ယူရိုပါလိဂ်၀င်ခွင့်ကနေ အာဆင်နယ်ရလာမယ့် အကျိုးအမြတ်(၃)ခု

၂၀၂၁-၂၂ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ အဆင့်ငါးနေရာနဲ့ ကျေနပ်ခဲ့ရတဲ့ အာဆင်နယ်ဟာ နှစ်နှစ်ကြာဝေးကွာခဲ့ရတဲ့ ဥရောပပြိုင်ပွဲ ဇာတ်ခုံပေါ်ကို လာမယ့် ‌ရာသီမှာ ပြန်လည် တက်လှမ်းနိုင်တော့မှာ ဖြစ်ပါတယ်။ 

အာဆင်နယ်အနေနဲ့  ထိပ်သီးလေးသင်းစာရင်း၀င်ဖို့ အနီးစပ်ဆုံးအခြေအနေ တစ်ခု‌ ရောက်ခဲ့ပြီးမှ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်ခဲ့ပြီး ယူရိုပါလိဂ်၀င်ခွင့်သာ ရခဲ့ပေမယ် အဆိုးချည်းပဲတော့ မဟုတ်ပါဘူး။ ချန်ပီယံလိဂ် ၀င်ခွင့်ရရင်တော့ အသင်းနဲ့ ပရိသတ်တွေအတွက် ပိုပျော်စရာ ကောင်းခဲ့မှာ ဖြစ်ပေမယ့် ဥရောပပြိုင်ပွဲတွေကို တဖန်ပြန်လည်ခြေချခွင့်ရခဲ့တာဟာလည်း စိတ်ကျေနပ်စရာ တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။ 

ဒီတော့ အာဆင်နယ်အသင်း ယူရိုပါလိဂ်၀င်ခွင့်ရခဲ့တာကနေ အကျိုးအမြတ်(၃)ခုရရှိမှာ ဖြစ်ပါတယ်။ ဘယ်လိုအကျိုးအမြတ်တွေလဲဆိုတော့ 

()  ပွဲကစားချိန်ပိုရလာမယ့် လူငယ်ကစားသမားလေးတွေ 

ပြီးခဲ့တဲ့ ရာသီမှာ ဆလီဘာကို မာဆေးလ်ဆီ အငှားချခဲ့ရတာဟာ အသင်းအနေနဲ့ ကစားစရာ ပွဲစဉ်အများအပြား မရှိနေခဲ့တာကြောင့် ဖြစ်ပါတယ်။ပြည်တွင်းလိဂ်ဖလားပွဲစဉ်အချို့နဲ့ တစ်ပတ်တစ်ခါ ပရီးမီးယားလိဂ်ပွဲစဉ်တွေသာ ကစားရဖို့ ရှိနေတဲ့ အာဆင်နယ်ဟာ အသင်းရဲ့ လူငယ်ကစားသမားတွေကို ကစားချိန် မိနစ်‌ တွေမပေးနိုင်ခဲ့ပါဘူး။ 

အာသာအိုကွန်ကို၊ ချာလီပါတီနို၊ ဟတ်ချင်ဆန်၊ မီဂွယ်လ်အက်ဇ်ဇိ၊ မာဆယ်လို ဖလောရက်စ်တို့ဟာ အသင်းရဲ့ အလားအလာရှိတဲ့ အကယ်ဒမီလူငယ်လေးတွေပဲ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရာသီမှာ ပါတီနိုကတော့ လိဂ်ဖလားပွဲစဉ်အချို့မှာ ပါ၀င်ခွင့်ရခဲ့ပါတယ်။ 

လာမယ့်ရာသီမှာတော့ ဒီလူငယ်လေးတွေဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကစားခွင့်မိနစ်၊ဥရောပအတွေ့အကြုံတွေ ရှာဖွေနိုင်တော့မှာ ဖြစ်ပါတယ်။အငှားကနေ ပြန်လာမယ့် ရိစ်နယ်လ်ဆင်၊ ဘာလိုဂန်တို့ဟာလည်း ထပ်မံအငှားထွက်ကစားရမယ့်အစား အာဆင်နယ်မှာ ပွဲထွက်ခွင့်တွေ ရရှိလာနိုင်တော့မှာ ဖြစ်ပါတယ်။ 

()ငွေကြေးအမြတ်အစွန်းတွေ ပိုမိုရရှိလာဖို့ အခွင့်အရေး 

ချန်ပီယံလိဂ်ပြိုင်ပွဲလောက်တော့ ဆုကြေးငွေတွေမရနိုင်ပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကစားခွင့်ရတာဟာ အာဆင်နယ်ရဲ့ ၀င်ငွေကို တိုးလာနိုင်စေမှာ ဖြစ်ပါတယ်။ 

Sportingnews.comရဲ့ အဆိုအရ ယူရိုပါလိဂ် ပြိုင်ပွဲ၀င်ခွင့်ရတဲ့ အသင်း၃၂သင်းဟာ ၀င်ခွင့်ဆုငွေအဖြစ် ပေါင်၃.၃၄သန်း ရရှိမှာ ဖြစ်ပါတယ်။ အုပ်စုပွဲစဉ်တွေမှာ နိုင်ပွဲတစ်ပွဲအတွက် ပေါင်‌ ၅၇၉၅၄ ရရှိမှာ ဖြစ်ပြီး သရေကျခဲ့ရင်တော့ ပေါင်၁၉၃၂၀ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ရင် ပေါင်၁သန်းကို ထပ်မံပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ 

အာဆင်နယ်အနေနဲ့ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ခဲ့ရင် ပေါင်၁.၆၅သန်း အနည်းဆုံး ရရှိမှာ ဖြစ်ပြီး အနိုင်ရခဲ့ရင် ပေါင်၇.၉သန်းအထိ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ 

ဒီဆုကြေးပမာဏတွေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲက ဆုကြေးတွေနဲ့ ယှဉ်ရင်တော့ မဖြစ်စလောက်လို့ ဆိုနိုင်ပေမယ့် ပြီးခဲ့တဲ့ နှစ်နှစ်မှာ ဒီဆုကြေးငွေတွေဟာ အသင်းနဲ့ ဘာမှ မသက်ဆိုင်ခဲ့မှုမရှိခဲ့တာကိုတော့ သတိရဖို့ လိုပါလိမ့်မယ်။ 

() ချန်ပီယံလိဂ်၀င်ခွင့်အတွက် နောက်ထပ်၀င်ပေါက်တစ်ခု 

ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့ အသင်းဟာ ချန်ပီယံလိဂ်၀င်ခွင့် ရရှိမှာ ဖြစ်ပါတယ်။နောက်ရာသီမှာ ချန်ပီယံလိဂ်၀င်ခွင့်ရဖို့ ပစ်မှတ်ထားနေတဲ့ အာဆင်နယ်အတွက် ယူရိုပါလိဂ်ဖလားကိုသာ ဆွတ်ခူးနိုင်ခဲ့ရင် ချန်ပီယံလည်းဖြစ်၊ချန်ပီယံလိဂ်၀င်ခွင့်လည်းရဆိုတော့  ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်နိုင်မှာ ဖြစ်ပါတယ်။ 

လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်၀င်ခွင့်ရဖို့ဆိုတာ သိပ်တော့ လွယ်ကူမှာ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် ပရီးမီးယားလိဂ်မှာ ထိပ်သီးလေးသင်းစာရင်း၀င်ဖို့က ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ထက်တောင် ပိုခက်ခဲနိုင်ပါသေးတယ်။ ဒါကြောင့် အာဆင်နယ်အနေနဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ထိပ်သီးလေးသင်းစာရင်းမ၀င်ခဲ့ရင်တောင် ယူရိုပါလိဂ်မှာ ဗိုလ်စွဲပြီး ချန်ပီယံလိဂ်၀င်ခွင့်ရဖို့ အခွင့်အရေးရှိနေဆဲပါပဲ။

Advertisement

Leave a Reply

%d bloggers like this: