ဇွန်လထဲမှာ မာကွင်ဟို့စ်ကို တရားဝင်ကြေငြာဖွယ်ရှိ
အာဆင်နယ်အသင်းဟာ ဆာအိုပေါ်လိုရဲ့ ကစားသမား မာကွင်ဟို့စ်ကို အပြောင်းအရွှေ့ရာသီ တရားဝင်ဖွင့်တဲ့ ဇွန်လ ၁၀ ရက်မှာပဲ အသင်းရဲ့ ကစားသမားအဖြစ် ကြေငြာသွားဖွယ်ရှိတယ်လို့ Globo Esporte သတင်းဌာနက ရေးသားလာခဲ့ပါတယ်။ အဆိုပါကစားသမားကို ဝုဗ်အသင်းလက်ထဲကနေ လုယူခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပေမယ့် ကစားသမားအေးဂျင့်ကတော့ ငြင်းပယ်ထားပါတယ်။ လူငယ်တောင်ပံလူအတွက် အာဆင်နယ်တို့ဟာ ပေါင် ၂.၅ သန်းသာပေးချေခဲ့ရပါတယ်။
ဘာလိုဂန်ကို လက်ရွေးစင်အသင်းကြီးနဲ့အတူလေ့ကျင့်စေတဲ့ ဆောက်ဂိတ်
အာဆင်နယ်အသင်းရဲ့ လူငယ်ကစားသမားလေး ဘာလိုဂန်ကို အဂ်လန်လက်ရွေးစင်အသင်းနည်းပြ ဂါရတ်သ်ဆောက်ဂိတ်က စီနီယာအသင်းကြီးနဲ့အတူလေ့ကျင့်စေခဲ့တယ်လို့ သိရပါတယ်။ ဘာလိုဂန်ဟာ အမေရိကန်လက်ရွေးစင်အသင်းကို ကိုယ်စားပြုမယ်ဆိုတဲ့ သတင်းတွေကိုလည်းလွန်ခဲ့တဲ့လတွေတုန်းက တွေ့ခဲ့ရပါသေးတယ်။ ဆောက်ဂိတ်ဟာ ဘာလိုဂန်နဲ့အတူ မော်ဂန် ဂစ်ဝှိုက် ၊ ဂျက်ကော့ရမ်ဆေး နဲံ တေလာစာဝုဒ်ဘီလစ်စ် တို့ကိုလည်း အတူတကွခေါ်ယူခဲ့တာဖြစ်ပါတယ်။
ရစ်ချာလီဆန်ကို ချဲလ်ဆီးလဲလိုက်နေ
ချဲလ်ဆီးအသင်းဟာ တော့တင်ဟမ် ၊ အာဆင်နယ်တို့နဲ့ပြိုင် အဲဗာတန်တိုက်စစ်မှုး ရစ်ချာလီဆန်ကို ကြိုးစားသွားဖို့ရှိနေကြောင်း Daily Mail သတင်းစာကဖော်ပြလာပါတယ်။ အဆိုပါဘရာဇီးတိုက်စစ်မှုးဟာ အသင်းကနေပြောင်းရွေ့တော့မှာဖြစ်ကြောင်းထုတ်ဖော်ပြောကြားထားသူလဲဖြစ်သလို ၊ စပိန်ဘီလူးကြီးရီးရဲရဲ့ စောင့်ကြည့်မှုကိုလဲ ခံနေရသူဖြစ်ပါတယ်။
ဆာကာကို မာနေးနေရာသဘောကျနေကြ
မာနေးထွက်ခွာသွားတဲ့ကွင်းလယ်တောင်ပံကို ဖြည့်တင်းဖို့အတွက် ဂျရတ်ဘိုဝင်နဲ့ ဆာကာကို သဘောကျကြောင်း လီဗာပူးလ်ကစားသမားဟောင်း အင်းနရစ်က ဖွင့်ဟပြောဆိုလာပါတယ်။
“ အသင်းမှာ ညာခြမ်းအတွက်လူလိုနေတာဗျ … ကျွန်တော်အထင် ဘိုဝင်နဲ့ ဆာကာ ဘယ်သူဖြစ်ဖြစ် အကောင်းဆုံးခေါ်ယူမှုဖြစ်လာမှာပါ၊ သူတို့နှစ်ယောက်လုံးက ချန်ပီယံလိဂ်မကစားထားရဘူးလေဗျာ .. ဒီတော့ လီဗာပူးလ်မှာဆိုရင် အခွင့်အရေးကောင်းတွေရှိနေမှာပါ “ လို့ပြောဆိုလာတာဖြစ်ပါတယ်။
တိုင်လီမန်းစ်အတွက် အာဆင်နယ်ထင်သလောက်လွယ်မှာမဟုတ်ကြောင်းလက်စတာအခြေစိုက်သတင်းဌာနဖော်ပြ
အာဆင်နယ်အသင်းနဲ့ ကျယ်ကျယ်လောင်လောင်သတင်းတွေထွက်နေပေမယ့် တိုင်လီမန်းစ်အတွက် ပြိုင်ဖက်တွေရှိလာမှာဖြစ်ကြောင်း LeicesterShire သတင်းဌာနက ဖော်ပြလာပါတယ်။ အဆိုပါ လက်စတာအခြေစိုက်သတင်းဌာကရဲ့အဆိုအရ တိုင်လီမန်စ်းအသင်းပြောင်းလိုတဲ့အကြောင်းက ချန်ပီယံလိဂ်မှာကစားလိုတာဖြစ်တဲ့အတွက် အာဆင်နယ်နဲ့ လက်စတာကြားမှာ ကွာဟမှုမရှိဘူးလို့ဆိုထားတာဖြစ်ပါတယ်။ နာမည်ကျော်သတင်းထောက် ရိုမာနိုကတော့ တိုင်လီမန်းစ်ကို အာဆင်နယ်ကြိုးစားနေကြောင်းအတည်ပြုထားပါတယ်။