အရေးပါတဲ့ ကစားသမားတစ်ယောက်ကို နှစ်ရှည်စာချုပ်ချုပ်ဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ အသင်းရဲ့နောက်ခံလူ ဂါဘရီယယ်ကို စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဘရာဇီးလ်သားကို ခုလိုမျိုး နှစ်ရှည်စာချုပ်ချုပ်ဖို့ အာဆင်နယ်အနေနဲ့ ပြင်ဆင်လာခဲ့တာဟာ သူတို့ရဲ့ကစားသမားကို အခြားအသင်းတွေရဲ့ စိတ်၀င်စားမှုကနေ ကာကွယ်ဖို့ ဖြစ်ပါတယ်။ 

ဂါဘရီယယ်လ်ဟာ အာဆင်နယ်ကို ၂၀၂၀က ရောက်ရှိလာပြီး အသင်းနဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုထားတာကြောင့် ၂၀၂၅မှသာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ သူဟာ အာဆင်နယ်ကို ရောက်လာလာချင်းမှာပဲ အသင်းအတွက် မရှိမဖြစ် အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း ဘန်ဝှိုက်နဲ့တွဲဖက်ကာ အာဆင်နယ်နောက်တန်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့အပြင် ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးအများဆုံး ဗဟိုခံစစ်ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ရရှိခဲ့ပါတယ်။ 

ဒါကြောင့် ဒီနွေမှာ သူ့ကို ခေါ်ယူဖို့အတွက် ဥရောပက အသင်းအချို့ဟာ စိတ်၀င်စားလာခဲ့ပါတယ်။စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်က သူတို့ရဲ့ ကွင်းလယ်လူ အာသာမယ်လိုနဲ့ ဂါဘရီယယ်ကို အလဲအထပ်လုပ်ဖို့ စိတ်၀င်စားနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အာဆင်နယ်ဟာ ဂါဘရီယယ်ကို ရောင်းချဖို့ စိတ်ကူးမရှိသလို ကစားသမားကလည်း လန်ဒန်မှာပဲ ပျော်ရွှင်နေတာ ဖြစ်ပါတယ်။ 

 အာတီတာရဲ့ လက်‌အောက်မှာ အသင်းကို ပြန်လည်‌တည်ဆောက်နေတဲ့ အခြေအနေ ဖြစ်တာကြောင့် အသင်းရဲ့ အဓိကကစားသမားတွေကို မဆုံးရှုံးရဖို့က ကစားသမားသစ်ခေါ်ယူဖို့ထက်ကို အရေးကြီးတယ်လို့ ဆိုနိုင်ပါတယ်။ ဂါဘရီယယ်ကို ဆုံးရှုံးရမယ်ဆိုရင် အာဆင်နယ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် အာဆင်နယ်ဟာ သူတို့ရဲ့ ကစားသမားကို နှစ်ရှည်စာချုပ်နဲ့ အမ်းမရိတ်မှာ ကာလရှည် ဆက်ထိန်းသိမ်းထားနိုင်ဖို့ အခုကတည်းက စတင်ပြင်ဆင်လာခဲ့ပြီဖြစ်ပါတယ်။‌ ဒါကြောင့် အသက်၂၄နှစ်သာရှိသေးတဲ့ ဂါဘရီယယ်ကို အသင်းရဲ့ ခံစစ်ကျောက်ဆောင်ကြီးအဖြစ် နောက်ထပ်အကြာကြီး ဆက်မြင်နေရဖို့ရှိနေပါတယ်။ 

ဆာကာကို စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်လာခဲ့ပြီးတဲ့နောက် အာဆင်နယ်ဟာ ဂါဘရီယယ်နဲ့ နှစ်ရှည်စာချုပ်ချုပ်ဖို့ ခုလိုမျိုးခြေလှမ်းထပ်ပြင်လာခဲ့တာ ဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: