သက်တမ်းကုန်ပေမယ့် အထွက်စာရင်းမပါသေးတဲ့ အာဆင်နယ်ကစားသမားများ
စာချုပ်သက်တမ်းကုန်တဲ့ကစားသမားတွေနာမည်ကို ကြေငြာခဲ့ရာမှာ အချို့သော လူငယ်ကစားသမားတွေဟာ (သက်တမ်းပြည့်နေသော်ငြား) ပါမလာခဲ့တာကြောင့် မထင်မှတ်ပဲ အသင်းမှာဆက်ရှိဖွယ်ရှိနေကြပါတယ်။ ဇွန်လ ၂၀၂၂ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ကြတော့မယ့် တင်အကီနိုလာနဲ့ ဂျော့လူးဝစ်တို့ဟာလည်း အသင်းကထွက်ခွာရမယ့်စာရင်းမှာ မပါလာတာကို Daily Cannon က ဖော်ပြလာပါတယ်။ အဆိုပါကစားသမား ၂ ဦးစလုံးမှာ U23 နဲ့ အငှားကစားသမားဘဝတွေမှာ ကိုယ်စီခြေစွမ်းပြနိုင်ခဲ့ကြတာဖြစ်ပါတယ်။
ပါတီနိုတစ်ယောက် သေချာပေါက် အသင်းကြီးရောက်မယ်လို့ ချားလ်ဝက်စ်ပြော
Goals ရဲ့ သတင်းထောက် ချားလ်ဝက်စ်ကတော့ ချာလီပါတီနိုဟာ သေချာပေါက် အသင်းမှာနေရာ ရလာလိမ့်မယ်လို့ ခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။
“ အာဆင်နယ်နဲ့ နီးစပ်တဲ့သူအချို့နဲ့ပြောဖြစ်တုန်းက ပါတီနို အကြောင်းလဲပါဝင်ခဲ့ပါတယ်။ သူ့ကို အသင်းမှာ ပွဲထွက်ကစားချိန်ပိုရအောင် အသင်းတစ်သင်းဆီ အငှားချဖို့ရှိနေခဲ့တာပါ။ သူ့အဆင့်နဲ့ U23 မှာ ဆက်အချိန်ကုန်ဖို့မှမရှိတာ .. ဒါပေမယ့် ယူရိုပါလိဂ်ဝင်ခွင့်ရသွားတဲ့နောက်မှာတော့ အခြေအနေပြောင်းသွားခဲ့ပါတယ် .. ပါတီနိုကို စီနီယာအဆင့်မှာ ပိုပိုပြီး မြင်ရမှာပါ “ လို့ပြောဆိုလာခဲ့တာဖြစ်ပါတယ်။
ထရိုဆက်ကို အာဆင်နယ်စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာ
အာဆင်နယ်အသင်းဟာ ဘရိုက်တန်ကစားသမား ထရိုဆက်ကိုလည်း ကွင်းလယ်တစ်နေရာအတွက်စိတ်ဝင်စားနေကြောင်း Sport Witness က ဘယ်လ်ဂျီယံသတင်းစာ Voetbal Belgie ကို ကိုးကားပြီး ဖော်ပြလာပါတယ်။ အဆိုပါ ကစားသမားဟာ အာဆင်နယ်နဲ့တွေ့တိုင်းမှာ ခြေစွမ်းပြသနိုင်သူဖြစ်ပြီး ၊ လွန်ခဲ့တဲ့ ၃ နှစ်တုန်းကလည်း ဂန်းနားတို့က စိတ်ဝင်စားခဲ့ဖူးပါတယ်။ အသက် ၂၇ နှစ်သားရဲ့ ကာလပေါက်စျေးကတော့ ပေါင် ၁၈ သန်းဖြစ်ပါတယ်။
အာရွန်ဟစ်ကီကို ဘရန်းဖို့ဒ်တရားဝင် ကမ်းလှမ်းပြီ
ဘရန်းဖို့ဒ်အသင်းဟာ ဘိုလော့နာနောက်ခံလူအာရွန်ဟစ်ကီအတွက် တရားဝင်ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့ကြောင်း Daily Mail ကဖော်ပြလာခဲ့ပါတယ်။ အဆိုပါကစားသမားဟာ အာဆင်နယ်နဲ့ နာမည်ဆက်တိုက်ထွက်နေခဲ့တာဖြစ်ပြီး ၊ အသင်းဆီရောက်ရှိလာတော့မယ်လို့ နေ့စဥ်ရေးသားနေကြပေမယ့် ဘရန်းဖို့ဒ်က အခုလိုတရားဝင်ကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။ အာရွန်ဟစ်ကီဟာ အသက် ၂၀ သာရှိသေးပေမယ့် အခြားသောလူငယ်ကစားသမားများထက်ပိုပြီးပွဲထွက်ကစားထားသူဖြစ်ပါတယ်။
အာတီတာနဲ့ အာဆင်နယ် အဖုအထစ်ဖြစ်နေတယ်လို့ သတင်းထွက်ပေါ်လာ
အာတီတာနဲ့ အာဆင်နယ်ဘုတ်အဖွဲ့ကြားမှာ အဖုအထစ်ဖြစ်နေပြီဆိုပြီး Daily Mail က ရေးသားဖော်ပြလာပါတယ်။ ဂါဘရီယယ်ဂျေးဆူကို ခေါ်ယူရေးမှာ မလိုအပ်ပဲကျန့်ကြာနေတယ်လို့ အာတီတာဖက်က ခံစားနေရပြီး ၊ ဘုတ်အဖွဲ့ရဲ့လုပ်ပုံကိုင်ပုံကို စိတ်ပျက်နေတယ်လို့ ဆိုလာတာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ စပြီးနာမည်ထွက်လာခဲ့တဲ ဂျေးဆူကို ယခုအချိန်မှာတော့ အသင်းပေါင်း ၆ သင်းလောက်က စောင့်ကြည့်နေကြပြီဖြစ်တယ်လို့ လည်းသတင်းတွေမှာဖော်ပြနေကြပါတယ်။