အီတလီက လာတဲ့ သတင်းတွေအရ နာပိုလီဟာ သူတို့ရဲ့ကစားသမား ဗစ်တာအိုစီမန်အတွက် အာဆင်နယ်ရဲ့ ယူရိုသန်း၆၀(ပေါင်၅၁သန်း)နဲ့ ကမ်းလှမ်းမှာကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
အူဘာမီယန်း၊လာကာဇက်တို့ကို ဆုံးရှုံးထားတဲ့ အာဆင်နယ်ဟာ ဒီနွေမှာ တိုက်စစ်မှူးသစ်နှစ်ဦး ခေါ်ယူဖို့ ရှိနေပါတယ်။ လက်ရှိမှာတော့ မန်စီးတီး တိုက်စစ်မှူး ဂျေးဆုကို ခေါ်ယူဖို့ ကြိုးစားနေပြီး အာဆင်နယ်ဘုတ်အဖွဲ့က မန်စီးတီးတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း၅၀ကို ပေးဖို့ လက်တွန့်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
အီတလီကလာတဲ့ သတင်းတွေအရဆိုရင် အာဆင်နယ်ရဲ့ ပစ်မှတ်တိုက်စစ်မှူးစာရင်းထဲမှာ နာပိုလီတိုက်စစ်မှူး အိုစီမန် ပါ၀င်လာပုံပါပဲ။
အိုစီမန်ဟာ၂၀၂၀မှာ လိုင်လီကနေ နာပိုလီကို ပေါင်၆၉.၅သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။အသက်၂၃နှစ်အရွယ် တိုက်စစ်မှူးဟာ နာပိုလီအတွက် ၆၂ပွဲကစားပြီး ၂၈ဂိုးသွင်းယူထားနိုင်ခဲ့ပါပြီး စီးရီအေရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးလို့ သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။
အီတလီမီဒီယာအချို့ ဆိုထားတာကတော့ အာဆင်နယ်ဟာ နာပိုလီကြယ်ပွင့်ကို ပေါင်၅၁သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး နာပိုလီကတော့ ဒီကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။စီးရီအေ ကလပ်ဟာ သူတို့ရဲ့ ကစားသမားအတွက် ယူရိုသန်း၁၀၀(ပေါင်၈၅သန်း) အလိုရှိနေတာ ဖြစ်ပါတယ်။
နိုင်ဂျီးရီးယားလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ရာသီ စီးရီအေမှာ နာပိုလီနဲ့အတူ တောက်ပခဲ့ပြီး ၃၂ပွဲကစား၊၁၈ဂိုးသွင်းယူပေးခဲ့ပါတယ်။ဒါကြောင့် ဥရောပကလပ်အသင်းအများအပြားက အိုဆီမန်ကို မျက်စိကျနေကြတာ ဖြစ်ပါတယ်။
အိုစီမန်ဟာ နာပိုလီနဲ့ ငါးနှစ်စာချုပ်ချုပ်ထားတာ ဖြစ်တာကြောင့် စာချုပ်သက်တမ်း ၃နှစ်ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ဒါကြောင့် အာဆင်နယ်အနေနဲ့ နာပိုလီတိုက်စစ်မှူးကို ခေါ်ယူဖို့အတွက်ဆိုရင် ယူရိုသန်း၁၀၀အထိ သုံးစွဲရနိုင်ချေရှိပါတယ်။