အိုဇေးလ် နဲ့ပတ်သက်ပြီး အာတီတာ မှန်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပြီလား

“ အိုဇေးလ် ရီးရဲလ်မက်ဒရစ်ကနေ အာဆင်နယ်ကို ပေါင်သန်း၄၀ကျော်နဲ့ ရောက်လာခဲ့ပြီ ဆိုတဲ့ သတင်းကို အားကစားဂျာနယ်တစ်ခုရဲ့ အချပ်ပိုစာမျက်နှာမှာ ကျွန်တော် ဖတ်ခဲ့ရပါတယ်။ ဒီသတင်းကို မြင်တော့ အာဆင်နယ်ပရိသတ်တစ်ယောက်၊ အိုဇေးလ်ကို သဘောကျတဲ့ ပရိသတ်တစ်ယောက်အနေနဲ့ ဘယ်လောက်တောင် ပျော်လိုက်မလဲ တွေးကြည့်လို့ပါတယ်။ 

အိုဇေးလ်ရဲ့ အာဆင်နယ်နဲ့ ပထမဆုံး ပွဲဦးထွက်ကိုလည်း ကျွန်တော်အခုထိအမှတ်ရ‌နေဆဲပါပဲ။ ဘယ်တောင်ပံကနေ ချိုးပေးလိုက်တဲ့ ဘောလုံးကို ဂီရော့ဒ်က ဘယ်ခြေနဲ့ ဆန်းဒါးလန်းအသင်းရဲ့ ဂိုးပေါက်ကို သပ်သပ်ရပ်ရပ်ကန်သွင်းခဲ့ပြီး ဥရောပရဲ့ Assist King ဟာ အသင်းသစ်အတွက် ပထမဆုံးပွဲမှာပဲ ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။ 

ဒီလိုမျိုး အသင်းနဲ့ အဖွင့်လှခဲ့တဲ့ အိုဇေးလ်ရဲ့ အမ်းမရိတ်နောက်ဆုံးနေ့စွဲတွေကတော့ မလှပခဲ့ပါဘူး။ဂျာမနီကွင်းလယ်လူဟာ အာဆင်နယ်မှာလည်း ရီးရဲလ်မက်ဒရစ်တုန်းကလို မှော်ဆန်တဲ့ခြေစွမ်းတွေကို ဆက်လက်ပြသနိုင်ခဲ့ပါတယ်။ ဆန်းချက်ဇ်နဲ့အတူ  နှစ်ယောက်သာ ‌အတွဲညီညီနဲ့ အသင်းအတွက် သွင်းဂိုးတွေရယူပေးခဲ့တာကို အားလုံးသတိရနေကြဦးမှာပါ။ အာဆင်နယ်မှာ အဲ့ဒီအချိန်တုန်းက အိုဇေးလ်ရဲ့ ဖန်တီးမှုတွေကို အကောင်းဆုံးအဆုံးသတ်ပေမယ့် ထိပ်တန်းတိုက်စစ်မှူးသာ ရှိခဲ့ရင် ကွင်းလယ်မှော်ဆရာဟာ ပရီးမီးယားလိဂ်မှာ အခုထက် ပိုကောင်းတဲ့ မှတ်တမ်းတွေရနိုင်ခဲ့မှာပါ။ 

ဒါပေမယ့် အိုဇေးလ်နဲ့ ပတ်သက်ပြီး တစ်ခါတစ်လေမှာ ကျွန်တော်တို့ ဘ၀င်မကျခဲ့ရတဲ့ အချက်တွေ ရှိပါတယ်။အသင်းရဲ့ ရှုံးနိမ့်နေတဲ့အချိန်မှာ အားမာန်အပြည့်နဲ့ ကြိုးစားနေတဲ့ ကစားဟန်ကို ဂျာမနီလက်‌ရွေးစင်ကြီးဆီမှာ ကျွန်တော်တို့ သိပ် မတွေ့ခဲ့ရပါဘူး။ပွဲချိန်ပြည့် မိနစ်၉၀လုံး ကြံ့ခိုင်မှုအပြည့်နဲ့ ပြေးလွှားကစားနေနိုင်တာမျိုးကိုလည်း   မြင်ရခဲလှပါတယ်။ 

သူ့ရဲ့ ဂန်းနားနောက်ဆုံးရက်စွဲတွေကို အရန်ခုံပေါ်ကနေပဲ အိုဇေးလ်ဟာ ရေတွက်နေခဲ့ရပါတယ်။၂၀၁၉-၂၀ဘောလုံးရာသီအစမှာ အိုဇေးလ်ဟာ ဓားပြတိုက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် အာတီတာက သူ့ကို အနားပေးထားခဲ့ပါတယ်။စက်တင်ဘာမှာ  ပြန်လည် ပွဲထွက်ခွင့်ရခဲ့ပေမယ့်လည်း အိုဇေးလ်ဟာ အဲ့ဒီရာသီမှာ ပွဲချိန်ပြည့်ကစားရလေ့မရှိပဲ ဒုတိယပိုင်းမိနစ်တွေမှာ လူစားလဲခံခဲ့ရတာ များခဲ့ပါတယ်။ 

၂၀၂၀-၂၁ရာသီမှာတော့ အို‌ဇေးလ်ဟာ တရုတ်နိုင်ငံက Uyghur Muslims တွေ အပေါ်ဆက်ဆံပုံနဲ့ ပတ်သက်ပြီး ဝေဖန်ခံတာကြောင့် အသင်းရဲ့ ယူရိုပါလိဂ် အုပ်စုအဆင့် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ဒီနောက်မှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် အသင်းရဲ့ ကစားသမား၂၅ယောက်စာရင်းထဲကနေလည်း အိုဇေးလ်ဟာ ထုတ်ပယ်ခံခဲ့ရပြီး သူဟာ အာဆင်နယ်ယူ၂၃အသင်းအတွက်ပဲ ကစားခွင့်ရှိပါတော့တယ်။ 

ဒီအကြောင်းနဲ့ပတ်သက်ပြီး အိုဇေးလ်ဟာ သူ့ရဲ့ တွစ်တာမှာ အသင်းရဲ့ဆုံးဖြတ်ချက်အပေါ် အလွန်စိတ်ပျက်ခဲ့ရကြောင်း၊ဒါပေမယ့် ပွဲထွက်ခွင့်ရဖို့ ဆက်တိုက်ပွဲ၀င်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 

အဲ့ဒီအချိန်တုန်းက ပါရမီရှင် ကွင်းလယ်ဖန်တီးရှင်ကို အရန်ခုံပေါ်မှာပဲ ခြေထောက်တွေ သံချေးတက်အောင်ထားခဲ့တဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက်ကို သဘောတူတဲ့ ပရိသတ်က တစ်ဖွဲ့ ၊ သဘောမတူတဲ့ ပရိသတ်က တစ်ဖွဲ့ဆိုပြီး နှစ်ခြမ်းကွဲခဲ့ပါတယ်။‌ သေချာတာကတော့ အိုဇေးလ်ဘက်မှာ ရှိနေတဲ့ ပရိသတ်‌အ‌ရေအတွက်က ပိုများခဲ့မှာပါ။ နောက်ဆုံးမှာတော့ အိုဇေးလ်ဟာ အမ်းမရိတ်ကို စွန့်ခွာပြီး မွေးရပ်မြေဖြစ်တဲ့တူရကီက ဖီနာဘာချီကို ၂၀၂၁ ဇန်နဝါရီမှာ ပြောင်းရွှေ့သွားခဲ့ပါတယ်။ 

တူရကီမြေမှာ အိုဇေးလ်ရဲ့ ပထမဆုံးရာသီဟာ လှပခဲ့ပေမယ့် ဒုတိမြောက်ရာသီမှာတော့ အာဆင်နယ်မှာ ကြုံတွေ့ခဲ့ရတဲ့ ကံကြမ္မာဟာ အိုဇေးလ်ဆီ ထပ်မံရောက်ရှိလာခဲ့ပါတယ်။ အိုဇေးလ်ဟာ ကြံ့ခိုင်မှု မပြည့်၀ဘူးလို့ ယူဆခဲ့တဲ့ ဖီနာဘာချီနည်းပြချုပ် အစ်မေးလ်ကာတယ်လ်ဟာ သူ့ရဲ့ကစားသမားကို ပြီးခဲ့တဲ့ မတ်လကတည်းက ကစားခွင့်မ‌ပေးတော့ပါဘူး။ 

နည်းပြအပြောင်းအလဲနဲ့အတူ  မန်နေဂျာသစ် ဂျော့ဂျီးဆပ်ရောက်လာချိန်မှာ အိုဇေးလ်အတွက် သူ့ရဲ့ကစားသမားဘ၀ကို ပြန်အသက်သွင်းဖို့ အခွင့်အရေးတွေရမလားလို့ မျှော်လင့်စရာ ဖြစ်ခဲ့ပေမယ့် လက်တွေ့မှာတော့ အထင်နဲ့ အမြင်ဟာ တက်တက်စင်အောင် လွဲချော်ခဲ့ရပါတယ်။ 

အိုဇေးလ်ကို အသင်းရဲ့ လူစာရင်းကနေ ဆက်လက်ချန်လှပ်ထားခဲ့တဲ့ မန်နေဂျာအသစ်ဟာ သူ့ရဲ့အကြောင်းပြချက်ကို မကြာသေးမီက ပြောပြလာခဲ့ပါတယ်။ 

အို‌ဇေးလ်မှာ သူ့ရဲ့ အချိန်ရှိခဲ့တယ်၊နေရာ ရှိခဲ့တယ်” 

တူရကီမှာ လှပတဲ့ သမိုင်းကြောင်းတစ်ခု သူ့မှာ ရှိခဲ့ပါတယ်။ဒါကို သူ့ဆီကနေ ဘယ်သူမှ ယူသွားလို့မရပါဘူး” 

သူဟာ ကမ္ဘာပေါ်မှာ နာမည်ကြီးကျော်ကြားတဲ့ ကစားသမားတစ်ဦးဖြစ်နေဆဲပါပဲ။ဒါပေမယ့် အိုဇေးလ်ရဲ့ အချိန်ကုန်သွားခဲ့ပြီလို့ပဲ ဆိုရတော့မှာပါ၊ဒီအတိုင်းပဲ ကျွန်တော်ပြုမူသွားမှာပါ” 

ဒီမှာ(ဖီနာဘာချီမှာ) အရေးကြီးဆုံးက နည်းပြ ဂျီးဆပ်စ်လည်း မဟုတ်ပါဘူး။အိုဇေးလ်လည်း မဟုတ်ပါဘူး။ဘယ်ကစားသမားမှ မဟုတ်ပါဘူး။ဒီနေရာမှာ အရေးကြီးဆုံးက ဖီနာဘာချီပါပဲ။ဒါကို အခြေခံပြီး ကျွန်တော်ရဲ့ အတွေးအမြင်တွေကို တည်ဆောက်တယ်၊ကျွန်တော်နဲ့အတူ လုပ်မယ့် ကစားသမားတွေကို ရွေးချယ်တာ ဖြစ်ပါတယ်။

အိုဇေးလ်အနေနဲ့ ခုလိုမျိုး မန်နေဂျာတွေရဲ့ စိတ်ကြိုက်ကစားသမားတစ်ယောက် ဘာကြောင့် မဖြစ်ခဲ့လဲဆိုတာဟာ ကာယကံရှင်တွေပဲ အသိဆုံးဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ကြိုးစားပုံကြောင့်လား ၊ဒါမှမဟုတ် ကြံ့ခိုင်မှု မပြည့်၀မှုကြောင့်လား ၊ ဒါမှမဟုတ် သူ့ရဲ့ ခံယူချက်တွေကြောင့်ပဲလား၊ အိုဇေးလ်ရဲ့ အချိန်ဟာ အာဆင်နယ်ကနေ မထွက်ခွာခင်ကတည်းက ကုန်ဆုံးခဲ့ပြီလား။မေးခွန်းတွေကတော့ အများကြီးရှိနေဦးမှာပါ။ 

ဘာပဲဖြစ်ဖြစ် အိုဇေးလ်ကို လက်လွှတ်ခဲ့တဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက်ဟာ ခုချိန်မှတော့ သိပ်ပြီးမှားပုံမပေါ်တော့တာ အမှန်ပါပဲ။

Advertisement

Leave a Reply

%d bloggers like this: