ချန်ပီယံလိဂ်၀င်ခွင့်မရခြင်းနဲ့  အာတီတာရဲ့သက်ပြင်းများ

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်၀င်ခွင့်ရဖို့ အနီးစပ်ဆုံး အခြေအနေတစ်ခုအထိရခဲ့ပြီးမှ ရာသီနောက်ဆုံးပွဲစဉ်၃ပွဲမှာ ၂ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့် ရာသီကုန်မှာ အဆင့်ငါးနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ယူရိုပါလိဂ်၀င်ခွင့်တော့ ရရှိခဲ့ပေမယ့် ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်ခဲ့ရခြင်းဟာ အသင်းရဲ့ ရာသီကြို ပြင်ဆင်မှုတွေကို ထိခိုက်မှု‌ ရှိလာမှာ ဖြစ်ပါတယ်။ 

ပထမအချက်ကတော့ ထိပ်တန်းကစားသမားတွေကို ခေါ်ယူဖို့အတွက် လုံလောက်တဲ့ မက်လုံးပေးနိုင်ဖို့ ခက်ခဲသွားမှာ ဖြစ်ပါတယ်။ ဥပမာဆိုရမယ်ဆိုရင် အသင်းရဲ့ အဓိက ပစ်မှတ်ကစားသမားဖြစ်တဲ့ ဂါဘရီယယ်ဂျေးဆုကို မြို့ခံပြိုင်ဘက် စပါးကလည်း အာဆင်နယ်နဲ့အပြိုင် ခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တကယ်လို့ ‌ဂျေးဆုဟာ ချန်ပီယံလိဂ်၀င်ခွင့်ရတဲ့ အသင်းကို ဦးစားပေးလာခဲ့မယ်ဆိုရင် အာဆင်နယ်အနေနဲ့ သူတို့ရဲ့ အဓိက ပစ်မှတ်ကို စပါးဆီ လက်လွှတ်လိုက်ရနိုင်တဲ့ အအနေအထားမှာ ရှိနေပါတယ်။ 

ဒုတိယအချက်ကတော့ ‌အပြောင်းအရွှေ့ဈေးကွက်အတွက် ရနိုင်မယ့် ဘတ်ဂျက်ပမာဏပါပဲ။ မကြာသေးမီက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အာတီတာဟာ သူ့အနေနဲ့ ကန့်သတ်ထားတဲ့ ငွေကြေးပမာဏတစ်ခုနဲ့သာ အလုပ်လုပ်နေရတယ်လို့ ၀န်ခံလာခဲ့ပါတယ်။ ဒီလိုမျိုး အပြောင်းအရွှေ့ဈေးကွက်အတွက် ဘတ်ဂျက်အလုံအလောက်မရရှိတာဟာ ချန်ပီယံလိဂ်၀င်ခွင့် မရရှိခဲ့ခြင်းနဲ့ ဆက်စပ်နေနိုင်ပါတယ်။ 

လက်ရှိမှာ အာဆင်နယ်အသင်းရဲ့ စီနီယာအသင်းကြီးမှာ ရှိနေတဲ့ ကစားသမားအရေအတွက်ဟာ ပရီးမီးယားလိဂ် အသင်းတွေထဲမှာ အနည်းဆုံးလို့တောင် ဆိုနိုင်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီကနေ လက်ရှိအချိန်အထိ အာဆင်နယ် ဆုံးရှုံးခဲ့ရတဲ့ ကစားသမား အရေအတွက်ဟာ လေးယောက်အထက်ရှိနေပြီး နောက်ကစားသမားအများအပြားကိုလည်း ထပ်မံဆုံးရှုံးရဖို့ ရှိနေပါတယ်။ 

ဒီလိုအခြေအနေမှာ အသင်းအနေနဲ့ ငွေကြေးအင်အားအများအပြားသုံးစွဲပြီး လာမယ့်ရာသီမှာ အောင်မြင်မှုတွေရယူနိုင်ဖို့၊ချန်ပီယံလိဂ်၀င်ခွင့်အတွက် တိုက်ပွဲ၀င်ဖို့ ပြင်ဆင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်ခဲ့ရပြီးနောက် ခရွန်ကီမိသားစုဟာ နွေအပြောင်းအရွှေ့ဈေးကွက်မှာ အာဆင်နယ်ကို ငွေပုံပေးဖို့ လက်တွန့်သွားခဲ့ပုံပါပဲ။ 

ကောလာဟလအချို့အရဆိုရင် အာဆင်နယ်ဟာ အစောပိုင်းက ဒီနွေမှာ ကစားသမားအသစ်၇ဦး အထိ ခေါ်ယူခွင့်ရဖို့ ရှိနေပေမယ့်  လက်ရှိမှာတော့ ကစားသမားသစ်သုံးဦးကိုသာ ခေါ်ယူခွင့် ရှိမယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီအလွန်မှာ အာတီတာဟာ အသင်းမှာ ကျန်ရှိနေတဲ့ ကစားသမားအနည်းစုနဲ့ ချန်ပီယံလိဂ်၀င်ခွင့် တိုက်ပွဲမှာ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးပါပြီ။ဘုတ်အဖွဲ့ဟာ အာတီတာအပေါ် ယုံကြည်မှုအပြည့်နဲ့ စာချုပ်သက်တမ်း တိုးခဲ့ပြီးပေမယ့် စပိန်သားကြီးရဲ့ စိတ်ကြိုက်ကစားသမားတွေကို ခေါ်ယူဖို့ လုံလောက်တဲ့ ဘတ်ဂျက်ပေးဖို့ ဘာလို့လက်တွန့်နေလဲဆိုတာ မေးခွန်းထုတ်စရာပါပဲ။ 

ဆုဖလားတွေနဲ့ ချန်ပီယံလိဂ် ၀င်ခွင့်တွေဟာ အသင်းရဲ့ အမြတ်ငွေတွေကို အဓိက ရှာဖွေပေးသွားမယ့် အရာတွေပဲ ဖြစ်ပါတယ်။ခရွန်ကီတို့ဟာ အသင်းကို ပိုက်ဆံရှာပေမယ့် အောင်မြင်မှုတွေအတွက် ငွေသုံးဖို့ လက်တွန့်နေပြီး ဒီလူစာရင်းကနေပဲ ရသလောက်ညှစ်ယူဖို့ပဲ ကြံနေရင်တော့ အာတီတာအပေါ်ပဲ ဖိအားတွေ ပိုများလာမှာ ဖြစ်ပါတယ်။

ကံကောင်းတာကတော့ ဆာလီဘာကိစ္စပါပဲ။ အစောပိုင်းတုန်းက ဆလီဘာကလည်း နောက်ရာသီမှာ မာဆေးလ်နဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ချင်တယ်လို့ ၀န်ခံထားခဲ့ပါတယ်။ သို့သော်နောက်ဆုံးအင်တာဗျူးဖြေဆိုမှုအရ ဆာလီဘာဟာ အာဆင်နယ်နဲ့အတူ ဆက်ရှိနေမှာဖြစ်တာကြောင့် ဗဟိုနောက်ခံလူကိစ္စကိုတော့ အာတီတာတစ်ယောက် ခနလောက်သက်ပြင်းချလို့ရပြီဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: