ဒီနွေမှာ အာဆင်နယ် မဖြစ်မနေ ရောင်းချရမယ့် အငှားကစားသမား သုံးယောက်

လတ်တလောမှာ အပြောင်းအရွှေ့သတင်းတွေ၊ ကောလဟာလတွေဟာ ဆူဆူညံညံနဲ့ ဆက်တိုက် ထွက်ပေါ်နေခဲ့ပေမယ့် အခုထိတော့ အာဆင်နယ်ဂျာစီကိုင်ထားတဲ့ ကစားသမား သစ်ကို မမြင်ရသေးသလို အသင်းမှာရှိနေတဲ့ ကစားသမားတွေကိုလည်း အပြီးသတ် ရောင်းချထားနိုင်တာမျိုး မရှိသေးပါဘူး။ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာတော့ သတင်းထူးတွေ မြင်ရနိုင်ချေ ရှိပါတယ်။ 

ပြီးခဲ့တဲ့ နွေနဲ့ ဇန်နဝါရီမှာ အာဆင်နယ်ဟာ ကစားသမားအများအပြားကို အငှားချခဲ့တာ အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။ ဆလီဘာ၊ဂွမ်ဒိုဇီ၊ဘယ်လာရင်၊မစ်တလန်နိုင်းစ်၊ ပါဘလိုမာရီ၊တော်ရိုင်းယား၊ဘာလိုဂန်စတဲ့ ကစားသမားတွေကို အငှားချထားခဲ့ပြီး ဂွမ်ဒိုဇီကိုတော့ စာချုပ်မှာပါတဲ့ အပြီးသတ်၀ယ်ယူခွင့်ကြောင့် မာဆေးလ်ဆီလက်လွှတ်ခဲ့ရပြီးပါပြီ။ 

ဆလီဘာရဲ့အနာဂတ်ကတော့ လန်ဒန်ကို ပြန်လာမှာလား၊ ပြင်သစ်မှာပဲ ဆက်ရှိနေမှာလားဆိုတာ ရေရေရာရာ မသိရသေးပါဘူး။ ဘာလိုဂန်ကိုတော့ အသင်းကို ပြန်ခေါ်ဖို့များနေပါတယ်။ အာတီတာရဲ့ အသင်းအတွက် အနာဂတ်အစီအစဉ်တွေမှာ မပါ၀င်တော့တဲ့ ၊ ဒီနွေမှာ မဖြစ်မနေ ရောင်းချသွားရမယ့် ကစားသမားကတော့ သုံးယောက်ရှိပါတယ်။

သူတို့ကတော့ 

()ပါဘလိုမာရီ 

မာရီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အူဒီးနိစ်အသင်းဆီ အငှားထွက်ကစားခဲ့တာ ဖြစ်ပါတယ်။ဒါဟာ အာတီတာရဲ့ အသင်း လူစာရင်းကို ပိုပြီးကျစ်လစ်အောင် လုပ်ဆောင်ခဲ့တဲ့ အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ 

ဒုတိယရာသီ၀က်မှာ အသင်းရဲ့ ခံစစ်ဟာ ပုံစံကောင်းတွေပြသဖို့ ရုန်းကန်ခဲ့ရပါတယ်။ပထမရာသီ၀က်တုန်းကလို  clean sheetတွေ မရယူနိုင်တော့တဲ့ ခံစစ်ရဲ့ အဓိက ပြဿနာကတော့ နောက်တန်းဘယ်ညာ အစွန်တွေမှာ ကစားတဲ့ တီယာနေးလ်၊တိုမီယာဆုတို့ ဒဏ်ရာရပြီး နားတေခဲ့ရတာကြောင့် ဖြစ်ပါတယ်။ဒါကြောင့် မာရီကို အငှားမချခဲ့ရင်လည်း ဒီပြဿနာကို ဖြေရှင်းနိုင်ခဲ့မှာတော့ မဟုတ်ပါဘူး။ 

မာရီဟာ အရပ်အမောင်းရှည်လျားပြီး အမြင့်ဘောတွေကို ရှင်းထုတ်တဲ့နေရာမှာ ထူးချွန်တဲ့ နောက်ခံလူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့် သူရဲ့ လေးလံတဲ့ပုံစံကြောင့် မြန်နှုန်းမြင့်ကစားနိုင်တဲ့၊ အလိမ်အခေါက်ကျွမ်းကျင်တဲ့ ပြိုင်ဘက်တိုက်စစ်ကစားသမားတွေကို ထိန်းချုပ်တဲ့နေရာမှာတော့ အခက်အခဲရှိနေခဲ့ပါတယ်။ဘန်၀ှိုက်၊ဂါဘရီယယ်လ်တို့လို အာတီတာရဲ့ ကစားကွက်မှာ အံ၀င်နိုင်မယ့် ကစားသမားမျိုး မာရီဟာ မဖြစ်နိုင်ပါဘူး။ 

အူဒီးနစ်မှာတော့ မာရီဟာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဒီနွေမှာ အူဒီးနစ်က သူ့ကို အပြီးသတ်ခေါ်ယူသွားဖို့ များနေပါတယ်။ပါဘလိုမာရီဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်ပေမယ့် အမ်းမရိတ်မှာ နေရာတစ်နေရာရဖို့အတွက် ဂါဘရီယယ်၊ဘန်ဝှိုက်၊ဟိုးလ်ဒင်းတို့ကို ယှဉ်နိုင်လောက်အောင် လုံလုံလောက်လောက်မကောင်းသေးဘူးလို့ပဲ သုံးသပ်ရမှာပါ။ 

()မစ်တလန်နိုင်းစ် 

နေရာစုံမှာ ကစားနိုင်စွမ်းရှိတဲ့ နိုင်းစ်ဟာ ဒဏ်ရာပြဿနာတွေ များပြားလေ့ရှိတဲ့ အာဆင်နယ်အတွက် အမြဲ အသုံး၀င်ခဲ့ပါတယ်။ဒါပေမယ့် အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားလေး‌ကတော့ ဒီလိုမျိုး အသင်းအတွက် လိုတဲ့နေရာတွေမှာ ဆက်ပြီး ကစားလိုစိတ် မရှိတော့ပါဘူး။နိုင်းစ်က သူဟာ ကွင်းလယ်လူတစ်ဦးဖြစ်တာကြောင့် သူကစားချင်တဲ့နေရာမှာပဲ ပွဲထွက်ခွင့်မိနစ်တွေ လိုချင်တယ်လို့ ဆိုခဲ့ဖူးပါတယ်။ 

ပြီးခဲ့တဲ့ နှစ်တွေမှာ ရှာကာကို အသင်းမှာ ဆက်ထိန်းထားနိုင်ခဲ့ပြီး ပါတေး၊လိုကွန်တို့ကပါ အသင်းရဲ့ ကွင်းလယ်လူစာရင်းမှာ တိုးလာခဲ့တာကြောင့် နိုင်းစ်အတွက် ကွင်းလယ်မှာ ကစားခွင့်ရဖို့ အခွင့်အရေး မရှိခဲ့ပါဘူး။အခုဆို အယ်လ်နီနီကိုပါ အာဆင်နယ်ဟာ စာချုပ်သက်တမ်း ဆက်တိုးခဲ့တာကြောင့် နိုင်စ်အတွက်တော့ အမ်းမရိတ်အနာဂတ်ဟာ လုံး၀မရှိတော့ဘူးလို့ပဲ ဆိုရမှာပါ။လက်ရှိမှာလည်း အာဆင်နယ်ဟာ လက်စတာ ကွင်းလယ်လူ တိုင်လ်မန်းကို ခေါ်ယူဖို့ ကစားသမားရဲ့ အသင်းကို တရား၀င်ကမ်းလှမ်းထားပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီမှာ နိုင်းစ်ဟာ ရိုးမားမှာ အငှားထွက်ကစားခဲ့ပေမယ့် မော်ရင်ဟိုရဲ့ စိတ်ကြိုက်ကစားသမားမဖြစ်ခဲ့ပြန်ပါဘူး။ပထမဆုံးသုံးပွဲ အသင်းနဲ့ ပွဲထွက်ခွင့်ရပြီးတဲ့နောက် ပေါ်တူဂီသားကြီးဟာ နိုင်းစ်ကို အရန်ခုံမှာပဲ ထိုင်စေခဲ့ပါတယ်။ဒါ‌ ကြောင့် ရာသီကုန်ဆုံးပြီးချိန်မှာတော့ အီတလီမြေမှာ ရုန်းကန်ခဲ့ရတဲ့ နိုင်းစ်ဟာ အင်္ဂလန်ကိုပြန်လာပြီး အသင်းသစ်ရှာဖွေ‌ရတော့မှာ ဖြစ်ပါတယ်။ 

()ဘယ်လာရင် 

တစ်ချိန်က ငှက်မြန်လေး တစ်ကောင်ဖြစ်ခဲ့တဲ့ ကစားသမားဟာ အချိန်တိုလေးအတွင်းမှာ အသက်အရွယ်ရလာတဲ့၊ခြေစွမ်းကျသွားတဲ့ ကစားသမားတစ်ဦးအဖြစ် ပြောင်းလဲသွားတာဟာ စိတ်မကောင်းစရာပါပဲ။တစ်ချိန်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ညာနောက်ခံလူတွေထဲက တစ်ဦးလို့ ဆိုနိုင်တဲ့ စပိန်သားဟာ ပြီးခဲ့တဲ့ နွေမှာတော့ အာဆင်နယ်ကို တိုမီယာဆု ရောက်လာခဲ့ပြီးတဲ့နောက် စပိန်မြေကို အငှားထွက်ကစားခဲ့ပါတယ်။ 

ဘယ်လာရင်ဟာ ရီးရဲလ်ဘက်တစ်မှာတော့ ပျော်စရာ ကောင်းတဲ့ ရာသီတစ်ခုကို ရရှိခဲ့ပြီး လာလီဂါမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရာသီကုန်ဆုံးချိန်မှာတော့ ရီးရဲလ်ဘက်တစ်ဟာ ဘယ်လာရင်ကို အပြီးသတ်ခေါ်ယူဖို့ မတတ်နိုင်တာကြောင့် စပိန်မြေမှာ အခြေချလိုနေတဲ့ ဘယ်လာရင်အတွက် လန်ဒန်ကို ပြန်လာဖို့က လွဲဖို့ အခြားရွေးချယ်စရာ မရှိတော့ပါဘူး။

ဘယ်လာရင်ဟာ လက်ရှိ အာဆင်နယ်မှာ တိုမီယာဆုရဲ့ အရန်ကစားသမားဖြစ်တဲ့ စီဒရစ်ထက် အများကြီးပိုကောင်းတဲ့ ကစားသမားဖြစ်တယ်ဆိုတာတော့ သံသယ၀င်စရာ မရှိပါဘူး။ဒါပေမယ့် ဘယ်လာရင်ဟာ အသင်းရဲ့ အရန်ခုံပေါမှာပဲ ဖြတ်သန်းနေရင်း အချိန်ကုန်ချင်မယ့်သူ မဟုတ်တာကြောင့် သူ့ရဲ့ ဆန္ဒဖြစ်တဲ့ စပိန်မြေကို ပြန်နိုင်ဖို့၊သူနဲ့ ထိုက်တန်တဲ့ အသင်းတစ်သင်းကို ရှာတွေ့ဖို့ပဲ မျှော်လင့်ရတော့မှာ ဖြစ်ပါတယ်။

Thanks for reading our content.

Advertisement

Leave a Reply

%d bloggers like this: