အူကာ လာကာ ခေတ်တစ်ခေတ်ကုန်ဆုံးသွားတာဟာ အာဆင်နယ်အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်မလား

ပြီးခဲ့တဲ့ ရာသီအစမှာ သုံးပွဲဆက်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အာဆင်နယ်ဟာ ဒီရာသီကို ကောင်းကောင်းမွန်မွန်နဲ့ အဆုံးသတ်နိုင်ပါ့မလားဆိုတာ ဘယ်သူမှ မသေချာခဲ့ပါဘူး။ ဒီနောက်မှာတော့ အာဆင်နယ်အတွက် အခွင့်အရေးရလာခဲ့ပါတယ်၊ဥရောပပြိုင်ပွဲတွေ ကစားစရာမရှိတဲ့အတွက် တစ်ပတ်မှာ ပရီးမီးယားလိဂ်တစ်ပွဲသာ အာဆင်နယ်အတွက် ကစားစရာ ရှိခဲ့ပါတယ်။စပါး၊မန်ယူတို့ ရလဒ်ကောင်းတွေရယူဖို့ ရုန်းကန်ခဲ့ရတာဟာ အာဆင်နယ်အတွက် အမှတ်ပေးဇယားထိပ်ဆုံးနေရာတက်ဖို့ အခွင့်အရေးရလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ရာသီကုန်မှတော့ ယူရိုပါလိဂ်၀င်ခွင့်နဲ့သာ ကျေနပ်လိုက်ရတာဟာ အားလုံးအတွက် မချင့်မရဲ ဖြစ်စရာ ဖြစ်ခဲ့ပါတယ်။ 

ဒီတော့ နောက်ကို တစ်ချက်လောက် ပြန်လှည့်ကြည့်ရအောင်ဗျာ။ 

အူဘာမီယန်းနဲ့ လာကာဇက်တို့ဟာ အသင်းရဲ့ အ၀တ်လဲခန်းထဲမှာ ဩဇာကြီမားတဲ့ ကစားသမားတွေ ဖြစ်ပြီး နာမည်ကြီးတဲ့၊ လူငယ်တွေအတွက် လေးစားအတုယူစရာတွေ အများကြီးရှိတဲ့ ကစားသမားတွေလို့ ကျွန်တော်တို့ ယုံကြည်ခဲ့ဖူးပါတယ်။အသင်းမှာ စိတ်၀င်စားဖို့ကောင်းတဲ့၊ ကစားဖို့အတွက် အသင့်ဖြစ်နေတဲ့ လူငယ်လေးတွေဟာလည်း သူတို့ဆီကနေ သင်ယူဖို့ စိတ်အားထက်သန်နေကြခဲ့မှာပါ။ ကွင်းထဲမှာရော၊ပြင်ပမှာပါ အတွဲညီတဲ့ တိုက်စစ်မှူးနှစ်ယောက်ဆီကနေ သွင်းဂိုးတွေအများကြီးရဖို့လည်း ပရိသတ်တွေ မျှော်လင့်ခဲ့ကြမှာပါပဲ။ ဆာကာ၊စမစ်ရိုး၊အန်ကက်တီးယား၊ဘာလိုဂန် ဒီလူငယ်လေးတွေဟာ အူဘာ၊လာကာတို့ဆီကနေ အများကြီးသင်ယူပြီး တိုးတက်နိုင်တယ်မလား။ 

ဒါပေမယ့် ဒါတွေ အားလုံးဟာ တဖြည်းဖြည်းနဲ့ မှားယွင်းလာခဲ့ပါတယ်။အူကာ လာကာတိုက်စစ်အတွဲဟာ ကျွန်တော်တို့ မျှော်လင့်နေတဲ့ အရာတွေကို မလုပ်ပြနိုင်ခဲ့ပါဘူး။ 

ပြီးခဲ့တဲ့ နှစ်တွေမှာ အသင်းအတွက် သွင်းဂိုးတွေ တဒိုင်းဒိုင်းသွင်းယူခဲ့တဲ့ အူဘာဟာ ဒီရာသီအစမှာ ဘာမှ မလုပ်ပြနိုင်ခဲ့သလောက်ပါပဲ။ ဦးဆောင်နိုင်စွမ်းမရှိတဲ့ ကပ္ပတိန်၊ ဂိုးပေါက်‌ပျောက်နေတဲ့ တိုက်စစ်မှူး ၊ဒီနောက်မှာတော့ စည်းကမ်းပိုင်းအားနည်းတဲ့ ကစားသမားဖြစ်လာခဲ့တာကြောင့် အာတီတာဟာ ဂါဘွန်သားဆီကနေ  ကပ္ပတိန်လက်ပတ်ပြန်သိမ်းခဲ့သလို အသင်းရဲ့ ပွဲထွက်လူစာရင်းမှာလည်း  အသုံးပြုခဲ့ခြင်း မရှိတော့ပါဘူး။ 

ဒါဟာ အူဘာရဲ့ အပြစ်တွေအားလုံးပဲလို့လည်း အပြစ်တင်ရင် မမျှတရာ ကျနိုင်ပါတယ်။အူဘာလို ‌ပျော်ပျော်နေတတ်တဲ့သူရဲ့ လက်မောင်း‌ပေါ် ကြီးမားလေးလံတဲ့ ကပ္ပတိန်လက်ပတ်ကို ပစ်တင်ပေးခဲ့တဲ့ အာဆင်နယ်ရဲ့ အပြစ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ 

အူဘာ အာဆင်နယ်လူစာရင်းထဲ မပါ၀င်နိုင်တော့ချိန်မှာ အသင်းရဲ့ ကပ္ပတိန်အသစ်ဖြစ်လာသူကတော့ လာကာဇက်ပါပဲ။ပြင်သစ်သားကြီးဟာ အသင်းရဲ့ ကစားကွက်မှာ အကျိုးပြုနိုင်သူဖြစ်ပေမယ့် အထောင်တိုက်စစ်မှူးတစ်ယောက်အနေနဲ့ အသင်းအတွက်လိုအပ်နေတဲ့ သွင်းဂိုးတွေကိုတော့ မရှာဖွေပေးနိုင်ခဲ့ပါဘူး။ 

ကိုဗစ်ကြောင့် လာကာဇက် အသင်းရဲ့ လူစာရင်းမှာ မပါ၀င်နိုင်တော့ချိန်၊ အန်ကက်တီးယားဟာ အာဆင်နယ်ရဲ့ အထောင်တိုက်စစ်မှာ အကောင်းဆုံး အသုံးတော်ခံဖို့အတွက် ပါ၀င်ခွင့်ရခဲ့ပါတယ်။ အင်္ဂလန်သားလေးဟာ အထောင်တိုက်စစ်မှာ ဆာကာ ၊မာတင်နယ်လီတို့နဲ့အတူ နောက်ဆုံးသီတင်းပတ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး အရေးပါတဲ့ သွင်းဂိုးအချို့ကိုလည်း အသင်းအတွက် ရယူပေးနိုင်ခဲ့ပါတယ်။ လာကာဇက်၊‌အူဘာမီယန်းတို့ဆီက နေ မျှော်လင့်ခဲ့ရတဲ့အရာအချို့ကို အင်္ဂလန်သား‌လေးဆီကနေ ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။ ဒါကြောင့် လာကာဇက်ဟာ သူ့ရဲ့ အမ်းမရိတ်နောက်ဆုံးနေ့စွဲတွေကို အရန်ခုံပေါ်ကနေပဲ ဖြတ်သန်းခဲ့ရပါတယ်။ 

ဒီနွေမှာတော့ လာကာဇက်တီလည်း မြောက်လန်ဒန်ကို စွန့်ခွာပြီး ပြင်သစ်မြေကို ပြန်သွားခဲ့ပါပြီ။တိုက်စစ်အတွက် အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ရှိနေတဲ့ အန်ကက်တီးယား၊အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို နှစ်ကြိမ်ဆက်တိုက်သိမ်းပိုက်တဲ့ ဆာကာ၊ ဘရာဇီးလ်ကြယ်ပွင့် မာတင်နယ်လီနဲ့ အင်္ဂလန်ကြယ်ပွင့် စမစ်ရိုးတို့ နဲ့ အငှားကနေ ပြန်လာမယ့် နောက်ထပ် အင်္ဂလန် ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ယူ၂၁တိုက်စစ်မှူး ဘာလိုဂန်တို့ပဲ ကျန်ပါတော့တယ်။နောက်ထပ်အထောင်တိုက်စစ်မှူးတစ်ယောက်‌တော့ ခေါ်ယူဖို့ ရှိပါသေးတယ်။ 

လာကာဇက်နဲ့ ‌အူဘာမီယန်းတို့ဟာ ကစားသမားကောင်းတွေဆိုပေမယ့် အသင်းကို နောက်ထပ်အဆင့်တစ်ခုတက်စေနိုင်လောက်အောင် မကောင်းခဲ့ဘူးဆိုတာ ၀န်ခံရမှာပါ။ဒီတော့ လာကာ၊အူဘာ ခေတ်အလွန်မှာ အသင်းရဲ့ လူငယ်အင်အားစုရယ်၊ နောက်ထပ် တိုးလာဖို့ ရှိတဲ့ တိုက်စစ်ကစားသမားတစ်ဦး သို့မဟုတ် နှစ်ဦး နဲ့ အာတီတာဟာ အာဆင်နယ်တိုက်စစ် ခေတ်သစ်တစ်ခုကို တည်ထောင်ဖို့ အခွင့်အရေးရလာပါပြီ။ 

အီဒူးအတွက်လည်း အသင်းအတွက် လိုအပ်နေတဲ့ ကစားသမားတွေ ခေါ်ယူဖို့ နွေဟာ လုံလုံလောက်လောက် ကျန်ရှိနေပါသေးတယ်။အခုဆို ဘရာဇီးလ်လူငယ်လေး မာကွင်ဟို ရောက်လာခဲ့ပြီးပါပြီ။ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်ခဲ့ရပြီးနောက် ပရိသတ်တွေကို စိတ်ပျက်စေခဲ့ပေမယ့် ဒီနွေမှာ မျှော်လင့်စရာတွေ ရှိ‌ပါသေးတယ်၊ အီဒူးနဲ့ အာတီ‌တာတို့ ပရိသတ်တွေကို စိတ်ထပ်ပျက်အောင် မလုပ်ဖို့ပဲ မျှော်လင့်မိပါတယ်။

လာကာ၊အူဘာ ခေတ်အလွန်မှာ  အာဆင်နယ်တိုက်စစ်ခေတ်သစ်တစ်ခုကို တည်ထောင်ပြီး ဆုဖလားတွေကို သိမ်းပိုက်နိုင်တဲ့၊ဥရောပထိပ်သီးအသင်းတွေနဲ့ ရင်ဘောင်တန်းနိုင်မယ့် အာဆင်နယ်ကို အာတီတာတို့ လူစု တည်ဆောက်နိုင်မလားဆိုတာကိုတော့ ရင်ခုန်စွာနဲ့ ဆက်လက် စောင့်မျှော်ရုံပါပဲ။

Advertisement

Leave a Reply

%d bloggers like this: