အာရွန်ဟစ်ကီနဲ့အာဆင်နယ် ဘယ်အခြေအနေရှိပြီလဲ?

အာဆင်နယ်ဟာ ဘိုလော့ဂ်နာအသင်းရဲ့ ခံစစ်အစွန်ကစားသမား အေရွန်ဟစ်ကီကို အမြန်ဆုံးခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပြီး ၂၀၂၂နွေရဲ့ ပထမဆုံးအသစ်စက်စက်ဂန်းနားကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုနေပါတယ်။ 

ခံစစ်အစွန်ဟာ ဒီနွေမှာ အာတီတာ အင်အားအဖြည့်လိုဆုံးနေရာဖြစ်ပြီး အေရွန်ဟစ်ကီဟာ ခံစစ်ညာအစွန်နှစ်ခုစလုံးမှာ ကစားနိုင်သူ ဖြစ်တာကြောင့် သူ့ကိုသာ ခေါ်ယူနိုင်ခဲ့ရင် အာဆင်နယ်အတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ် အသုံးတည့်စေမယ့်၊ အာတီတာရဲ့ ခေါင်းကိုက်စရာ ခံစစ်ပြဿနာအတွက်လည်း အဖြေတစ်ခု ဖြစ်လာမယ့် ကစားသမား၀ယ်ယူမှုဖြစ်လာမှာပါ။ လက်ရှိအသင်းရဲ့ ခံစစ်ဘယ်အစွန်ကစားသမားတီယာနေးလ်ဟာ မကြာခဏ ဒဏ်ရာပြဿနာကြုံတွေ့နေရသလို ခံစစ်ညာအစွန်မှာကစားနေတဲ့ တိုမီယာဆုရဲ့ အရံကစားသမား စီဒရစ်ရဲ့ ခြေစွမ်းဟာလည်း စိတ်ချရတဲ့ အခြေအနေမှာ မရှိပါဘူး။ 

ဘိုလော့ဂ်နာအသင်းနဲ့ ပြီးခဲ့တဲ့ ရာသီ စီးရီးအေမှာ တောက်ပခဲ့သူ အေရွန်ဟစ်ကီဟာ ခံစစ်ဘယ်အစွန်နေရာကို ပိုအားသန်တဲ့ ကစားသမားဖြစ်ပြီး ခံစစ်ညာအစွန်မှာလည်း ရံဖနါရံခါ ကစားတတ်လေ့ရှိပါတယ်။ 

အာဆင်နယ်ဟာ စကော့တလန်သားကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ မေလအစကတည်းက ကြိုးစားနေခဲ့တာ ဖြစ်ပြီး မကြာခင်အသက်၂၀ပြည့်တော့မှာ ဖြစ်တဲ့ လူငယ်လေးကို အမ်းမရိတ်ဆီအရခေါ်ဆောင်နိုင်မယ်လို့လည်း အီဒူးတို့ လူစုဟာ ယုံကြည်နေကြပါတယ်။ 

နိုင်ငံလက်ရွေးစင်အသင်းမှာ တီယာနေးလ်ရဲ့ ကစားဖော်ဖြစ်သူ အေရွန်ဟစ်ကီကို အာဆင်နယ်ဟာ ယူရို ၂၅သန်းနဲ့ ကမ်းလှမ်းထားပြီး ကစားသမားကလည်း သူ့ရဲ့ ကစားသမားဘ၀ပိုတိုးတက်လာဖို့ ဘိုလော့ဂ်နာကိုစွန့်ခွာပြီး အာဆင်နယ်ဆီ ပြောင်းရွေ့လာဖို့ များနေတဲ့ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

အီတလီမှာ နှစ်နှစ်ကြာဖြတ်သန်းခဲ့ပြီးတဲ့နောက် ဘိုလော့ဂ်နာကစားသမားဟာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မကြာသေးမီက ခုလို ပြောပြလာခဲ့ပါတယ်။ 

နေရာသစ်တစ်ခုမှာ စိန်ခေါ်မှုတွေ ပြုလုပ်ပြီး အတွေ့အကြုံ‌သစ်တွေ ကျွန်တော်ရချင်ပါတယ်။(ကျွန်တော်နဲ့ပတ်သက်ပြီး) ပြောဆိုနေတာတွေ အများကြီးကိုလည်း ကျွန်တော်မြင်ပါတယ်။အခြားအသင်းတွေက ကိုယ့်ကို စိတ်၀င်စားနေတယ်ဆိုတာ ကောင်းပါတယ်၊ဘာလို့လဲဆိုတော့ ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဖြစ်စေပါတယ်။ဒါပေမယ့် ခေါင်းငုံ့ထားပြီး ဘောလုံးပေါ်ပဲ အာရုံစိုက်ထားဖို့ လိုပါလိမ့်မယ်” 

နွေအပြောင်းအရွှေ့ဈေးကွက် စတင်ဖွင့်လှစ်မယ့် ဇွန်လ၁၀ရက်နေ့မှာ အေရွန်ဟစ်ကီဟာ အသက်၂၀ပြည့်မြောက်မှာ ဖြစ်ပါတယ်။အက်စ်စတွန်ဗီလာကလည်း အေရွန်ဟစ်ကီကို စိတ်၀င်စားနေပေမယ့် ဘိုလော့ဂ်နာကတော့ သူတို့ရဲ့ကစားသမားကို အာဆင်နယ်ဆီပဲ ရောင်းချဖို့ များနေတယ်လို့လည်း သိရပါတယ်။

Advertisement

Leave a Reply

%d bloggers like this: