ဖီယင်နုဒ်နဲ့ အာဆင်နယ်တို့ နယ်လ်ဆင်အတွက် ဆွေးနွေးနေကြ
ဖီယင်နုဒ်အသင်းဟာ သူတို့ဆီမှာ အငှားလာရောက်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ တောင်ပံကစားသမား ရိစ်နယ်လ်ဆင် အတွက် အာဆင်နယ်အသင်းနဲ့စကားပြောနေတယ်လို့ Dutch Telegraff က ရေးသားလာခဲ့ပါတယ်။ ဖေဘရီဇီယိုရိုမာနိုကလည်း နယ်ဆင်ဟာ သူ့ရဲ့အနာဂတ်အတွက် အာတီတာနဲ့ ဆွေးနွေးနေတယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ အာဆင်နယ်နဲ့ နယ်ဆင်ရဲ့စာချုပ်က ၂၀၂၃ ခုနှစ်မှာကုန်ဆုံးမှာဖြစ်ပါတယ်။
လာကာဇက်ရဲ့ အသင်းသစ် မကြာခင်ကြေငြာမယ်
အာဆင်နယ်အသင်းက ထွက်ခွာသွားပြီဖြစ်တဲ့ တိုက်စစ်မှုးလာကာဇက်ဟာ လိုင်ယွန်အသင်းနဲ့ဆေးစစ်မှုးပြုလုပ်နေပြီဖြစ်ပြီး ၊ မကြာခင်မှာ တရားဝင်ကြေငြာကြမယ်လို့ သိရပါတယ်။ လာကာဇက်ဟာ ကစားသမားဘဝမှာ လိုင်ယွန်နဲ့ အာဆင်နယ် ၂ သင်းမှာသာကစားခဲ့သူဖြစ်သလို ယခုလည်း မူလအသင်း လိုင်ယွန်ရှိရာကိုသာ ပြန်သွားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်နဲ့ စီးတီးအကြားညှိနှိုင်းမှုအခြေအနေများ
Telegraph ရဲ့ မတ်လော က မန်စီးတီးအသင်းဟာ အာဆင်နယ်ကအလိုရှိနေတဲ့ ဂျေးဆူအတွက် သန်း ၅၀ အလိုရှိနေပေမယ့် ၊ ဂန်းနားတို့ဖက်ကသန်း ၄၀ ခန့်သာပေးချေလိုနေတာကြောင့် ညှိနှိုင်းနေရတယ်လို့ ဆိုပါတယ်။ အခြားသော ရင်းမြစ်များရဲ့အဆိုအရတော့ အသင်း ၂ သင်းကြားမှာ အဆင်ပြေခဲ့ကြပြီလို့လည်းရေးသားနေကြပြီး ကစားသမားရဲ့ ဆုံးဖြတ်ချက်ကိုသာ စောင့်ရဖွယ်ရှိတယ်လို့ ဖော်ပြနေကြပါတယ်။
လီဗာပူးနဲ့အဆုံးသတ်ဖို့များနေတဲ့ အာဆင်နယ်ပစ်မှတ်ဟောင်း
နောက်ဆုံးရသတင်းများအရ အာဆင်နယ်အသင်းနဲ့အစောဆုံးအမည်ထွက်ခဲ့တဲ့ ဘင်ဖီကာတိုက်စစ်မှုး ဒါဝင်နူးနက်စ်ဟာ မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ လီဗာပူးကိုရောက်ရှိတော့မယ်လို့သိရပါတယ်။ နည်းပြကြီး ယာကင်ဂလော့ပ်တို့အဖွဲ့ဟာ ကစားသမားလေးကိုကာလရှည်စောင့်ကြည့်ခဲ့ပြီးနောက် အချိန်တိုအတွင်းမှာပဲ ထိထိရောက်ရောက်လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ကစာသမားအတွက် ပေါင် ၈၇ သန်းခန့်အထိအသုံးပြုဖွယ်ရှိတယ်လို့သိရပါတယ်။
ဆာကာအတွက် မစိုးရိမ်တဲ့ အာဆင်နယ်
အပြောင်းအရွှေ့ သတင်းများစွာထွက်ပေါ်နေပေမယ့် အာဆင်နယ်အသင်းဟာ သူတို့ရဲ့ လူငယ်ကစားသမားလေးအတွက် စိုးရိမ်မှုမရှိကြောင်း The Sun က ဖော်ပြလာပါတယ်။ လက်ရှိမှာ ဆာကာဟာ တစ်ပတ်ကို ပေါင် ၃၀၀၀၀ သာရရှိနေတာဖြစ်ပြီး ၊ စာချုပ်သစ်အတွက်ညှိနှိုင်းနေကြဆဲဖြစ်ပါတယ်။ ဆာကာကို မန်စီးတီးနဲ့ လီဗာပူးတို့က မကြာခန စိတ်ဝင်စားဟန်ပြသနေကြတာလည်းဖြစ်ပါတယ်။