တီယာနေးကို အစားထိုးဖို့အချိန်ရောက်လာပြီလား

ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ကစားသမားအများအပြားကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့ပြီးတဲ့နောက် အသင်းရဲ့ လူစာရင်းမှာ ကစားသမားအနည်းငယ် ကျန်ရှိဝော့ာပြီး အထိခိုက်မခံတဲ့ အနေအထားကို ရောက်ရှိခဲ့ပါတယ်။ ရာသီကုန်ခါနီး အရေးကြီးဆုံး သီတင်းပတ်တွေ ရောက်လာချိန်မှာတော့ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ပါတေး၊တီယာနေးတို့ ဒဏ်ရာ ရသွားခဲ့ပြီး ရာသီကုန်ထိ အနားယူရဖို့ ဖြစ်လာခဲ့ပါတယ်။ 

အသင်းရဲ့ ချန်ပီယံလိဂ်အိပ်မက်ကို ပျက်စီးစေခဲ့တဲ့ အရာတွေထဲမှာ ဒဏ်ရာပြဿနာတွေကလည်း တစ်ခုအပါအ၀င်ပါပဲ။ အထူးသဖြင့် တီယာနေးရဲ့ ဒဏ်ရာပြဿနာဟာ အသင်းရဲ့ ရလဒ်တွေ အပေါ်အတော်လေးထိခိုက်ခဲ့ပါတယ်။ ပါ‌တေး ဒဏ်ရာရနေချိန်မှာ  အစားထိုးစရာ အယ်လ်နီနီရှိနေပေမယ့် တီယာနေးလ်ဒဏ်ရာ ရသွားချိန်မှာတော့ သူ့နေရာ ကစားနိုင်တဲ့ တာဗာရက်စ်ရဲ့ ခြေစွမ်းဟာ စိတ်ချ အားကိုးရတဲ့အနေအထားမှာ မရှိခဲ့ပါဘူး။ 

တကယ်တော့ တီယာနေးရဲ့ ဒဏ်ရာပြဿနာဟာ အာဆင်နယ်ကို ဒုက္ခပေးခဲ့တာ ပြီးခဲ့တဲ့ ရာသီတစ်ခုတည်း မဟုတ်ပါဘူး။ဆဲလ်တစ်ကနေ အာဆင်နယ်ကို ပေါင်၂၅သန်းနဲ့ ရောက်ရှိလာကတည်းက စကော့တလန်လက်ရွေးစင်လေးဟာ အမ်းမရိတ်မှာ  ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။ 

တီယာနေးဟာ အာဆင်နယ်အတွက် ကစားခဲ့တာ ဘောလုံးရာသီ ၃ရာသီ ကြာမြင့်ခဲ့ပါပြီ။ အချက်အလက်တွေအရ အသင်းရဲ့ ဒုကပ္ပတိန်ဟာ တစ်ရာသီပျမ်းမျှ ပြိုင်ပွံစုံ ၂၉ပွဲသာ ကစားထားခဲ့ပြီး လိဂ်ပွဲ ၂၉ပွဲသာ ကစားထားခဲ့ရပါတယ်။တစ်ရာသီတည်းမှာ အများဆုံးကစားနိုင်ခဲ့တဲ့ လိဂ်ပွဲ အရေအတွက်ဟာ ၂၅ပွဲသာရှိပါတယ်။  ဒီလိုမျိုး သူကစားနိုင်ခဲ့တဲ့ ပွဲစဉ်တွေအားလုံးမှာတောင် တီယာနေးဟာ ကြံ့ခိုင်မှု အပြည့်နဲ့ ကစားနိုင်ခဲ့တာ မဟုတ်ပါဘူး။ ပွဲအနည်းငယ်လောက် ကစားပြီးမှ ကြံ့ခိုင်မှု အပြည့်အ၀ ပြန်ရခဲ့တဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။အသင်းရဲ့ ပထမဦးစားပေး ကစားသမားတစ်ဦးဟာ ဘောလုံးရာသီတစ်ရာသီမှာ လိဂ်ပွဲ ၃၀ပြည့်အောင်တောင် ကစားနိုင်စွမ်းမရှိတာဟာ အသင်းအတွက် ကောင်းကျိုးမရှိနိုင်ပါဘူး။ 

တီယာနေးဟာ ပရိသတ်တွေရဲ့ အချစ်ကို အများကြီးရထားတဲ့ ကစားသမား ဖြစ်ပါတယ်။ သူ့ရဲ့ငယ်ရွယ်နုပျိုမှု၊ အသင်းအပေါ်ဦးဆောင်နိုင်မှု၊ အလုပ်လုပ်နိုင်စွမ်းတွေ၊ မှန်ကန်ဖြောင့်မတ်တဲ့ ခံယူချက်နဲ့ သဘောထားရှိတာတွေ၊ ခြေစွမ်းကောင်းမွန်မှုတွေဟာ အသင်းကို အများကြီး အကျိုးပြုနိုင်တာ ငြင်းစရာ မရှိပါဘူး။ ကျွန်တော်လည်း တီယာနေးရဲ့ ပရိသတ်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ခြေစွမ်းဘယ်လောက်ကောင်းကောင်း တစ်ခါတစ်လေမှ အသင်းကို အကျိုးပြုနိုင်တယ်ဆိုရင်တော့  အဆင်မပြေနိုင်ပါဘူး။ 

ကစားသမားတစ်ယောက်ကို ဒဏ်ရာပြဿနာလေးတစ်ခုနှစ်ခုလောက်နဲ့ အသင်းအတွက် အားမထားရတဲ့ သူလို့ စွပ်စွဲရင် ဒါဟာ လွန်ရာကျမှာပါ။တီယာနေးအပေါ် စိတ်ရှည်ရှည်နဲ့ ကျွန်တော်တို့ စောင့်ကြည့်နေခဲ့ပါတယ်။အခုဆို ဘောလုံးရာသီသုံးရာသီ ကုန်လွန်သွားခဲ့ပြီး တီယာနေးကတော့ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ရဆဲပါပဲ။ ဆဲလ်တစ်မှာတုန်းက ဒီလို ဒဏ်ရာပြဿနာတွေ မရှိခဲ့ပဲ အင်္ဂလန်မြေမှာ ခုလိုမျိုး ခဏခဏ ဒဏ်ရာရနေတာဟာ သူ့အတွက်လည်း ပျော်စရာတော့ မဟုတ်နိုင်ပါဘူး။ 

လာမယ့်ရာသီမှာ အာဆင်နယ်က ဥရောပပြိုင်ပွဲတွေကို တဖန်ပြန်ခြေချဖို့ ရှိနေပါတယ်။ ဒီ‌တော့ ဒဏ်ရာပြဿနာတွေနဲ့ ကစားသမားတစ်ယောက်ကို အသင်းရဲ့ ပထမဦးစားပေးနောက်ခံလူအဖြစ် ဆက်လက်ထားသင့်သေးလား ဆိုတာ ‌အာတီတာ အဖြေရှာဖို့ လိုအပ်ပါပြီ။ 

အာဆင်၀င်းဂါးရဲ့ သူ့ရဲ့ ဂန်းနားမန်နေဂျာဘ၀နောက်ဆုံးနှစ်တွေမှာ အသင်းရဲ့ ဒဏ်ရာရကစားသမားများပြားနေခဲ့တဲ့ ပြဿနာကို မဖြေရှင်းနိုင်ခဲ့တဲ့အတွက် ဝေဖန်ပြစ်တင်မှုတွေ ခံခဲ့ရပါတယ်။ ၀င်းဂါးဟာ ဒဏ်ရာခဏခဏ‌ရနေတဲ့ ကစားသမားတွေကို  သံယောဇဥ်မပြတ်ပဲ ခင်တွယ်နေခဲ့တာဟ  နောက်ဆုံးမှာတော့ ဒီဒဏ်ကို  အသင်းနဲ့ ပရိသတ်တွေပဲ ခံစားခဲ့ရပါတယ်။ 

လတ်တလောမှာတော့ တီယာနေးရဲ့ နေရာ အစား၀င်နိုင်မယ့် ကစားသမားကို အီဒူးတို့ ကြိုတင်ရှာဖွေနေပြီးသား ဖြစ်မှာပါ။အသင်းကို အသစ်ရောက်လာမယ့် ခံစွန်ဘယ်အစွန်ကစားသမားဟာ တီယာနေးလ်ရဲ့ အရံကစားသမားမဖြစ်သင့်ပဲ တီယာနေးရဲ့နေရာ အစားထိုးနိုင်လောက်တဲ့ Quality Playerဖြစ်ဖို့တော့ လိုပါလိမ့်မယ်။

Advertisement

Leave a Reply

%d bloggers like this: