ဒီရက်ပိုင်း အာဆင်နယ်အသင်းရဲ့အပြောင်းအရွှေ့ သတင်းမှာ အမြင်ရဆုံးနာမည်တွေကိုပြောရရင်တော့ ဂျေးဆူ ၊ တိုင်လီမန်စ်းနဲ့ ဆကာမန်ကာတို့ကို ပဲပြရမှာဖြစ်ပါတယ်။ အဓိက တိုက်စစ်မှုးနှစ်ယောက်စလုံးထွက်သွားပြီးတဲ့နောက် အာဆင်နယ်ရဲ့ ရှေ့တန်းအတွဲဘယ်သူဖြစ်မလဲဆိုတာကိုအားလုံးကစိတ်ဝင်စားနေကြပါတယ်။ သာမာန်အချိန်မှာဆိုရင်တောင် အခြားနေရာထက် တိုက်စစ်ကိုပိုပြီး စိတ်ဝင်စားတတ်ကြတာ သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်တို့အတွက် ပြဿနာကြီးကြီးမားမားတက်နေတဲ့ နေရာ ၂ ခုကျန်ပါသေးတယ်။ အဲ့တာကတော့ တောင်ပံခံစစ်အစွန်နှစ်ဖက်ဖြစ်ပါတယ်။ နာမည်တပ်ပြောရရင် တီယာနေ နဲ့ တိုမီယာစု။
ခံစစ်အစွန်လူတွေဟာ ခေတ်သစ်ဘောလုံးမှာ အရေးကြီးပါတယ်။ အာတီတာရဲ့ ကစားပုံကလည်း Overlapping တွေရယ် ၊ အမြန်နှုန်းကို တင်ကစားတတ်တာရယ်ကြောင့် အာဆင်နယ်အတွက်လည်း အဆိုပါနေရာတွေဟာ အရေးကြီးတဲ့နေရာတွေ ဖြစ်ပါတယ်။ လက်ရှိပထမဦးစားပေးကစားသမား ၂ ယောက်ဖြစ်ကြတဲ့ တီယာနေးနဲ့ တိုမီယာစုတို့ရဲ့ အခြေအနေကလည်း ကစားနိုင်ကြချိန်မှာ အငြင်းပွားစရာမရှိတဲ့ စွမ်းဆောင်ရည်ပိုင်ရှင်တွေဖြစ်ကြပါတယ်။ ဒါပေမယ့် သူတို့ ၂ ဦးရဲ့ ဒဏ်ရာပြဿနာတွေကတော့ ပုံပြီးယုံဖို့ခက်ပါတယ်။
ဆဲဒရစ် နဲ့ တာဗာရက်စ်တို့ဟာ စိတ်ဓါတ်ကောင်းကောင်းနဲ့ကြိုးစားတတ်ကြတာမှန်ပေမယ့် စွမ်းဆောင်ရည်အရတော့ ပရိတ်သတ်တွေကို အိမ်မက်ဆိုးတွေမက်စေနိုင်ကြသူများဖြစ်ပါတယ်။ တာဗာရက်စ်ဟာ သိသိသာသာပဲ လိုအပ်ချက်တွေများနေပါသေးတယ်။ ဆဲဒရစ်ကတော့ အာဆင်နယ်အဆင့်အတန်းမှာကိုရှိမနေသေးတာဖြစ်ပါတယ်။ ဒီအချက်တွေကိုလဲ အာဆင်နယ်ဟာ ခါးစည်းခံခဲ့ရပြီးဖြစ်ပါတယ်။ အာဆင်နယ်တို့ ရာသီကုန်ခါနီးမှာ ပြိုလဲရခြင်းတွေမှာ အစွန်ခံစစ်ပြဿနာကလဲ တစ်ချက်အပါအဝင်ဖြစ်ပါတယ်။
အာရွန်ဟစ်ကီ ၊ မိုလိနာ ၊ ဂျက်စပန့် စသည်ဖြင့်နာမည်တွေဆက်တိုက်ထွက်နေပေမယ့် ဘယ်သူမှတော့ရောက်မလာသေး။ အာရွန်ဟစ်ကီဆိုရင် စာချုပ်လိုက်ပြီဆိုပြီးအရင်ဆုံး နာမည်ကြီးခဲ့သူပါ။ ဒါပေမယ့် အခုထိ ဘယ်သူမှကိုရောက်မလာသေးတာဖြစ်ပါတယ်။ နောက်ဆုံးရေပန်းစားနေသူကတော့ ယူကရိန်းသား ဇင်ချန်ကိုပါပဲ။ သူကတော့ ခံစစ်နဲ့ ကွင်းလယ် ၂ နေရာသုံးလို့ဖြစ်တာကြောင့် အာတီတာအကြိုက်တွေ့နိုင်ပါတယ်။ တကယ် အကြိုက်တွေ့နေတယ်လို့လဲရေးနေကြပါတယ်။
ပြီးခဲ့တဲ့ရာသီနောက်ဆုံးပွဲတွေမှာ တိုမီကိုပြန်မြင်ခဲ့ရသလို ၊ တီယာနေကလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သက်သာစပြုပြီလို့ Express မှာ ဖော်ပြထားပါတယ်။ ဒီသတင်းတွေက အာတီတာကိုစိတ်သက်သာရာ ရစေမှာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ပထမကစားသမား ၂ ယောက်ရဲ့ ကြံခိုင်မှုကတော့ ဂန်းနားတို့ကို အချိန်မရွေးတံခါးခေါက်လာဦးမှာဖြစ်ပါတယ်။ တိုက်စစ်မှုးကောင်းတွေရဖို့လိုသလို ခေါ်မယ်လို့လဲယုံကြည်ရပါတယ်။
ထို့အတူ တောင်ပံခံစစ်နေရာကလဲ အာဆင်နယ်ကို အချိန်မရွေးဒုက္ခပေးနိုင်တဲ့ နေရာဖြစ်ပါတယ်။