ငွေကြေးအကန့်အသတ်နဲ့ အလုပ်လုပ်နေရတယ်လို့ ၀န်ခံလာခဲ့တဲ့ အာတီတာ

ဒီအပတ်ထဲ မီဒီယာတွေနဲ့ တွေ့ဆုံရမှုမှာ အာတီတာဟာ လာမယ့် အပြောင်း အရွှေ့ကာလမှာ ကစားသမားခေါ်ယူဖို့အတွက် ရရှိထားတဲ့ ငွေကြေးပမာဏနဲ့ ပတ်သက်ပြီး မလောက်မငဖြစ်နေမှာကို စိုးရိမ်နေတဲ့အကြောင်း ၀န်ခံလာခဲ့ပါတယ်။ဒါကြောင့်အာဆင်နယ်ဟာ အသင်းရဲ့လိုအပ်နေတဲ့ နေရာတွေမှာ လုံလောက်တဲ့ အင်အားဖြည့်တင်းမှု လုပ်နိုင်ပါ့မလားဆိုတဲ့အပေါ် ပရိသတ်တွေအတွက် စိတ်ပူစရာ ဖြစ်လာခဲ့ပါတယ်။ 

အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ကစားသမားအများစုကို လက်လွှတ်ခဲ့ပေမယ့် အစားထိုးခေါ်ယူမှုတွေတော့ ပြန်လည် ပြုလုပ်ထားခြင်းမရှိပါဘူး။ ဒါကြောင့် ဒဏ်ရာရကစားသမားတွေ များပြားလာချိန်၊ရာသီကုန်ခါနီးနောက်ဆုံး သီတင်းပတ်တွေမှာ အာတီတာဟာ အသင်းရဲ့ လူစာရင်းအတွက် အသုံးပြုစရာ ကစားသမား အများအပြားမရှိတာကို အားလုံးမြင်တွေ့ခဲ့ရမှာပါ။ 

ဒီနွေမှာလည်း အသင်းနဲ့ စာချုပ်သက်တမ်းသွားတဲ့ လာကာဇက်က အသင်းကနေ ထွက်ခွာဖို့ ရှိနေသလို စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ပေပေကိုလည်း အာဆင်နယ်ဟာ ရောင်းချသွားဖို့ ရှိနေပါတယ်။ ပါဘလိုမာရီ၊ ဘယ်လာရင်၊ မစ်တလန်နိုင်းစ်၊ လေနိုတို့ကို ရောင်းချသွားဖို့ ရှိနေသလို တာဗာရက်စ်ကိုလည်း အငှားချသွားဖို့ ရှိနေပါတယ်။ ဆာလီဘာရဲ့ အနာဂတ်ကလည်း အင်္ဂလန်ကို ပြန်လာမှာလား၊ ပြင်သစ်မြေမှာပဲ ဆက်နေမှာလားဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။ 

ဒီတော့ လာမယ့် ရာသီမှာ ဥရောပပြိုင်ပွဲတွေဆီ တဖန်ခြေချဖို့ ရှိနေတဲ့၊ ကစားသမားအများအပြားကို ဆုံးရှုံးထားခဲ့တဲ့၊ ဆက်ပြီးဆုံးရှုံးရဖို့ရှိနေတဲ့ အသင်းဟာ ငွေကြေးအများအပြားသုံးစွဲပြီး ကစားသမားအင်အားဖြည့်တင်းဖို့ လိုအပ်နေတယ်ဆိုတာ အားလုံးအသိပါပဲ။ 

အထူးသဖြင့် အော်ဘာမီယန်း၊လာကာဇက်တို့ မရှိတော့တဲ့ တိုက်စစ်ဟာ ကစားသမားတစ်ဦး ဒါမှမဟုတ် နှစ်ဦးအထိ အနည်းဆုံး ပြန်ဖြည့်တင်းဖို့ လိုအပ်နေတဲ့ အနေအထားဖြစ်ပါတယ်။ ကွင်းလယ်အတွက် ကစားသမားတစ်ဦးနဲ့ နောက်တန်းဘယ်ညာအစွန်တွေအတွက် ကစားသမားနှစ်ဦးကိုလည်း အာဆင်နယ်အနေနဲ့ ခေါ်ယူဖို့ လိုအပ်နေပါတယ်။ 

ဒီလိုမျိုး အင်အားအကြီးအကျယ်ဖြည့်တင်းဖို့ လိုအပ်နေတဲ့ အခြေအနေမှာ ရှိနေပေမယ့် အာတီတာကတော့ သူဟာ ကန့်သတ်ထားတဲ့ ငွေကြေးပမာဏတစ်ခုနဲ့ အလုပ်လုပ်နေရတယ်လို့ ၀န်ခံလာခဲ့ပါတယ်။ 

ကျွန်တော်တို့   ငွေကြေးပမာဏတစ်ခုကို ရနိုင်ဖို့တော့ ရှိနေပါတယ်။ဒါပေမယ့် ကန့်သတ်မထားတဲ့ ပမာဏတော့ မဟုတ်ပါဘူး၊ပမာဏအချို့ပဲ ရနိုင်မှာပါ လို့ အာတီတာဟာ Mirror ရဲ့ မေးမြန်းမှုကို ဖြေကြားလာခဲ့ပါတယ်။ 

အစောပိုင်းမှာ အာဆင်နယ်ဟာ ဒီနွေအတွက် ပေါင်သန်း၁၅၀ရထားပြီး ကစားသမားတွေကို ရောင်းချလို့ရလာတဲ့ ငွေကြေးနဲ့ဆိုရင် အီဒူးနဲ့ အာတီတာတို့အတွက် နွေမှာ ပေါင်သန်း၂၀၀လောက်အထိသုံးနိုင်မယ်လို့ မျှော်လင့်ထားခဲ့ပါတယ်။ ဒီငွေကြေးဟာ အရမ်းများလွန်းတဲ့ ပမာဏတော့မဟုတ်ပေမယ့် အသင်းအတွက် အရေးတကြီးလိုအပ်နေတဲ့ နေရာအချို့ကို ဖြည့်တင်းဖို့တော့ လုံလောက်နိုင်ပါတယ်။ 

ဒါပေမယ့် အာတီတာရဲ့ ပြောကြားချက်အရဆိုရင် ဒီနွေမှာ ကစားသမား၀ယ်ဖို့ ပေါင်သန်း၂၀၀ တကယ်ပဲ သုံးနိုင်ပါ့မလားဆိုတဲ့အပေါ် စိတ်ပူစရာ ဖြစ်လာခဲ့ပါတယ်။ဒီသတင်းဟာ အာဆင်နယ်နဲ့အပြိုင် ကစားသမားတွေ လုနေတဲ့ အသင်းတွေအတွက် သတင်းကောင်း ဖြစ်လာနိုင်ပါတယ်။ 

ဒါမှမဟုတ်လည်း အာတီတာဟာ ပြိုင်ဘက်တွေနဲ့ mind gameတစ်ခုကို ဆော့ကစားလိုတာလားဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ်။

Advertisement

Leave a Reply

%d bloggers like this: