အာဆင်နယ်အသင်းကစားသမားဟောင်း ဖြစ်သူ ဝဲလ်ကော့က ဆာကာကို မန်စီးတီးရဲ့ စိတ်၀င်စားမှုကို ငြင်းပယ်ပြီး မြောက်လန်ဒန်မှာပဲ ဆက်နေဖို့ အကြံပေးခဲ့ပါတယ်။ဆာကာကို လီဗာပူးလ်ကလည်း မကြာမီအသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ မာနေးလ်ရဲ့နေရာ အစားထိုးဖို့ စိတ်၀င်စားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
အာဆင်နယ်အသင်းကြီးမှာ သုံးနှစ်ကြာခြေစွမ်းအထူးပြသနိုင်ခဲ့တဲ့ ဆာကာဟာ အင်္ဂလန်မှာသာ မက ဥရောပရဲ့ အကောင်းဆုံးလူငယ်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။သူဟာ စီနီယာအသင်းကြီးနဲ့အတူ ဒုတိယမြောက်နှစ်မှာပဲ အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို သိမ်းပိုက်နိုင်ခဲ့သလို ဒီနှစ်မှာလည်း PFA Youth Player Awardရဲ့ ဆန်ကာတင်စာရင်းထဲမှာ ပါ၀င်နေတဲ့အပြင် အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကိုလည်း ထပ်မံသိမ်းပိုက်နိုင်ဖို့ ရှိနေပါတယ်။
အာဆင်နယ် အကယ်ဒမီထွက် ကစားသမားလေးဖြစ်တဲ့ ဆာကာဟာ အသင်းရဲ့ စီနီယာအသင်းကြီးမှာ စတင်ပါ၀င်ခွင့်ရခဲ့ကတည်းက သူ့ရဲ့ ခြေစွမ်းဟာ စောင့်ကြည့်ချင်စရာ ကောင်းခဲ့တာပါ။ဝဲလ်ကော့ကတော့ ဆာကာကို အာဆင်နယ်မှာ ဆက်နေဖို့ အကြံပေးခဲ့ပါတယ်။ဒီလို အကြံပေးခဲ့တာက အာဆင်နယ်ဟာ ဆာကာရှိနေရင် ပိုကောင်းတဲ့ အသင်းတစ်သင်းဖြစ်နေတယ်ဆိုတာထက် မန်စီးတီးမှာဆိုရင် ဆာကာအနေနဲ့ အာဆင်နယ်မှာလောက် ဘောလုံးကစားရတာကို နှစ်သက်မှု ရမှာ မဟုတ်တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
“အာဆင်နယ်ဟာ လတ်တလောမှာ အကူးအပြောင်းကာလတစ်ခုမှာ ရှိနေတာ သိသာပါတယ်။အာတီတာဟာ ဒီအကူးအပြောင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဆာကာဟာလည်း ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။” လို့ ဝဲလ်ကော့က talkSportနဲ့ တွေ့ဆုံမှုမှာ ဆိုလာခဲ့ပါတယ်။
“အသင်းရဲ့ လူငယ်လေးတွေဟာ အခက်အခဲတွေကို အတူတူ ဖြတ်ကျော်နေပါပြီ။ကျွန်တော်ခံစားမိတာကတော့ အသင်းအနေနဲ့ သူ့(ဆာကာ)ကို အသင်းမှာ ထိန်းသိမ်းထားဖို့ လိုပါလိမ့်မယ်။”

“သူဟာ အရမ်းငယ်ရွယ်ပါသေးတယ်။ဒါပေမယ့် သူ အာဆင်နယ်ရဲ့ လန်ဒန်နယ်မြေတွေကို သဘောကျမယ်လို့ ခံစားမိပါတယ်။အသင်းရဲ့ပရိသတ်တွေကလည်း တကယ်ကို အံ့ဩဖို့ ကောင်းပြီး အမ်းမရိတ်ဟာ ကျွန်တော်ကစားဖူးသမျှထဲမှာ အကောင်းဆုံးကွင်းတွေထဲက တစ်ခုဖြစ်ပါတယ်။”
“ဒီမှာဆို သူဟာ ကြီးမားတဲ့ ထောက်ခံအားပေးမှုလည်း ရထားပြီး ကျွန်တော့်ကို စိတ်၀င်စားစေမိပါတယ်။နောက်ရာသီမှာ သူဆက်ရှိနေမယ်လို့ ကျွန်တော့်ရဲ့ နှလုံးသားက ခံစားမိပါတယ်။နောက်ရာသီပြီးရင်တော့ ဘာတွေဆက်ဖြစ်မလဲ ကျွန်တော်တို့ တွေ့ရမှာပါ။”
“သူနားလည်ဖို့လိုတာက မန်စီးတီးမှာဆိုရင် ပွဲကစားခွင့်က အကန့်အကတ်ရှိနေမယ်ဆိုတာ ပါပဲ။သူအနေနဲ့ မန်စီးတီးမှာ အောင်မြင်မှုတွေ ပိုရကောင်းရပါလိမ့်မယ်။ဒါပေမယ့် အာဆင်နယ်ကလည်း အောင်မြင်မှုတွေ မရနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ပါဘူး။”
“အာဆင်နယ်ဟာ အခုဆို အောင်မြင်မှုတွေ ရနိုင်တဲ့ လမ်းကြောင်းမှာ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။သူတို့ ဒီအတွက် တဖြည်းဖြည်းချင်းဆီ စနေပါပြီ။တကယ်လို့ အာဆင်နယ်သာ ရာသီအစကတည်းက အဆင့်ငါးနေရာမှာ ရှိနေခဲ့ရင် ဘယ်လို ဖြစ်သွားနိုင်မလဲ တွေးကြည့်လို့ရပါတယ်”
“သူနောက်ရာသီ အာဆင်နယ်မှာပဲ ရှိနေမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် တော်တော်လေး သေချာပါတယ်”
ဆာကာဟာ အာဆင်နယ်အတွက် ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီယားလိဂ် ပွဲစဉ်၃၈ပွဲလုံးကစားခဲ့ရပါတယ်။တကယ်လို့ သူသာ မန်စီးတီးကို ရောက်သွားခဲ့ရင် ပုံမှန်ပွဲထွက်ခွင့်ရဖို့ မသေချာပေမယ့် အာဆင်နယ်မှာလို ၀န်ထုပ်၀န်ပိုးအကြီးကြီးတွေ ထမ်းထားစရာ လိုမှာတော့ မဟုတ်ပါဘူး။
ဝဲလ်ကော့ဆိုခဲ့သလိုပဲ နောက်ရာသီမှာတော့ ဆာကာဟု အာဆင်နယ်မှာပဲ ဆက်ရှိနေဖို့ များပါတယ်။စာချုပ်သစ်အတွက် ပြောင်းရွှေ့ကြေး ထည့်သွင်းပေးဖို့ တောင်းဆိုထားတဲ့ ကစားသမားဟာ နောက်ရာသီပြီးရင်တော့ သူရဲ့အနာဂတ် ဘယ်လိုရှိမလဲဆိုတာ အာဆင်နယ်အသင်းပေါ်ပဲ မူတည်ပါလိမ့်မယ်။