ဇင်ချန်ကို ကိုခေါ်ယူဖို့ အာဆင်နယ် နီးစပ်နေပြီလား

အာဆင်နယ်ဟာ မန်စီးတီးအသင်းရဲ့ ကစားသမား ဇင်ချန်ကို ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။ အာတီတာဟာ မန်စီးတီးအသင်းမှာ လက်ထောက်နည်းပြအဖြစ် တာ၀န်ယူခဲ့စဉ်က ဇင်ချန်ကိုနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးပြီး အမ်းမရိတ်မှာ ဆရာတပည့်နှစ်ယောက် တဖန်ပြန်ပေါင်းထုပ်နိုင်ချေ ရှိနေပါတယ်။ 

ယူကရိန်းလက်ရွေးစင် ဇင်ချန်ကိုဟာ ကွင်းလယ်ဘယ်ခြမ်းမှာကော နောက်တန်း ဘယ်အစွန်မှာပါ ဆော့ကစားနိုင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်ခြေ ညာခြေ နှစ်ဖက်လုံးသန်သူ ဖြစ်တာကြောင့် နောက်တန်းညာအစွန်မှာပါ လိုအပ်ရင် ကစားနိုင်စွမ်းရှိသူဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တိုမီယာဆု၊ တီယာနေးတို့ ဒဏ်ရာရနေချိန်မှာ အစားထိုးဖို့ အားကိုးရလောက်တဲ့ ကစားသမားမရှိခဲ့တဲ့ အာဆင်နယ်အတွက်တော့ ဇင်ချန်ကို ကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ခဲတစ်လုံးတည်းနဲ့‌ ငှက်နှစ်ကောင်ပစ်နိုင်မှာဖြစ်ပါတယ်။ 

ဇင်ချန်ကိုဟာ အသင်းအတွက် လိုအပ်လာချိန်တိုင်း အကောင်းဆုံးပေးဆပ်ကစားနိုင်ဖို့ အသင့်ရှိနေတတ်သူ ဖြစ်ပါတယ်။ဂွာဒီယိုလာရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်ပေမယ့် ယူကရိန်းလက်ရွေးစင်ဟာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေခဲ့ရပါတယ်။ ဒါကြောင့် အီတီဟက်မှာ အချိန်ကာလတစ်ခုကြာ ဖြတ်သန်းခဲ့ပြီးနောက် သူ့ရဲ့ အနာဂတ်ဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ 

သူဟာ မန်စီးတီးကို စရောက်ခဲ့စဉ်ကတည်း တစ်ရာသီတည်းမှာ လိဂ်ပွဲ၂၀ ထက် ပိုကစားခွင့်မရခဲ့ပါဘူး။ပြီးခဲ့တဲ့ ရာသီမှာ ဇင်ချန်ကိုဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ပွဲသာ ကစားခွင့်ရခဲ့ပြီး အဲ့ဒီပွဲစဉ်တွေထဲမှာလည်း ၁၀ပွဲကိုသာ ပွဲအစကတည်းက ပါ၀င်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ 

ဇင်ချန်ကိုဟာ မန်စီးတီးနဲ့ ၂၀၂၄အထိ စာချုပ်သက်တမ်း ကျန်နေပါသေးတယ်။ဒါကြောင့် မန်စီးတီးအနေနဲ့ သူတို့ရဲ့ ကစားသမားအတွက် သင့်လျော်တဲ့ ကမ်းလှမ်းမှုတစ်ခုရကင် ရောင်းချသွားနိုင်ချေ ရှိပါတယ်။ 

မန်စီးတီးဟာ ဘရိုက်တန် အသင်းရဲ့ ဘယ်နောက်ခံလူ မာ့စ် ကျူကာရယ်လာကို ခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ဘရိုက်တန်နောက်ခံလူသာ မန်စီးတီးကို ရောက်လာခဲ့ရင် ဇင်ချန်ကိုရဲ့ မန်စီးတီးအနာဂတ်က  မရေရာ တော့တာကြောင့် ကစားသမားဟာလည်း ဒီနွေမှာ အသင်းသစ် ရှာဖွေလာဖို့ ရှိနေပါတယ်။ 

အာတီတာဟာ လာမယ့် ဘောလုံးရာသီအတွက် နေရာစုံကစားနိုင်မယ့် ကစားသမားတွေကို ရှာဖွေနေတာ ဖြစ်ပြီး ဘယ်ညာ ခြေနှစ်ဖက်လုံးသန်တဲ့ ၊နောက်တန်းအစွန်နဲ့ ကွင်းလယ်မှာ ကစားနိုင်တဲ့ အသက်၂၅နှစ်အရွယ်ဇင်ချန်ကိုဟာ စပိန်သားကြီးရဲ့ စိတ်ကြိုက်ကစားသမား ဖြစ်နိုင်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: