လာကာဇက်အပြင် အာဆင်နယ်ကနေ ထွက်ခွာသင့်တဲ့ ကစားသမားများ

ပြီးခဲ့တဲ့ ဇန်နဝါရီမှာ  အူဘာမီယန်းဟာ အမ်းမရိတ်ကနေ ထွက်ခွာသွားခဲ့သလို ဒီနွေမှာလည်း လာကာဇက်ဟာ အသင်းဟောင်း လိုင်ယွန်ဆီပြန်သွားခဲ့ပါတယ်။ အာတီတာရဲ့ အာဆင်နယ်အတွက် အနာဂတ်အစီအစဉ်တွေမှာ မပါ၀င်တော့တဲ့ ဒီကစားသမားနှစ်ဦးဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း အသင်းရဲ့ ဩဇာအကြီးမားဆုံးကစားသမားတွေ၊ အသင်းရဲ့ ခေါင်းဆောင်တွေ ဖြစ်ခဲ့ကြတာပါ။ 

ဒီတော့ အာတီတာအနေနဲ့ အသင်းရဲ့ ကွင်းတွင်းခြေစွမ်းတွေကို တိုးတက်စေရုံသာမက အ၀တ်လဲခန်းထဲအတွင်း လွှမ်းခြုံထားတဲ့  ဩဇာနဲ့ ဦးဆောင်မှုတွေကိုလည်း အပြောင်းအလဲ လုပ်ဖို့ လုပ်ဆောင်နေတာ သေချာပါပြီ။ အာတီတာဟာ ခေတ်သစ်တစ်ခုကို စတင်ဖွင့်လှစ်နိုင်ဖို့ ကြံရွယ်နေပါပြီ။ ဒီအတွက် အသင်းကို  နောက်ထပ်အဆင့်တစ်ခုဆီ မပို့ဆောင်နိုင်မယ့် ကစားသမားတွေကို အာတီတာ လက်လွှတ်ဖို့ စဉ်းစားရပါတော့မယ်။ 

ဒီလိုမျိုး revolution တစ်ခုကို လုပ်မယ်ဆိုရင် အာတီတာ လက်လွှတ်သွားသင့်တဲ့ နောက်ထပ် အာဆင်နယ် ကစားသမားသုံးယောက်ရှိပါတယ်။ သူတို့ကတော့ လီနို၊ ရှာကာနဲ့ တီယာနေးတို့ပဲ ဖြစ်ပါတယ်။ ဘာကြောင့်ဆိုတာကိုလည်း ဆွေးနွေးပေးထားပါတယ်။

() လီနို 

ရမ်ဒေးလ်အာဆင်နယ်ကို ရောက်ရှိလာခဲ့ပြီးနောက် လီနိုရဲ့ အချိန်တွေ ကုန်ဆုံးသွားခဲ့ပြီလို့ ဆိုရမှာပါ။ လီနိုဟာ လက်စွမ်းကောင်းမွန်ပြီး ဂိုးပေါက်ကာကွယ်မှုမှာ တကယ်ကို ထူးချွန်တဲ့ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် ရမ်ဒေးလ်ဟာ နောက်တန်းကို အမိန့်ပေးညွှန်ကြားတဲ့နေရာမှာ လီနိုထက်ထူးချွန်းပြီး အာတီတာရဲ့ နည်းစနစ်တွေနဲ့ အံ၀င်တဲ့ ကစားသမားဖြစ်တာကြောင့် ဂျာမနီသားကြီးဟာ သူရဲ့ပထမဦးစားပေးနေရာကို ရမ်ဒေးလ်ဆီ လက်လွှဲပေးခဲ့ရပါတယ်။ 

ဒီနွေမှာတော့ အမေရိကန်လက်ရွေးစင်ကစားသမား မတ်တာနာဟာလည်း အမ်းမရိတ်ကို ရောက်ရှိလာဖို့ ရှိနေပြီး လီနိုရဲ့ အာဆင်နယ်ကစားသမားဘ၀က ကန့်လန့်ကာချချိန်ရောက်လာခဲ့ပါပြီ။ လက်ရှိမှာတော့ ‌လီနိုကို ခေါ်ယူဖို့ အသင်းအချို့က အာဆင်နယ်ဆီ ဆက်သွယ်နေကြပါပြီ။ မကြာမီမှာ လီနို မြောက်လန်ဒန်ကို စွန့်ခွာဖို့ သေချာသွားခဲ့ပါပြီ။ 

() ရှာကာ 

အသင်းကနေ ထွက်ခွာသင့်တဲ့ ကစားသမားစာရင်းထဲမှာ ရှာကာပါ၀င်လာတာကို သဘောမတူနိုင်တဲ့ ပရိသတ်တွေလည်း ရှိနေမှာပါ။ ပရိသတ်တွေနဲ့ ပြဿနာတက်ပြီး ကပ္ပတိန်လက်ပတ် လွှင့်ပစ်ခဲ့တဲ့၊ မကြာခဏဆိုသလို အနီကတ်ပြစ်ဒဏ်တွေရယူတတ်တဲ့ ရှာကာ၊ စိတ်ကြီးတတ်တဲ့ ရှာကာဟာ ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာတော့ အသင်းရဲ့ ပရိသတ်တွေနဲ့  နွေးထွေးတဲ့ ဆက်ဆံရေးတစ်ခုကို ပြန်လာ်တည်ဆောက်နိုင်ခဲ့ပါတယ်။ 

ရှာကာဟာ အသင်းခေါင်းဆောင်တစ်ယောက်မဟုတ်တော့ပေမယ့် အ၀တ်လဲခန်းထဲမှာ ဩဇာအာဏာကြီးမားသူ တစ်ယောက်ဖြစ်နေဆဲပါပဲ။အသင်းရဲ့ အဓိက ကစားသမားလည်း ဖြစ်သလို လာကာ၊အူဘာတို့ ထွက်ခွာပြီးတဲ့နောက် စီနီယာအကျဆုံးကစားသမားဖြစ်လာတဲ့ ရှာကာရဲ့ အ၀တ်လဲခန်းထဲက ဩဇာဟာ ပိုပြီး ကြီးမားလာဖို့ ရှိနေပါတယ်။ 

ဒါပေမယ့် အာတီတာအနေနဲ့ အသင်းကို နောက်တစ်ဆင့်မြှင့်တင်ဖို့၊ ‌ဂန်းနားခေတ်သစ်တစ်ခုကို တည်ထောင်ဖို့ဆိုရင် ဆွစ်ဇာလန်သားကြီးကို လက်လွှတ်ဖို့ လိုပါလိမ့်မယ်။ရှာကာဟာ ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားဖြစ်ပေမယ့် သူဟာ လာကာ၊အူဘာတို့နည်းတူ အသင်းကို နောက်ထပ်အဆင့်တစ်ခုတက်စေနိုင်မယ့်သူ မဟုတ်ပါဘူး။ဒါကြောင့်လည်း အာဆင်နယ်ဟာ ဒီနွေမှာ တိုင်လ်မန်းကို  အမိအရ လိုက်နေတာ ဖြစ်နိုင်ပါတယ်။လက်စတာကွင်းလယ်လူသာ အာဆင်နယ်ရောက်လာခဲ့ရင်၊ အသင်းရဲ့ အဓိက ကစားသမားဖြစ်လာခဲ့ရင် နောက်ရာသီမှာတော့ ရှာကာရဲ့ အမ်းမရိတ်မှ ထွက်ခွာတော်မူခန်းကို ကျွန်တော်တို့ မြင်တွေ့ရနိုင်ပါတယ်။ 

တီယာနေး

ပရိသတ်တွေချစ်တဲ့ စကော့တလန်သား၊ အသင်းရဲ့ ဒုကပ္ပတိန်ကို အသင်းကနေ ထွက်ခွာသင့်တဲ့ ကစားသမားစာရင်းထဲမှာ မြင်ရတာဟာ ပျော်စရာတော့ ကောင်းမှာ မဟုတ်ပါဘူး။ဒါပေမယ့် ၂၀၂၂အစမှာ တီယာနေးလ်ဒဏ်ရာရပြီး ရာသီကုန်ထိ အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ရတာကို သတိရဦးမယ်လို့ ထင်ပါတယ်။ အာဆင်နယ်ကို ပြောင်းရွှေ့လာပြီးကတည်းက ဒဏ်ရာပြဿနာတွေကြုံတွေ့လိုက် ၊သက်သာလာ‌တော့ ကြံခိုင်မှု ပြည့်၀လာဖို့ စောင့်လိုက်နဲ့ တီယာနေးလ်ဆီကနေ အာတီတာဟာ သူ လိုချင်နေတဲ့ လုပ်အားအပြည့်အ၀ကို မရခဲ့တာ များပါတယ်။ လာမယ့် ရာသီမှာတော့ တီယာနေးလ်ကို အသင်းရဲ့ အဓိကဘယ်နောက်ခံလူအဖြစ် ဆက်လက်ထားရှိသင့်သေးရဲ့လားဆိုတဲ့ အပေါ် အာတီတာ အလေးအနက် သုံးသပ်ဖို့ လိုပါလိမ့်မယ်။ 

လက်ရှိမှာတော့ တီယာနေးရဲ့ နိုင်ငံ့လက်ရွေးစင်အသင်းဖော် အေရွန်ဟစ်ကီနဲ့ အာဆင်နယ်ဟာ သတင်းတွေ ဆက်တိုက်ထွက်နေခဲ့ပါတယ်။ ဘိုလော့ဂ်နာနောက်ခံလူကို အာတီတာအနေနဲ့ တီယာနေးလ်ရဲ့ အရန်ကစားသမားအဖြစ် ရည်ရွယ်ထားတာထက် အဓိက ကစားသမားအဖြစ်  ခေါ်ယူဖို့တော့ ထည့်သွင်းစဉ်းစားထားလားဆိုတာတော့ အာတီတာပဲ အသိဆုံးဖြစ်မှာပါ။

Advertisement

Leave a Reply

%d bloggers like this: