အာဆင်နယ်ရဲ့ ကျိန်စာ နံပါတ် ၉ကို ဘယ်သူ ဆက်ခံမလဲ?

ဒီအပြောင်းအရွှေ့မှာ အာဆင်နယ်ရဲ့ နံပါတ် ၉တိုက်စစ်မှုး လာကာဇတ် ထွက်ခွါတော့မှာ ဖြစ်ပါတယ်။ အန်ကတ်တီယာဟာအသင်းမှာဆက်ရှိနေဖို့ သေချာသလောက်ဖြစ်နေပေမယ့် ဘယ်နံပါတ်ကို ဝတ်ဆင်မလဲတော့ မသေချာသေးပါဘူး။

အာဆင်နယ်ကိုရောက်လာမယ့် တိုက်စစ်မှုးသစ်တွေကတော့ ကျောနံပါတ် ၉ ယူရမှာကို ကြောက်နေကြပါလိမ့်မယ်။ အာဆင်နယ်ရဲ့ ကျောနံပါတ် ၉ဟာ ကစားသမားတွေကို အောင်မြင်စေခဲ့ခြင်းမရှိတာကြောင့် တော်ရုံကစားသမားတွေ လက်ရှောင်ချင်ကြပါလိမ့်မယ်။ ကျောနံပါတ် ၉နဲ့ မအောင်မြင်ခဲ့ရတဲ့ အာဆင်နယ်ကစားသမားဟောင်းတွေအကြောင်း အောက်မှာ ဖော်ပြထားပါတယ်။

ပေါလ်မာဆန်

အာဆင်ဝင်းဂါးလက်အောက်မှာ တစ်ရာသီ ကစားသွားခဲ့ပြီး မူးယစ်ဆေး၊ အရက်သေစာနဲ့ လောင်းကစား စွဲလမ်းမှုတွေကြောင့် အာဆင်ဗန်းဂါးအကြိုက် မတွေ့ခဲ့သလို ကစားသမားကလည်း မစ်ဒယ်ဘရော့ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

နီကိုလပ်စ်အနယ်ကာ

ဒီချာတိတ်ကစားသမားလေးကို အသက် ၁၇နှစ်တည်းနဲ့ အာဆင်ဝင်းဂါးက ပေါင်၅သိန်းပေးပြီး ခေါ်ယူခဲ့တာပါ။ ဒဏ်ရာရသွားတဲ့ အီယန်ရိုက်နေရာကို လူစားဝင်ကစားရင်း အသက် ၁၈နှစ်အရွယ်နဲ့ အာဆင်နယ်အတွက် ပွဲထွက်ခွင့် ရလာခဲ့ပြီး အသင်းမှာ ခြေစွမ်းလည်း ပြနိုင်ခဲ့ပါတယ်။ အသက် ၂ဝအရွယ်၊ ပရီးမီးယားလိဂ် ၃၅ပွဲကစားပြီး ၁၇ဂိုးသွင်းနိုင်ခဲ့တဲ့ရာသီအပြီးမှာတော့ ကစားသမားက အေးဂျင့်ဖြစ်သူရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ရီးရဲမယ်ဒရစ်ကို ပြောင်းသွားခဲ့ပြီး အာဆင်နယ်အသင်းမှာ အမြင့်ဆုံးခြေစွမ်းတွေ မရရှိခဲ့လိုက်သူပါ။ ဒါပေမယ့်လည်း အဆိုးထဲကအကောင်းအနေနဲ့ အာဆင်နယ်ကသူ့ကိုရောင်းရငွေကနေ အမြတ် ပေါင် ၂၂သန်းရရှိခဲ့ကာ အဲ့ဒီငွေနဲ့ အွန်နရီကိုခေါ်ယူပြီး လေ့ကျင့်ရေးကွင်းကိုလည်း ပြင်နိုင်ခဲ့ပါတယ်။

ဒေ့ဗ်ဆူကာ

ခရိုအေးရှားရဲ့ ဂန္တဝင်တိုက်စစ်မှုးကြီးဟာ နိုင်ငံအတွက် ၆၉ပွဲမှာ ၄၅ဂိုး၊ ရီးရဲမက်ဒရစ်လို ကြယ်စင်စုအသင်းကြီးအတွက် ၁ဝ၆ပွဲမှာ ၄၆ဂိုး သွင်းနိုင်ခဲ့ပေမယ့် အာဆင်နယ်မှာတော့ တစ်ရာသီကစားကာ ၃၅ပွဲအတွင်း ၇ဂိုးသာ သွင်းယူနိုင်ခဲ့သူပါ။ ဒါ့အပြင် အာဆင်နယ်ရဲ့ UEFA Cup Final ဂါလာတာဆာရေးနဲ့ရှုံးပွဲမှာလည်း ပယ်နယ်တီလွဲခဲ့တာ သူပဲဖြစ်ပါတယ်။

ဖရန်စစ်ဂျက်ဖား

အသက်၂ဝအရွယ် ကစားသမားလေးကို ပေါင် ၈သန်းနဲ့ မျှော်လင့်တကြီး ခေါ်ယူခဲ့ပေမယ့် ကစားသမားကတော့ အာဆင်နယ်နဲ့ ကံမစပ်ခဲ့ဘဲ အာဆင်နယ်အသင်းရဲ့ နံပါတ် ၉ပိုင်ရှင်တွေထဲ အဆိုးဝါးဆုံးကစားသမားဖြစ်သွားခဲ့ပါတယ်။

ဟိုဆေးအန်တိုနီယိုရီးယက်စ်

 အာဆင်ဝင်းဂါး မျော်လင့်တကြီး ခေါ်ယူခဲ့သလို ကစားသမားကလည်း ခြေစွမ်းကောင်းမွန်လှပါတယ်။ တောင်ပံကနေ တိုက်စစ်နေရာအထိ အလှုပ်အယိမ်း၊ အလိမ်အခေါက်တွေနဲ့ ကစားတတ်ပြီး ဂိုးတွေလည်း သွင်းနိုင်တဲ့သူမို့ ဝင်းဂါးကိုယ်တိုင် ကျေနပ်နေခဲ့တာပါ။ အာဆင်နယ်ကို ၂ဝဝ၄-၂ဝဝ၅ ရာသီဝက်မှ ရောက်လာခဲ့ပေမယ့် ၁၂ပွဲကစားကာ ၇ဂိုးသွင်း၊ ၅ကြိမ်ဖန်တီးပေးခဲ့တဲ့ သူဟာ England မှာ အကောင်းဆုံးကစားသမားဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း England ဘောလုံးလောကရဲ့ ကြမ်တမ်းတဲ့ ကစားဟန်တွေအပြင် လူမျိုးရေးခွဲခြားမှု၊ မီဒီယာဖိနှိပ်မှု၊ အိမ်လွမ်းနာကျမှုတွေကြောင့် ရီယက်စ်တစ်ယောက် ဆီဗီးလားအသင်းကိုသာ ပြန်ပြောင်းရွှေ့ခဲ့ရပါတယ်။

၂ဝ၁၉ခုနှစ်မှာ ကားအက်ဆီးဒင့်ဖြစ်ပြီး ဆုံးပါးသွားတဲ့အချိန် သူ့အသက်က ၃၅နှစ်သာ ရှိပါသေးတယ်။

ဟူလီယိုဘာတစ္စတာ

အမ်းမရိတ်စ်ကွင်းထဲက အာဆင်းရဲ့ ပထမဆုံး နံပါတ် ၉ကစားသမားပါ။ ဒါပေမယ့် လီဗာပူးလ်ကို ၄ဂိုးသွင်းနိုင်တာကလွဲလို့ တခြားထူးထူးခြားခြားမရှိခဲ့ဘဲ အာဆင်နယ်ကလည်း ရီးရဲကနေ အငှားသာခေါ်ယူခဲ့ပြီး အပြီးသတ်စာချုပ် မချုပ်ဖြစ်ခဲ့ပါဘူး။

အက်ဒွါဒိုဒါဆေးဗားလ်

ရီယက်စ်ကို ခြေစွမ်းကြိုက်ပေမယ့် သူ့ရဲ့အာဆင်နယ်ကစားသမားဘဝကို စိတ်ပျက်ခဲ့ရတယ်ဆိုရင် ဒါဆေးဗားလ်ကိုတော့ ယူကြုံးမရဖြစ်ခဲ့ရတယ်ပဲ ပြောရပါလိမ့်မယ်။ အွန်နရီကို ရောင်းလို့ ရတဲ့ငွေကနေ သူ့ကို ဝယ်ယူခဲ့တာဖြစ်ပြီး ကစားသမားကလည်း လှပတဲ့ ဘယ်ခြေတစ်ချောင်းနဲ့ အသင်းအတွက် ပေးဆပ်ကစားနေခဲ့တာပါ။ ဒါပေမယ့်လည်း ၂ဝဝ၈ခုနှစ်မှာ ခြေထောက် ထက်ပိုင်း ကျိုးသွားခဲ့ပြီး သူ့ကို မြက်ခင်းစိမ်းတွေနဲ့ ကွာဝေးစေခဲ့ကာ အဆုံးမှာတော့ အာဆင်နယ်က ထွက်ခွါခဲ့ရပါတယ်။ သူ အာဆင်နယ်က ထွက်ခွါချိန်မှာ အာဆင်နယ်အတွက် ၆၇ပွဲကစားခဲ့ပြီး ၂၁ဂိုးတော့ သွင်းယူပေးခဲ့သူပါ။

ပတ်ချူယောင်

ဒီနံပါတ် ၉အတွက်ကတော့ ဝေဖန်စရာတောင် မရှိပါဘူး။ ကစားခွင့်လည်း မယ်မယ်ရရ မရှိခဲ့သလို တိတ်တဆိတ်ပဲ ထွက်ခွါခဲ့ပြီး သူ့ရဲ့ ကျောနံပါတ် ၉ကို ပိုဒေါစကီးက ဆက်ခံခဲ့ပါတယ်။

လူးကပ်စ်ပိုဒေါစကီး

လူပုံက ခပ်ပြုံးပြုံးပေမယ့် ဘယ်ခြေ ခပ်ပြင်းပြင်းတွေနဲ့ ဂိုးသွင်းယူတတ်သူပါ။ ဒါပမယ့် အထောင်တိုက်စစ်မှာမကစားခဲ့ရဘဲ ဂျီရူးဒ်ရဲ့ ဘေးကနေ old school style ဘယ်တောင်ပံကစားသမားအနေနဲ့ပဲ ကစားခဲ့ရပါတယ်။ တချိန်က စိရိုနယ်ဒိုကို ကျော်ပြီး ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ သူဟာ အာဆင်နယ်မှာ ဘယ်တောင်ပံကစားသမားအဖြစ်နဲ့သာ အသုံးတော်ခံခဲ့ရပြီး မယ်မယ်ရရခြေစွမ်း မပြနိုင်ခဲ့သလို ဝင်းဂါးစိတ်ကြိုက်ကစားသမားလည်း မဖြစ်ခဲ့ပါဘူး။

လူးကပ်စ်ပီရက်ဇ်

ဒီပို့တီဗိုမှာ ခြေစွမ်းပြပြီး ဘာဆာ၊ ရီးရဲတို့ကို ဂိုးတွေ တဒိုင်းဒိုင်းသွင်းနေလို့ အာဆင်နယ်က ပေါင် ၁၇သန်းနဲ့ ခေါ်ယူခဲ့တာပါ။ ဒါပေမယ့် ကျောနံပါတ် ၉ ကျိန်စာကြောင့်ပဲဆိုရမလားတော့ မသိဘဲ ကစားသမားကဒါဏ်ရတွေနဲ့သာ လုံးပန်းနေခဲ့ရပါတယ်။ အာဆင်နယ်မှာ ၂၁ပွဲသာ ကစားခဲ့ရပြီး ၇ဂိုးသွင်း၊ ၅ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီကစားသမားတွေကတော့အာဆင်နယ်ရဲ့ ကျောနံပါတ် ၉  ကျိန်စာကို မိခဲ့သူများပဲဖြစ်ပါတယ်။

ဒါကြောင့် လာမယ့်နှစ်မှာရော ဘယ်ကစားသမားက ကျောနံပါတ်ကိုးနဲ့ ကျိန်စာဆက်မိနေမလဲ၊ ကျိန်စာကို ချေဖျက်ပြနိုင်မလဲက စောင့်ကြည့်ရပါမယ်။

Advertisement

Leave a Reply

%d bloggers like this: