ့ရဲ့ နောက်ဆုံးသီတင်းပတ်တွေရောက်လာမှပဲ အာဆင်နယ်ရဲ့ ကစားသမားခေါ်ယူမှုကို မြင်တွေ့ရမလားတော့ မပြောတတ်ပါဘူး။
ဒီနွေမှာ အာဆင်နယ်ဟာ ကြီးမားတဲ့ ကစားသမားအင်အားဖြည့်တင်းမှုတွေ လိုအပ်နေပြီး ထိပ်ဆန်းတိုက်စစ်မှူးတစ်ဦးကို မဖြစ်မနေ ၀ယ်ယူဖို့ လိုအပ်နေတာပါ။မကြာသေးခင်ကတော့ အာတီတာဟာ သူ့ရဲ့ စိတ်ကြိုက်ကစားသမားတွေကို ခေါ်ယူဖို့အတွက် ငွေထုတ်ပေးဖို့ တွေဝေနေတဲ့ ဘုတ်အဖွဲ့ကို စိတ်ပျက်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
ESPNရဲ့ ရုပ်သံအစီအစဉ်တစ်ခုမှာတော့ နီကိုလာက တကယ်လို့ အာဆင်နယ်ဟာ မနှစ်ကလို ဆိုးရွားတဲ့ ရာသီအစကို ထပ်မံရင်ဆိုင်ခဲ့ရရင် အာတီတာဟာ အသင်းကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ ထင်ကြေးပေးလာခဲ့ပါတယ်။
“(ပထမဆုံးထုတ်ပယ်ခံရမယ့် မန်နေဂျာက) အာတီတာ ဖြစ်မယ်လို့ကျွန်တော်ထင်တယ်ဗျ။ပြီးခဲ့တဲ့နှစ်မှာ ဆိုးရွားတဲ့ ရာသီအဖွင့်နဲ့ ကြုံတွေ့ခဲ့ရပြီး လူတိုင်းက သူ့ကို အာဆင်နယ်ကနေ ထွက်စေချင်ခဲ့တာပါ။ဒါပေမယ့် အာတီတာဟာ အသင်းကို တဖြည်းဖြည်းချင်း ပြန်တည်ဆောက်ပြီး အဆင့်လေးနေရာဆီ အာဆင်နယ်ကို ပို့ဆောင်ပေးခဲ့ပါတယ်။ဒါပေမယ့် ရာသီကုန်ခါနီးမှာ အာတီတာဟာ ဖိအားတွေအောက် တဖန်ပြန်ရောက်ခဲ့ပါတယ်”
“သူတို့ တကယ်ကို ဆိုးဆိုးရွားရွားလဲကျခဲ့ပါတယ်(ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်ခဲ့တာကို ဆိုလိုတာ ဖြစ်ပါတယ်)။ဒါကြောင့် လာမယ့်ရာသီအစမှာ ရလဒ်တွေဆိုးရွားခဲ့ရင် အာတီတာဟာ ထုတ်ပယ်ခံရနိုင်ပါတယ်”
အာတီတာဟာ မကြာသေးမီကပဲ အသင်းနဲ့ စာချုပ်သက်တမ်းတိုးထားခဲ့သူဖြစ်ပါတယ်။ဘုတ်အဖွဲ့ဟာ စပိန်သားအပေါ် ယုံကြည်မှု ရှိတယ်ဆိုတာကို ပြသခဲ့ပေမယ့် အာတီတာလိုချင်နေတဲ့ အရာတွေကို ဖြည့်ဆည်းပေးဖို့အတွက်တော့ ခုထိ ကတိမတည်နိုင်သေးပုံပါပဲ။
ဒီတွေမှာ ကောင်းကောင်းမပြင်ဆင်ခဲ့ရင်တော့ ဥရောပပြိုင်ပွဲပါ ယှဉ်ပြိုင်ရဖို့ ရှိနေတဲ့ အာဆင်နယ်အတွက် လာမယ့်ရာသီမှာ အခက်အခဲများစွာကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။အသင်းအနေနဲ့ရလဒ်ဆိုးတွေ ထပ်ကြုံတွေ့ခဲ့ရရင် ဘုတ်အဖွဲ့ကတော့ ဒေါသထွက်နေတဲ့ ပရိသတ်တွေကို နှစ်သိမ့်ဖို့ အာတီတာကို ထုတ်မပယ်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။