အချိန်တိုတွင်းမှာ လင်းလက်ပြခဲ့တဲ့ကြယ် (Reyes 1983-2019)

တကယ်တော့  အာဆင်နယ်ရဲ့  Number 9  ကျိန်စာကို  ရီးရက်စ်က ခြေစွမ်းအရတော့  ချေဖျက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာကံဆိုးခဲ့သူလား ၊ စန်း နဲခဲ့သူလားတော့ ကျွန်တော်တို့ကိုယ်တိုင်ပြန်ပြီးဝေဖန်ဆန်းစစ်ရမှာပါပဲ။

အဲ့ဒီရာသီမှာ  အသင်းကြီးတွေအပြိုင်လူခေါ်ကြတာပါ .. ထူးထူးခြားခြားဆောင်းရာသီမှာခေါ်ကြတာ။ မန်ချက်စတာယူနိုက်တက်က ဆာဟာ ၊  ချဲလ်ဆီးက စကော့ပါကား .. အာဆင်နယ်ကတော့ ရေးယက်စ်ပေါ့  .. ရုပ်အချောဆုံးဆိုပြီး ကျောင်းသားဘဝမှာ ငြင်းခဲ့တာကို အမှတ်ရမိပါတယ်။  ပုဂ္ဂလိဂ ခံစားချက်ကိုပြောရရင်  ကျွန်တော်သိပ်ကြိုက်တဲ့ တိုက်စစ်မှုးဖြစ်ပါတယ်။ ဒါပေမယ့်သူဟာ ကံတောင်မကောင်းခဲ့ရှာပါဘူး။  မီးရောင်တွေအောက်မှာ အချိန်နဲလွန်းပါတယ်။  သူ့ဘဝမှတ်တမ်းလေးနဲ့  ဖြတ်သန်းမှုလေးတွေကို ကြည့်ရအောင်ပါ။

၁၉၈၃ ခုနှစ်  စက်တင်ဘာလ ၁ ရက်နေ့မှာမွေးဖွားခဲ့ပါတယ်၊။ သူနာမည်က ဟိုဆေး  အန်တိုနီယို ရီယက်စ် ဖြစ်ပါတယ်။ ဆီးဗီးလားရဲ့  ခြံပေါက်ကစားသမားဖြစ်ပြီး   ဂိုးသွင်းကောင်းသူလဲဖြစ်ပါတယ်။  အသက်ဆယ်နှစ်သားကထဲက လူငယ်အဆင့်မှာကစားနေခဲ့ပြီဖြစ်ပါတယ်။  ထိုစဥ်ကထဲက ဆီးဗီးလ်မြို့်သားလေးတစ်ယောက်က ကစားသမားဘဝကို စတင်ပြီး လန်ဒန်ကို မရောက်ခင်အထိ  ဆီဗီးလားကစားသမားဖြစ်ခဲ့တာပါ။  ၁၆ နှစ်မှာ တရားဝင် စကစားတယ် ၊ ပြီးတော့  စပိန် U17  လက်ရွေးစင်အတွက်လည်း ဂိုးသွင်းပါသေးတယ်။

ပေါင် ၁၀ သန်းနဲ့စပြီးဆွေးနွေးခဲ့ရာကနေ  ပေါင် ၁၇ သန်းနဲ့ကျမှအဆုံးသတ်ခဲ့တဲ့  ညှိနှိုင်းမှုဟာ ရီယက်စ်ကို ပရီးမီးယားလိဂ်ဆီခေါ်ဆောင်လာခဲ့ပါတယ်။  ဒါဟာ သမိုင်းတစ်ခုရဲ့အစပါပဲ။  ကြီးမားတဲ့သမိုင်းမဟုတ်ပါဘူး။  ညိုးငယ်ရခြင်းမှတ်တမ်းများဖြစ်ပါတယ်။

ရောက်ရောက်ခြင်းရာသီဝက်မှာ  ၇ ဂိုးသွင်းခဲ့တယ်။  အာဆင်နယ်အတွက်  ပွဲပေါင်း  ၁၁၀ ကစားပြီး  ၂၃ ဂိုးထိသွင်းပေးခဲ့တယ်။ သူရောက်လာတဲ့နှစ်က အာဆင်နယ်အသင်းရှုံးပွဲမရှိရွေဖလားရခဲ့တဲ့နှစ်ဖြစ်တယ်။  ခြေစွမ်းပြနိုင်တယ်။ ပွဲအဖြေကိုပြောင်းနိုင်တယ်။  ဒါပေမယ့်လည်း အဂ်လန်လူနေမှူဘဝကို ဒဏ်မခံနိုင်ခြင်းဟာ သူ့ကို မတည်မငြိမ်ဖြစ်တယ်။ တကယ်လို့သာ  အဂ်လန်မှာကာလရှည်ကစားခဲ့ရင်   ကျောနံပါတ်  ၉ ကြိမ်စာဆိုတာ သူနဲ့အတူ ပျက်ပျယ်သွားမှာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရီယက်စ်တစ်ယောက်  ရီးရဲမက်ဒရစ်ကို အငှားသွားကစားရင်း  …  သူ့မှတ်တမ်းမှာ အသင်းတွေများသွားခဲ့တယ်။

လက်ရွေးစင်အသင်းအတွက်  ၂၁ ပွဲကစားပြီး  ၄ဂိုးသွင်းယူနိုင်ခဲ့တယ်။ ကစားသမားဘဝစုစုပေါင်း  ၇၀၆ ပွဲကစားပြီး  ၁၀၄ ဂိုးသွင်းခဲ့တယ်။ ကွယ်လွန်ချိန်မှာ အသက် ၃၅ နှစ်သာရှိပါသေးတယ်။ ဆီဂန်ဒါကလပ်တစ်သင်းဖြစ်တဲ့ အိတ်စ်ရီး မာရူဒါ မှာ ကစားနေချိန် ၊  သူ့အိမ်အပြန်ခရီးမှာ ကားအက်စီးဒန့်နဲ့အတူအာလုံးကို နှုတ်ဆက်သွားခဲ့ပါတယ်။ သူ့ရဲ့မွေးရပ်မြေမှာပဲသူခေါင်းချခဲ့ပါတယ်။

သူ့မှာ သားတစ်ယောက်  သမီး ၂ ယောက်ရှိပါတယ်။ သားဖြစ်သူကတော့ ရီးရဲမက်ဒရစ်ရဲ့ အကယ်ဒမီကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူကွယ်လွန်ချိန်မှာ သူ့ရဲ့ကျောနံပါတ် ၁၉ ကို နောက်ဆုံးကစားခဲ့ရာ ဆီဂန်ဒါကလပ်က အနားပေးခဲ့ပါတယ်။

ယနေ့  ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့ဟာ  သူကွယ်လွန်ခဲ့တဲ့   ၃နှစ်ပြည့်ဖြစ်ပါတယ်။ တောင်ပံတကြောကနေ  ဆွဲပြေးရင်း တိကျပြင်းထန်တဲ့ကန်ချက်တွေဟာ သူ့ရဲ့ အမှတ်အသားဖြစ်ပါတယ်။  ၂ ရာသီခွဲဆိုပေမယ့် ပရိတ်သတ်တွေကြားထဲ ထာဝရတည်ရှိခဲ့သူပေါ့။

Advertisement

Leave a Reply

%d bloggers like this: