အာဆင်နယ်နဲ့ခေါင်းစဥ်တပ်ခံရတဲ့ နောက်ထပ်တိုက်စစ်မှုး

ဂျီယိုဗန်နီ ဆီမြွန်နီဟာ အာဆင်နယ်ရဲ့ ပစ်မှတ် တိုက်စစ်မှူးစာရင်းထဲမှာ အသစ်စက်စက် ပါ၀င်လာတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါဟာ တကယ့်သတင်းလား ၊ မီဒီယာတွေ Click ရှာတာလား ၊ အေးဂျင့်တွေက ဝယ်လက်သစ်လိုချင်လို့ဆွပေးတာလားကတော့ မသိနိုင်ပါဘူး။ စီးရီအေတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဗီရိုနာကို အငှားထွက်ကစားခဲ့ပြီး  လိဂ်ဂိုး၁၇ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်တိုက်စစ်မှုးကောင်းတစ်ယောက်ဆိုတာကတော့ အသေအချာပါပဲ။

သူ့ရဲ့ မိခင်ကလပ် ကယ်လ်ဂရီအာရီဟာ စီးရီးအေကနေ တန်းဆင်းသွားခဲ့ပြီ ဖြစ်တာကြောင့် ဗီရိုနာက ဆင်မြူနီကို အပြီးသတ်ခေါ်ယူဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။  ဒါပေမယ့် ကယ်လ်ဂရီအာရီက သူတို့ရဲ့ ကစားသမားကို ဈေးပိုပေးတဲ့ အသင်းဆီ ရောင်းချဖို့ ရှိနေတာကြောင့် အာဆင်နယ်ဟာ ဗီရိုနာကို ကျော်ဖြတ်ပြီး ဆင်မြူနီကို ခေါ်ယူဖို့ အခွင့်အရေးရှိနေပါတယ်။ 

ဆင်မြူနီကို ခေါ်ယူဖို့ အာဆင်နယ်အတွက် အဓိကပြိုင်ဘက်အဖြစ် ဂျူဗင်တပ်အသင်းက ရှိနေတာ ဖြစ်ပါတယ်။စီးရီးအေဘီလူးတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာလည်း အာဆင်နယ်ပစ်မှတ်လို့ ကျယ်ကျယ်လောင်လောင် နာမည်ထွက်ခဲ့ဖူးတဲ့ ဗလာဟိုဗစ်ကို ခေါ်ယူခဲ့ပါတယ်။ 

လက်ရှိမှာ အာဆင်နယ်ဟာ ဆင်မြူနီကို ခေါ်ယူဖို့အတွက် နောက်ထပ်ပြိုင်ဘက် အသင်းတစ်သင်းတိုးလာခဲ့ပါပြီ။နယူးကာဆယ်ကလည်း ဆင်မြူနီကို ခေါ်ယူဖို့ စိတ်၀င်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြန်ပါတယ်။ 

အသင်းပိုင်ရှင်သစ်အပြောင်းအလဲနဲ့အတူ ငွေကြေးအများအပြားသုံးစွဲပြီး အသင်းကို အင်အားဖြည့်တင်းဖို့ပြင်ဆင်နေတဲ့ ငှက်ကျားတွေဟာ ဒီနွေမှာ ကစားသမားအများအပြားကို ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဆင်မြူနီရဲ့ တန်ကြေးဟာ ယူရိုသန်း၂၀ရှိနိုင်ပြီး ဒီငွေကြေးပမာဏဟာ နယူးကာဆယ်အတွက်တော့ မပြောပလောက်တဲ့ ပမာဏသာ ဖြစ်ပါတယ်။ 

ဒီအပြောင်းအရွှေ့အတွက် ကစားသမားဟာ ချန်ပီယံလိဂ်၀င်ခွင့်ရထားတဲ့ ဂျူဗင်တပ်ဆီပြောင်းရွှေ့မလား၊ဒါမှမဟုတ် ယူရိုပါလိဂ် ၀င်ခွင့်ရထားတဲ့ အာဆင်နယ်ဆီပြောင်းရွှေ့မလား ၊ဒါမှမဟုတ် ငွေကြေးအများဆုံးသုံးနိုင်တဲ့ နယူးကာဆယ်ဆီ ပြောင်းရွှေ့မလားဆိုတာတော့ ဆုံးဖြတ်ရပါတော့မယ်။ 

သူရဲ့ မိခင်အသင်းကတော့ ပိုက်ဆံအများဆုံးပေးနိုင်မယ့် အသင်းဆီရောင်းချနိုင်ချေ များတာကြောင့် နယူးကာဆယ်ဟာ ဒီအပြောင်းအရွှေ့မှာ အသာရသွားနိုင်ပါတယ်။အာဆင်နယ်အနေနဲ့ ဆင်မြူနီကို ခေါ်ယူချင်တယ်ဆိုရင် ငှက်ကျားတွေထက် ငွေပိုသုံးပြဖို့ လိုအပ်နေပါတယ်။

Advertisement

Leave a Reply

%d bloggers like this: